25
ဣသရေလလူမျိုးတို့သည် ရှိတ္တိမ်မြို့၌ စွဲရပ်သည့်ကာလ၊ မောဘအမျိုးသမီးတို့နှင့်မှားယွင်း၍ ၎င်းတို့ဘုရားပူဇော်ပွဲသို့ အဖိတ်ခံရသည့်အလျောက် စားသောက်လျက်ထိုဘုရားကိုရှိခိုးကြ၏။ ထိုသို့ ဗာလပေဂုရနတ်ကိုမှီဝဲကြသောကြောင့် ထာဝရဘုရားသည် ဣသရေလလူမျိုးအား အမျက်တော်ထားလျက်၊ အမျက်တော်အရှိန်ကို ဣသရေလလူမျိုးမှလွှဲစေရန် လူမျိုးတော်အအုပ်အချုပ်ရှိသမျှကိုခေါ်ပြီးလျှင် ငါထာဝရဘုရားရှေ့နေအလင်း၌ ကားတင်စေဟု မောရှေအားမိန့်တော်မူသည့်အတိုင်း၊ မောရှေက၊ သင်တို့အသီးအသီးအုပ်စုအနက် ဗာလပေဂုရနတ်၌မှီဝဲသူတို့ကို ကွပ်မျက်ကြလော့ဟု ဣသရေလတရားပိုင်မင်းတို့အား ဆင့်ဆိုလေ၏။
ထိုအခါ ဣသရေလအမျိုးသားတစ်ယောက်သည် တွေ့ဆုံရာတဲတော်မုတ်ဝအနီး ငိုကြွေးလျက်နေသော ဣသရေလအမျိုးသားအပေါင်းပရိသတ်နှင့် မောရှေ့မျက်မှောက်တွင်ပင် မိဒျန်အမျိုးမိန်းမကို ဆွေမျိုးသားချင်းတို့ထံ ခေါ်ဆောင်ခဲ့ရာ၊ ပရောဟိတ်အာရုန်မြေး၊ ဧလာဇာ့သားဖိနဟတ်သည်မြင်၍ လှံကိုင်လျက်လူပရိသတ်အလယ်မှထပြီးလျှင်၊ တဲအတွင်းသို့ သူ့ကိုလိုက်လံထိုးသတ်ရာ မိန်းမဝမ်းပါဖောက်သဖြင့် ဣသရေလအမျိုးသားတို့တွင် ကပ်ရောဂါငြိမ်းလေ၏။ ထိုကပ်ရောဂါနှင့်သေသောလူပေါင်းကား နှစ်သောင်းလေးထောင်တည်း။ 10-11 ထိုနောက်မောရှေအား ထာဝရဘုရားက ပရောဟိတ်အာရုန့်မြေး၊ ဧလာဇာ့သားဖိနဟတ်သည် ဣသရေလအမျိုးသားတို့အတွက် ငါမရှုဆိတ်သည့်နည်းတူ မရှုဆိတ်သဖြင့် ဣသရေလအမျိုးသားတို့ကို ငါမရှုဆိတ်သောသဘောနှင့် မကုန်ခန်းစေခြင်းငှါ အမျက်တော်ကိုလှဲလေပြီ။ 12-13 သို့နှင့်အညီ ကိုယ့်ဘုရားသခင်အတွက် မရှုစိတ်လျက် ဣသရေလအမျိုးသားတို့အပြစ်အဖို့ ဖြေခြင်းကိုပြုသောကြောင့် ထိုသူနှင့်သားစဉ်မြေးဆက်တို့အား ပရောဟိတ်ရာထူးဆိုင်ရာမဟာမိတ်ပဋိညာဉ်ကို ငါအမြဲဖွဲ့ကြောင်းဆင့်ဆိုလော့ဟု မိန့်တော်မူ၏။ 14 မိဒျန်အမျိုးမိန်းမနှင့်တကွ သေဒဏ်ခံသောဣသရေလလူ၏အမည်ကား၊ ရှိမောင့်အနွယ်တွင် တစ်အိမ်ထောင်အကြီးအကဲ၊ သာလုသားဇိမရိတည်း။ 15 သေဒဏ်ခံသောမိဒျန်အမျိုးမိန်းမအမည်ကား၊ မိဒျန်အမျိုးတွင် တစ်အိမ်ထောင်သားတို့အအုပ်အချုပ်၊ ဇုရသမီးကောဇဘိတည်း။ 16-18 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ မိဒျန်လူမျိုးသည် ပေဂုရနတ်အမှုအရေး၌လည်းကောင်း၊ ပေဂုရအမှုအရေးကြောင့် ကပ်ရောဂါသင့်သောနေ့တွင် အမျိုးသားချင်းဖြစ်သူ၊ သေဒဏ်ခံရသောမိဒျန်အကြီးအကဲ၏သမီး ကောဇဘိအမှုအရေး၌လည်းကောင်း လှည့်စား၍ရန်မူသည့်အတွက် ရန်တုံ့ပြန်လျက်လုပ်ကြံလော့ဟု မိန့်တော်မူ၏။