22
ဣသရေလအမျိုးသားတို့သည်ချီပြန်၍ ယေရိခေါမြို့တစ်ဘက်၊ ယော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ စွဲရပ်ကြ၏။
ထိုအခါ အာမောရိပြည်သူပြည်သားတို့အား ဣသရေလလူမျိုးတို့ပြုသမျှကို ဇိဖော့်သားဗာလက်မင်းသိမြင်၍၊ မောဘလူမျိုးတို့သည် ဣသရေလအမျိုးသားတို့မြောက်များသည့်အတွက် ကြောက်လန့်ရွံရှာလျက်၊ မိဒျန်အမျိုးလူကြီးတို့အား၊ ယခုမှာဤအလုံးအရင်းသည် ကွင်းပြင်ရှိမြက်ပင်ကို နွားဟပ်စားသကဲ့သို့ ငါတို့ပတ်ဝန်းကျင်ရှိသမျှကို ဟပ်စားတော့မည်ဟုဆိုကြ၏။ ထိုကာလဇိဖော့်သား၊ မောဘပြည်၌အုပ်စိုးသော ဗာလက်မင်းသည်၊ မြစ်ကြီးအနား၊ လူမျိုးသားချင်းတို့ပြည်၊ ပေသော်မြို့နေ၊ ဗောရသားဗာလမ်ကိုခေါ်ပင့်ခြင်းငှါ ရာဇသံများကိုစေလွှတ်၍ အိဂျစ်ပြည်မှရောက်လာသောလူတစ်မျိုးသည် ကျွန်ုပ်နှင့်ရင်ဆိုင်စွဲရပ်လျက် မြေမျက်နှာပြင်ကိုလွှမ်းမိုးကြပြီတကား။ ကျွန်ုပ်ထက်ခွန်အားကြီးသောဤလူမျိုးကို ကြွလာ၍အမင်္ဂလာပေးပါလော့။ ကျွန်ုပ်တို့သည်လုပ်ကြံလျက် ဤပြည်မှ နှင်ထုတ်နိုင်ကောင်းနိုင်လိမ့်မည်။ ကိုယ်တော်မင်္ဂလာပေးသောသူသည် မင်္ဂလာရှိသည်ကိုလည်းကောင်း၊ အမင်္ဂလာပေးသောသူသည် အမင်္ဂလာရှိသည်ကိုလည်းကောင်း ကျွန်ုပ်သိပါ၏ဟု ကြားစေသည့်အတိုင်း၊ မောဘအမျိုး၊ မိဒျန်အမျိုးလူကြီးတို့သည် ယတြာကန်တော့ပွဲပါလျက် ဗာလမ့်ထံသွားရောက်ရာ ဗာလက်မင်းအမှာတော်စကားကို ပြန်ကြားလျှင်၊ ဗာလမ်က၊ ယနေ့ညဉ့် ဤတွင်တည်းခိုကြပါဦး။ ထာဝရဘုရားပေးတော်မူသောဗျာဒိတ်ကို ငါဆင့်ဆိုမည်ဟုဆိုသည့်အတိုင်း မောဘမှူးမတ်တို့တည်းနေကြ၏။ ဘုရားသခင်ကြွလာ၍ ဗာလမ်အား သင့်ထံရှိသောဤသူတို့ကား၊ မည်သူများနည်းဟုမေးတော်မူလျှင်၊ 10 ဗာလမ်က၊ အကျွန်ုပ်ထံဇိဖော့်သား၊ မောဘဘုရင် ဗာလက်မင်းစေလွှတ်၍၊ 11 အိဂျစ်ပြည်မှရောက်လာသောလူမျိုးသည် မြေမျက်နှာပြင်ကိုလွှမ်းမိုးကြပြီတကား။ လာ၍အမင်္ဂလာပေးလော့။ ကျွန်ုပ်စစ်တိုက်လျက် နှင်ထုတ်နိုင်ကောင်းနိုင်လိမ့်မည်ဟုကြားစေကြောင်း လျှောက်ဆိုသော်၊ 12 ဘုရားသခင်က မင်္ဂလာရှိသောထိုလူမျိုးကိုလိုက်သွား၍ အမင်္ဂလာမပေးရဟုမိန့်တော်မူသည့်အတိုင်း နံနက်အချိန်၌ ဗာလမ်ထပြီးလျှင်၊ 13 ဗာလက်မင်း၏မှူးမတ်တို့အား သင်တို့ပြည်သို့ပြန်ကြလော့။ ထာဝရဘုရားသည် ငါ့အားလိုက်သွားခွင့်ပြုတော်မမူဟုဆိုလျှင်၊ 14 မောဘမှူးမတ်တို့ထသွား၍ ဗာလက်မင်းထံရောက်သော် ဗာလမ်သည် လိုက်လာရန်ငြင်းဆိုပါသည်ဟု တင်လျှောက်ကြ၏။ 15 ဗာလက်မင်းသည် အရင်ထက်များပြားလျက်အသရေကြီးသော မှူးမတ်တို့ကိုလွှတ်ပြန်၍၊ 16 ဗာလမ့်ထံရောက်ကြသော် ကန့်ကွက်ခြင်းမပြုဘဲ ဆက်ဆက်ကြွလာပါ။ ကျွန်ုပ်သည်ဂုဏ်ထူးကိုတင်လျက် ကိုယ်တော်မိန့်ဆိုသမျှကိုလိုက်နာပါမည်။ ကြွလာ၍ဤလူမျိုးကို အမင်္ဂလာပေးပါလော့ဟု ဇိဖော့်သားဗာလက်မင်းမိန့်မှာတော်မူကြောင်းကို ပြန်ကြားကြလျှင်၊ 17-18 ဗာလမ်က၊ ဗာလက်မင်းသည် ရွှေငွေများကိုနန်းတော်နှင့်အပြည့်ပေးသော်လည်း ငါ၏ဘုရားသခင် ထာဝရဘုရားဗျာဒိတ်တော်ကိုလွန်ကျူး၍ မည်သည့်အမှုကြီးငယ်ကိုမျှ ငါမပြုဝံ့။ 19 သို့ဖြစ်၍ ထာဝရဘုရားမည်သို့ထပ်မံမိန့်တော်မူမည်ကို ငါသိရန် သင်တို့လည်း ယနေ့ညဉ့်ဤတွင်တည်းနေကြပါဦးဟု ဗာလက်မင်းကျေးကျွန်သင်းပင်းတို့အား ဆိုလေ၏။ 20 ညဉ့်အခါ၌ ဘုရားသခင်ကြွလာ၍ဗာလမ်အား သင့်ကိုခေါ်ခြင်းငှါ ထိုသူတို့လာသည်ဖြစ်လျှင် ထ၍လိုက်သွားလော့။ သို့ရာတွင် ငါမိန့်မှာသည့်အတိုင်းသာပြုရမည်ဟု မိန့်တော်မူ၏။ 21 နံနက်အချိန်ဗာလမ်ထပြီးလျှင် မြည်းမကိုကတင်လျက် မောဘမှူးမတ်တို့နှင့်အတူ လိုက်သွားလေ၏။ 22 ထိုသို့လိုက်သွားမှုကြောင့် ဘုရားသခင်သည်အမျက်တော်ထား၍ ငယ်သားနှစ်ယောက်တို့နှင့်တကွ မြည်းစီးသွားသောဗာလမ်ကိုဆီးတားရန် လမ်းတွင် ထာဝရဘုရား၏စေတမန်တော်ရပ်နေ၏။ 23 ဓားလွတ်ကိုင်လျက် လမ်း၌ရပ်နေသော ထာဝရဘုရား၏စေတမန်တော်ကို မြည်းမြင်လျှင် လမ်းဖဲ့၍လွင်ပြင်သို့သွားသည့်အတွက် ပြန်လှည့်စေရန်ဗာလမ်ရိုက်နှက်လေ၏။ 24 ထိုနောက် ထာဝရဘုရား၏စေတမန်တော်သည် စပျစ်ခြံစပ်၊ စည်းရိုးနှစ်ဘက်ရှိသောလမ်းကြားတွင် ရပ်နေသည်ကိုမြည်းမြင်သော်၊ 25 စည်းရိုးကိုတိုး၍ ဗာလမ့်ခြေကိုညှပ်မိသည့်အတွက် ဗာလမ်ရိုက်ပြန်လေ၏။ 26 တစ်ဖန်ထာဝရဘုရား၏ စေတမန်တော်သည်သွားပြန်၍ ဝဲယာမလှည့်သာသောလမ်းကျဉ်းတွင် ရပ်နေသည်ကိုမြည်းမြင်သော်၊ 27 ဝပ်သည့်အတွက် ဗာလမ်မျက်မန်ထ၍ တောင်ဝေးဖြင့်ရိုက်နှက်လေ၏။ 28 ထာဝရဘုရားသည် မြည်း၏နှုတ်ကိုဖွင့်တော်မူသဖြင့် အကျွန်ုပ်ကိုသုံးကြိမ်မြောက်ရိုက်နှက်စေရန်၊ 29 မည်သို့ပြုဘိသနည်းဟု မြည်းမေးသော် ဗာလမ်က၊ ငါ့ကိုသင်ပြောင်လှောင်လေစွ။ ငါ့လက်ဝယ်ထားရှိက သတ်လေပြီဟုဆိုလျှင်၊ 30 မြည်းက၊ အကျွန်ုပ်သည် တစ်သက်ပတ်လုံးယနေ့တိုင်အောင် ကိုယ်တော်စီးသောမြည်းမဟုတ်ပါလော။ ထိုသို့ပြုလေ့ရှိဖူးပါသလောဟု ဗာလမ်အားမေးသော် မရှိဟုဝန်ခံပြီးနောက်၊ 31 ထာဝရဘုရားသည် ဗာလမ့်စက္ခုကိုဖွင့်တော်မူ၍ ဓားလွတ်ကိုင်လျက်လမ်း၌ရပ်နေသော ထာဝရဘုရား၏စေတမန်တော်ကို ဗာလမ်မြင်သဖြင့် ဦးညွတ်ပျပ်ဝပ်လေ၏။ 32 ထာဝရဘုရား၏စေတမန်တော်ကလည်း၊ မြည်းကိုသုံးကြိမ်မြောက်အဘယ်ကြောင့်ရိုက်နှက်သနည်း။ ရုတ်ခြင်းသွားသည်ကိုမြင်၍ ဆီးတားရန်ငါကြွလာပြီ။ 33 မြည်းသည် ငါ့ကိုမြင်သဖြင့် သုံးကြိမ်တိုင်လွှဲရှောင်ခဲ့ပြီ။ ထိုသို့မရှောင်ခဲ့လျှင် ငါသည်သင့်ကိုကွပ်မျက်၍ မြည်းအားအသက်ချမ်းသာပေးလေပြီဟု မိန့်ဆိုတော်မူသော်၊ 34 ဗာလမ်က၊ အကျွန်ုပ်ပြစ်မှားမိပါပြီ။ ဆီးဆို့ရန် လမ်းတွင်ရပ်နေတော်မူသည်ကိုမသိပါ။ ယခုမှာသွားစေတော်မမူလိုလျှင် ပြန်သွားပါမည်ဟု လျှောက်ဆိုသည့်ကာလ၊ 35 ထာဝရဘုရား၏စေတမန်တော်က၊ သူတို့နှင့်အတူလိုက်သွားလော့။ သို့ရာတွင် ငါပေးမည့်ဗျာဒိတ်ချက်ကိုသာ ဆင့်ဆိုရမည်ဟု ခွင့်ပြုတော်မူသည့်အတိုင်း ဗာလက်မင်း၏မှူးမတ်တို့နှင့်အတူ ဗာလမ်လိုက်သွားလေ၏။ 36 ဗာလက်မင်းသည် ဗာလမ်လိုက်လာကြောင်းကြားသိသော် အာနုန်ချောင်းအနီး၊ မောဘပြည်နယ်စွန်းရှိ အာရမြို့သို့ခရီးဦးကြိုထွက်ပြီးလျှင်၊ 37 ကိုယ်တော်ကိုခေါ်ပင့်ရန် ကျွန်ုပ်စေလွှတ်ခဲ့သည်မဟုတ်ပါလော။ မကြွလာခြင်းကား အသို့နည်း။ ကျွန်ုပ်သည် ဂုဏ်မတင်နိုင်ပါသလောဟုမေးရာ၊ 38 ဗာလမ်က၊ ယခုရောက်လာပြီဖြစ်သော်လည်း ကိုယ်တိုင်တစ်စုံတစ်ရာပြောနိုင်ခွင့်ရှိသလော။ ကျွန်ုပ်နှုတ်တွင် ဘုရားသခင်ထည့်သွင်းတော်မူသော ဗျာဒိတ်ကိုသာ ဆင့်ဆိုပါမည်ဟုဆိုလျက်၊ 39 ဗာလက်မင်းနှင့်အတူလိုက်၍ ကိရယဿုဇုတ်မြို့သို့ရောက်ကြရာ၊ 40 ဗာလက်မင်းသည် နွား၊ သိုးများကိုပူဇော်ပြီးလျှင် ဗာလမ်နှင့်မှူးမတ်တို့အား ပေးပို့လေ၏။
41 နံနက်အချိန်၌ ဗာလက်မင်းသည် ဗာလမ်ကိုဗာမုတ်ဗာလကုန်းသို့ခေါ်ဆောင်သဖြင့် ဣသရေလလူမျိုး၏တပ်စွန်တပ်ဖျားကိုပြသော်၊