36
ထိုနောက် ယောသပ်သားတို့၏အဆက်အနွယ်များအနက် မနာရှေ့မြေး၊ မာခိရသား၊ ဓိလဒ်အဆက်အနွယ်တွင် အိမ်ထောင်များအအုပ်အချုပ်တို့သည် မောရှေမှစ၍ ဣသရေလအိမ်ထောင်များအအုပ်အချုပ်ဖြစ်သူ အကြီးအကဲတို့ထံချဉ်းကပ်လျက်၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့အား ပြည်နယ်ကိုအပိုင်အဖြစ် မဲချ၍ပေးဝေစေခြင်းငှါ အရှင်ဘုရားအား မိန့်မှာတော်မူခဲ့ပါပြီ။ အရှင်ဘုရားလည်း ကျွန်တော်တို့၏ဆွေမျိုးသားချင်းဖြစ်သူ ဇလောဖဒ်၏ပိုင်စုကို သူ့သမီးတို့အားပေးရန် အမိန့်တော်ကိုခံပါပြီ။ ထိုသမီးတို့သည် ဣသရေလအမျိုးသားတို့အနက် အခြားအနွယ်သားတို့နှင့်အိမ်ထောင်ဘက်ပြုလျှင်၊ ၎င်းတို့အမွေစုကို ကျွန်တော်တို့ဘိုးဘေးများ ပိုင်စုမှနုတ်ယူလျက် ဝင်သွားမည့်အနွယ်၏ ပိုင်စုတွင်ထပ်ဆင့်စေသဖြင့်၊ ကျွန်တော်တို့ပိုင်ရာဝေစု လျော့ပါလိမ့်မည်။ ဣသရေလအမျိုးသားတို့ မင်္ဂလာနှစ်တိုင်သော်၊ ၎င်းတို့အမွေစုကို ဝင်သွားမည့်အနွယ်ပိုင်စုတွင် ထပ်ဆင့်စေသည့်အတိုင်း ကျွန်တော်တို့ဘိုးဘေးများအနွယ်၏ ပိုင်စုလျော့မြဲလျော့လိမ့်မည်ဟု တောင်းလျှောက်ကြရာ၊ ထာဝရဘုရားအမိန့်တော်အတိုင်း ဣသရေလအမျိုးသားတို့အား မောရှေက၊ ယောသပ်အနွယ်သားတို့တောင်းလျှောက်သည်မှာ သင့်လျော်၏။ ဇလောဖဒ်၏သမီးတို့ကိုရည်လျက် ထာဝရဘုရားမိန့်မှာတော်မူချက်ကား သူတို့အဘ၏အနွယ်ချင်းသား၊ နှစ်သက်သူနှင့် အိမ်ထောင်ဘက်ပြုစေ။ သို့နှင့်အညီ တစ်နွယ်မှတစ်နွယ်သို့ ဣသရေလအမျိုးသားတို့ပိုင်စု မလွှဲမပြောင်းရ။ အသီးအသီးတို့သည် ဘိုးဘေးတို့အနွယ်ပိုင်စုကို လက်မလွှတ်ကြရာ၊ ဣသရေလအနွယ်တစ်နွယ်နွယ်၌ အမွေစုကိုဆက်ခံသော သမီးတိုင်းလည်း ဘိုးဘေးတို့ပိုင်စုကို ဣသရေလအမျိုးသားအသီးအသီးတို့ ပိုင်မြဲပိုင်စေခြင်းငှါ ကိုယ့်အနွယ်ချင်းနှင့်သာ အိမ်ထောင်ဘက်ပြုစေ။ သို့နှင့်အညီ တစ်နွယ်မှတစ်နွယ်သို့ ပိုင်စုမလွှဲမပြောင်းရ။ ဣသရေလအနွယ်အသီးအသီးတို့သည် ကိုယ့်ပိုင်စုကိုလက်မလွှတ်ကြရကြောင်း မိန့်တော်မူသည်ဟု ဆင့်ဆိုလေ၏။ 10-12 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဇလောဖဒ်၏သမီးမာလာ၊ တိရဇာ၊ ဟောဂလာ၊ မိလခါ၊ နောအာတို့သည်လိုက်နာ၍ ယောသပ်သားမနာရှေ၏အဆက်အနွယ်ဖြစ်သူ ဘကြီးဘထွေးတို့သားများနှင့် အိမ်ထောင်ဘက်ပြုကြသည်နှင့် ၎င်းတို့အမွေစုသည် အဘ၏အဆက်အနွယ်တွင် တည်မြဲတည်၏။
13 ယေရိခေါမြို့တစ်ဘက်၊ ယော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ ဣသရေလအမျိုးသားတို့အား မောရှေဖြင့် ထာဝရဘုရားမိန့်မှာတော်မူသော စီရင်ဆုံးဖြတ်ချက်များကား ထိုသို့တည်း။