18
အာရုန်အား ထာဝရဘုရားမိန့်တော်မူသည်ကား သင်မှစ၍သားစဉ်မြေးဆက်၊ အမျိုးအနွယ်တို့ပါ သန့်ရှင်းရာဌာနဆိုင်ရာ ဒုစရိုက်ဝန်ကိုထမ်းကြရမည်။ ပရောဟိတ်ရာထူးဆိုင်ရာဒုစရိုက်ဝန်ကိုကား သင်နှင့်သားစဉ်မြေးဆက်တို့သာ ထမ်းကြရမည်။ သက်သေတော်ရှိတဲတော်ရှေ့ ခစားရသောသင်နှင့်သားစဉ်မြေးဆက်တို့အား ဆည်းကပ်ဆောင်ရွက်ကြစေရန် ထိုအမျိုးအနွယ်ဖြစ်သော သင့်ဆွေမျိုးသားချင်း လေဝိအနွယ်တို့ကိုချဉ်းကပ်ခွင့်ပေးလျက်၊ သင့်ဝေယျာဝစ္စနှင့် တဲတော်ဝေယျာဝစ္စကိုဆောင်ရွက်ကြရာ သင်တို့နှင့်တကွ သေဘေးကင်းလွတ်ရန် သန့်ရှင်းရာဌာနအသုံးအဆောင်များသို့လည်းကောင်း၊ ပူဇော်ရာပလ္လင်တော်သို့လည်းကောင်း မချဉ်းကြရ။ ထိုသူတို့သည် သင့်ထံဆည်းကပ်လျက် တွေ့ဆုံရာတဲတော်ဝေယျာဝစ္စ၊ ဝတ်ကြီးဝတ်ငယ်ရှိသမျှကို ဆောင်ရွက်ကြစေ။ မဆိုင်သူကား သင်တို့ထံမချဉ်းရ။ နောက်တစ်ဖန် ဣသရေလအမျိုးသားတို့အပေါ်သို့ အမျက်တော်မသင့်စေခြင်းငှါ၊ သန့်ရှင်းရာဌာနနှင့် ပူဇော်ရာပလ္လင်တော်ဝေယျာဝစ္စကို သင်တို့ဆောင်ရွက်ကြရမည်။ ငါသည် သင်တို့ဆွေမျိုးသားချင်းလေဝိအနွယ်တို့ကို ဣသရေလအမျိုးသားတို့အနက် ရွေးကောက်သည့်အတိုင်း တွေ့ဆုံရာတဲတော်ဝတ်ကြီးဝတ်ငယ် ကိုဆောင်ရွက်ကြစေခြင်းငှါ ငါထာဝရဘုရားထံအလှူဝတ္ထုအဖြစ် သင်တို့အားအပ်နှင်းလေပြီ။ သင်နှင့်သားစဉ်မြေးဆက်တို့ကား ပူဇော်ရာပလ္လင်တော်ဝတ်၊ ကန့်လန့်ကာအတွင်းဝတ်ကို ပရောဟိတ်တာဝန်အတိုင်း ဆောင်ရွက်ကြရမည်။ ပရောဟိတ်ရာထူးကို သင်တို့အားငါပေးသနားပြီးဖြစ်၍ မဆိုင်သူချဉ်းကပ်မိသော် သေဒဏ်ခံစေဟုမိန့်တော်မူ၏။
တစ်ဖန်အာရုန်အား ထာဝရဘုရားမိန့်တော်မူသည်ကား ငါ့အားဣသရေလအမျိုးသားတို့ မြှောက်ဆက်သောသီးသန့်ရာများအနက် သိုထားသမျှကို သင်နှင့်သားစဉ်မြေးဆက်တို့အား အမြဲထုံးဖွဲ့ချက်ဆွမ်းပိုင်စုအဖြစ် ငါအပ်နှင်းပြီ။ မီးမပူဇော်ဘဲ ချန်ထားသောအထူးသီးသန့်များအနက် သင့်ပိုင်စုကား ငါ့ထံဆက်သွင်းသောအလှူဒါနတည်းဟူသော ဘောဇဉ်သက္ကာ၊ အပြစ်ဖြေရာသက္ကာ၊ ပြစ်ဒဏ်ပြေရာသက္ကာဟူသမျှတည်း။ သင်နှင့်သားစဉ်​မြေးဆက်တို့အဖို့ အထူးသီးသန့်လိမ့်မည်။ 10 သင့်အဖို့သီးသန့်သည်နှင့်အညီ အထူးသန့်ရှင်းရာအရပ်၌ စားရမည်။ ယောက်ျားတိုင်းစားခွင့်ရှိ၏။ 11 ထိုမှတစ်ပါး ဣသရေလအမျိုးသားတို့ မြှောက်ဆက်ရာအလှူဝတ္ထုမှစ၍ ဦးတိုက်ရာအလှူဟူသမျှသည် သင့်ပိုင်စုဖြစ်၏။ သင်နှင့်တကွသားသမီးတို့အား အမြဲထုံးဖွဲ့ချက်ဆွမ်းအဖြစ်ငါပေးပြီးဖြစ်၍ သင့်အိမ်ထောင်၌သန့်သူတိုင်းစားခွင့်ရှိ၏။ 12 စပါး၊ စပျစ်ရည်၊ ဆီအထူးအမြတ်မှစ၍ ငါထာဝရဘုရားထံလှူသော လက်ဦးလက်ဖျားများကို သင့်အားငါအပ်နှင်းပြီ။ 13 တစ်ပြည်လုံးတွင် ငါထာဝရဘုရားထံဆက်သွင်းသော အဦးမှည့်အသီးအနှံများသည် သင့်ပိုင်ရာဖြစ်သဖြင့် အိမ်ထောင်၌သန့်သူတိုင်းစားခွင့်ရှိ၏။ 14 ဣသရေလပြည်ရှိ သဃင်္ိကဝတ္ထုတိုင်း သင့်ပိုင်ရာဖြစ်၏။ 15 ငါထာဝရဘုရားထံဆက်အပ်ရာများအနက် အဦးဖွားသောလူသူတိရစ္ဆာန်တိုင်း သင့်ပိုင်ရာဖြစ်၏။ သို့ရာတွင် လူတို့သားဦး၊ မသန့်သောတိရစ္ဆာန်တို့သားဦးများကို ရွေးနုတ်ရမည်။ 16 ရွေးနုတ်ရန်အဖိုးမှာ အသက်တစ်လပြည့်သော် သင်ဖြတ်ဆိုချက်အရ ပဲနှစ်ဆယ်ကျကျပ်ချိန်တော်အလိုက် ငွေငါးကျပ်နှင့်ရွေးနုတ်ရမည်။ 17 နွား၊ သိုး၊ ဆိတ်တို့အနက် သားဦးများကိုသန့်ရှင်းသည်နှင့်အညီ မရွေးမနုတ်ရ။ ပူဇော်ရာပလ္လင်တော်၌ အသွေးကိုသွန်းပက်ခြင်း၊ စိတ်တော်ပြေဖွယ်ရနံ့၊ မီးပူဇော်ရာအဖြစ် ထာဝရဘုရားထံဆီဥကိုဆက်ကပ်ခြင်းပြုရာတွင်၊ 18 ဦးတိုက်ရာရင်ထူးနှင့် လက်ျာပေါင်များနည်းတူ ၎င်းအသားလည်းသင့်ပိုင်ရာဖြစ်၏။ 19 ငါထာဝရဘုရားထံ ဣသရေလအမျိုးသားတို့ မြှောက်ဆက်ကြသောသီးသန့်ရာအလှူများကို သင်နှင့်သားသမီးတို့အား အမြဲထုံးဖွဲ့ချက်ဆွမ်းအဖြစ်ငါအပ်ပြီးဖြစ်၍ ငါထာဝရဘုရားရှေ့သစ္စာတော်အားဖြင့် သင်မှစသောအဆက်အနွယ်တို့နှင့် ဖွဲ့သောပဋိညာဉ်ဖြစ်သည်ဟု မိန့်တော်မူ၏။
20 တစ်ဖန်အာရုန်အား ထာဝရဘုရားက၊ သူတို့နေပြည်တွင်အမွေကိုလည်းကောင်း၊ သူတို့ဘောင်တွင် ဝေပုံစုကိုလည်းကောင်း သင်ရမည်မဟုတ်။ ဣသရေလအမျိုးသားတို့၌ သင့်ဝေပုံစုနှင့်အမွေကား ငါပင်တည်း။ 21 လေဝိအနွယ်သားတို့အားလည်း တွေ့ဆုံရာတဲတော်ဝတ်ကိုပြု၍ ဆောင်ရွက်ကြသည့်အတွက် ဣသရေလပြည်ထွက်ဆယ်ဖို့တစ်ဖို့ကို အမွေအဖြစ်ငါအပ်ပေးသည့်​အလျောက်၊ 22 ဣသရေလအမျိုးသားတို့သည် အပြစ်ဝန်ကိုထမ်း၍သေဘေးနှင့်မတွေ့ရန် တွေ့ဆုံရာတဲတော်သို့နောက်တစ်ဖန်မချဉ်းကပ်ဘဲ၊ 23 လေဝိအနွယ်သားတို့သာ တွေ့ဆုံရာတဲတော်ဝတ်ကိုပြု၍ ကိုယ့်ဒုစရိုက်ဝန်ကိုထမ်းကြရမည်။ သင်တို့အမျိုးအစဉ်အဆက်အမြဲထုံးဖွဲ့ချက်အတိုင်း ဣသရေလအမျိုးသားတို့၌ အမွေမရှိကြရာ။ 24 ငါထာဝရဘုရားထံ ဣသရေလအမျိုးသားတို့မြှောက်ဆက်လှူဒါန်းရသော ဆယ်ဖို့တစ်ဖို့ကို လေဝိအနွယ်သားတို့အား အမွေအဖြစ်ငါအပ်ပြီးဖြစ်သောကြောင့် ဣသရေလအမျိုးသားတို့၌ အမွေမရှိကြောင်း ငါစီရင်ပြီဟုမိန့်တော်မူ၏။
25-26 တစ်ဖန်မောရှေအား ထာဝရဘုရားက လေဝိအနွယ်သားတို့အား ဆင့်ဆိုရမည်မှာ သင်တို့အမွေအဖြစ်ငါအပ်ခဲ့သော ဆယ်ဖို့တစ်ဖို့ကို ဣသရေလအမျိုးသားတို့မှ ခံယူကြသည့်ကာလ၊ ၎င်းအနက်ဆယ်ဖို့တစ်ဖို့ကို ငါထာဝရဘုရားထံမြှောက်ဆက်လှူဒါန်းကြဦးလော့။ 27 ထိုအလှူကို ကောက်နယ်တလင်းစပါး၊ ဖိနင်းရာကျင်းစပျစ်ရည်အလှူများနည်းတူ မှတ်ယူမည်။ 28 ထိုသို့သင်တို့လည်း ဣသရေလအမျိုးသားတို့မှခံယူကြသော ဆယ်ဖို့တစ်ဖို့အနက် ငါထာဝရဘုရားထံအလှူအဖြစ် မြှောက်ဆက်လှူဒါန်းသောဝတ္ထုကို ပရောဟိတ်အာရုန်အား လွှဲအပ်ကြရမည်။ 29 သင်တို့ခံရသမျှအနက် သီးသန့်ထားအပ်သောအထူးအမြတ်ကို ငါထာဝရဘုရားထံအလှူအဖြစ် မြှောက်ဆက်ကြရမည်။ 30 ထိုသို့အထူးအမြတ်ကို မြှောက်ဆက်ကြသော် ကောက်နယ်တလင်းထွက်စပါး၊ ဖိနင်းရာ ကျင်းထွက်စပျစ်ရည်အလှူနည်းတူ လေဝိအနွယ်သားတို့အဖို့မှတ်ယူမည်။ 31-32 အထူးအမြတ်ကိုမြှောက်ဆက်ပြီးလျှင် တွေ့ဆုံရာတဲတော်နှင့်စပ်လျဉ်းသော ဝတ်အစဖြစ်သည်နှင့်အညီ အပြစ်ဝန်မထမ်း၊ ဣသရေလအမျိုးသားတို့သီးသန့်ရာများကို မညှိုးမပုပ်စေဘဲ သေဘေးနှင့်ကင်းလွတ်ကြလျက် အိမ်သူအိမ်သားများနှင့်တကွ မည်သည့်အရပ်၌မဆိုစားခွင့်ရှိကြောင်း ဆင့်ဆိုလော့ဟုမိန့်တော်မူ၏။