27
ထိုနောက်ယောသပ်သား မနာရှေ့အဆက်အနွယ်များအနက် မနာရှေ့သားမာခိရ၊ ၎င်းသားဂိလဒ်၊ ၎င်းသားဟေဖာ၊ ၎င်းသားဇလောဖဒ်၏သမီး၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလခါ၊ တိရဇာတို့သည်၊ တွေ့ဆုံရာတဲတော်မုတ်ဝအနီး၊ မောရှေ၊ ပရောဟိတ်ဧလာဇာ၊ အကြီးအကဲတို့နှင့်ပရိသတ်အားလုံးရှေ့၊ ချဉ်းကပ်ရပ်နေကြလျက်၊ ကျွန်မတို့အဘသည် ထာဝရဘုရားကိုဆန့်ကျင်ဘက်စုရုံးသောကောရအပေါင်းအသင်း၌ မပါမဝင်သော်လည်း ကိုယ့်ပြစ်ဒဏ်ကိုခံလျက် သားယောက်ျားမရဘဲ သဲတောတွင်သေလွန်လေပြီ။ သားယောက်ျားမရှိသော်လည်း အဆက်အနွယ်မှ ကျွန်မတို့အဘအမည်ပပျောက်သည်မှာ အသို့ပါနည်း။ ဆွေမျိုးသားချင်းတို့အတွင်း ပိုင်စုပေးတော်မူပါဟူသော တောင်းလျှောက်ချက်ကို၊ ထာဝရဘုရားရှေ့ေတာ်သို့ မောရှေတင်သွင်းလျှင်၊ 6-7 ထာဝရဘုရားက၊ ဇလောဖဒ်သမီးတို့တောင်းလျှောက်သည်မှာ သင့်လျှော်၏။ ဆွေမျိုးသားချင်းတို့အတွင်း ပိုင်ခွင့်ကိုပေးလျက် အဘအမွေစုကိုဆက်ခံကြစေ။ ဣသရေလအမျိုးသားတို့အားလည်း သင်ဆင့်ဆိုရမည်မှာ တစ်ဦးတစ်ယောက်သည် သားယောက်ျားမရှိဘဲသေသော် သူ့အမွေစုကိုသမီးဆက်ခံစေ။ သမီးမရှိလျှင် ညီအစ်ကိုတို့ရကြစေ။ 10 ညီအစ်ကိုတို့မရှိက ဘကြီးဘထွေးတို့ရကြစေ။ 11 ဘကြီးဘထွေးမရှိက ဆွေမျိုးရင်းချာအပိုင်ရစေဟူ၍ ဆင့်ဆိုလော့။ ငါထာဝရဘုရားသည် သင့်အားမိန့်မှာသည့်အတိုင်း ဣသရေလအမျိုးသားတို့၌ ထုံးဖွဲ့ဆုံးဖြတ်ချက်ဖြစ်လိမ့်သတည်းဟု မိန့်တော်မူ၏။
12 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ ဤအာဗာရိမ်တောင်ပေါ်သို့တက်ပြီးလျှင် ဣသရေလအမျိုးသားတို့အား ငါပေးသနားသောပြည်ကို မြော်ကြည့်လော့။ 13-14 ဇိနတော၊ ကာဒေရှမြို့၊ မေရိဘရေအနီး၌ လူပရိသတ်ရန်ပြုကြရာ ၎င်းတို့ရှေ့ ငါ့အားသီးသန့်ထားရန် အမိန့်တော်ကိုဖီဆန်ကြသောကြောင့် အစ်ကိုအာရုန်နည်းတူ သင်လည်းေမျှာ်ကြည့်ပြီးမှ ဘိုးဘေးတို့ထံသွားရမည်ဟု မိန့်တော်မူလျှင်၊ 15-17 မောရှေက၊ လူအပေါင်းတို့၏ ဝိညာဉ့်ရှင်ထာဝရဘုရားသခင်သည် အထိန်းမဲ့သောသိုးအုပ်ကဲ့သို့ ပရိသတ်တော်မဖြစ်စေခြင်းငှါ ၎င်းတို့ရှေ့သွားလာ၍ ချီဝင်ခြင်း၊ ချီထွက်ခြင်း၊ ပြုနိုင်သောသူ့ကို ခန့်ထားတော်မူပါစေသောဟု တောင်းလျှောက်သော်၊ 18 ထာဝရဘုရားက၊ ဝိညာဉ်တော်တည်သောနုန့်သား ယောရှုကိုခေါ်၍ လက်တင်ပြီးလျှင်၊ 19 ပရောဟိတ်ဧလာဇာနှင့် ပရိသတ်အားလုံးမျက်မှောက်တွင် ရပ်စေလျက် ခန့်ထားပြီးနောက်၊ 20 ဣသရေလအမျိုးသားအပေါင်း ပရိသတ်လိုက်နာကြစေရန် သင့်အာဏာအချို့ကို လွှဲတင်လော့။ 21 ပရောဟိတ်ဧလာဇာသည် ကိုယ့်ရှေ့တွင်ရပ်နေသောယောရှုအဖို့ ထာဝရဘုရားမျက်မှောက်၊ ဥရိမ်ဖြင့်ဆုံးဖြတ်တော်မူချက်ကိုရှာဖွေသော် အမိန့်အတိုင်း ယောရှုနှင့်ဣသရေလအမျိုးသားအပေါင်း ပရိသတ်ပါ ချီထွက်ခြင်း၊ ချီဝင်ခြင်း၊ ပြုကြရမည်ဟုမိန့်တော်မူ၏။ 22-23 မောရှေသည် ဆင့်ဆိုရသောထာဝရဘုရားမိန့်မှာတော်မူချက်အရ လိုက်နာလျက် ယောရှုကိုခေါ်၍ ပရောဟိတ်ဧလာဇာနှင့် ပရိသတ်အားလုံးရှေ့ထားပြီးလျှင် လက်တင်လျက်ခန့်ထားလေ၏။