16
ထိုနောက် လေဝိမြစ်၊ ကောဟတ်မြေး၊ ဣဇဟာ့သားကောရသည် ရုဗင့်အနွယ်၊ ဧလျာဘသား ဒါသန်နှင့်အဘိရံ၊ ပေလက်သားသြနတို့ပါ လူတို့ကိုခေါ်ပြီးလျှင်၊ ဣသရေလအမျိုးသားအသရေရှိသူ လူပရိသတ်တိုင်ပင်ဘက်အကြီးအကဲနှစ်ရာ့ငါးဆယ်တို့နှင့်တကွ မောရှေတစ်ဘက်၌ထကြွလျက်၊ 3-4 မောရှေ၊ အာရုန်တို့ကို ဆန့်ကျင်ဘက်စုရုံးကြရာတော်လှ​ပေ၏။ လူပရိသတ်အားလုံးသည် သန့်ရှင်း၏။ ထာဝရဘုရားလည်း သူတို့အလယ်တွင်ရှိတော်မူ၏။ ထာဝရဘုရား၏ပရိသတ်အပေါ်တွင် ကိုယ်ကိုဂုဏ်တင်ကြသည်မှာ အဘယ်ကြောင့်နည်းဟူသောစကားကို မောရှေကြားလျှင် ပျပ်ဝပ်လေ၏။ ထိုနောက် ကောရနှင့်အပေါင်းအသင်းတို့အား မောရှေက၊ နက်ဖြန်နံနက်၌ထာဝရဘုရားသည် ပိုင်ရာတော်ဖြစ်သူတို့ကိုဖော်ပြလျက် ရွေးချယ်တော်မူ၍ သန့်ရှင်းသူ့ကို အထံတော်သို့ချဉ်းကပ်ခွင့် ပေးတော်မူလိမ့်မည်။ 6-7 သင်ကောရနှင့်အပေါင်းအသင်းတို့ပါ နက်ဖြန်နေ့၌မီးကျီးခံများကိုယူလျက် ထာဝရဘုရားရှေ့ မီးနှင့်နံ့သာပေါင်းကိုထည့်ခဲ့ကြလော့။ သို့ပြုလျှင် ထာဝရဘုရားရွေးချယ်တော်မူအံ့သောလူသည် သန့်ရှင်းသူမှန်လိမ့်မည်။ အိုလေဝိအနွယ်သားတို့ တော်လှပေသည်ဟုဆို၏။ ကောရအားလည်း မောရှေက၊ အိုလေဝိအနွယ်သားတို့ နားထောင်ကြလော့။ 9-10 ဣသရေလလူမျိုး၏ဘုရားသခင်သည် အထံတော်သို့ချဉ်းကပ်၍ ထာဝရဘုရားစံရာတော်ဆိုင်သောဝတ်ကို ပြုစေခြင်းငှါလည်းကောင်း၊ လူပရိသတ်ရှေ့တွင်ခစားလျက် အမှုဆောင်စေခြင်းငှါလည်းကောင်း၊ ဣသရေလလူမျိုးပရိသတ်မှ သင်တို့ကိုသန့်ခြားသဖြင့် လေဝိအနွယ်သားချင်းတို့နှင့်တကွ ချဉ်းကပ်စေတော်မူသောအမှုသည် မလုံလောက်သည့်အတွက် ပရောဟိတ်ရာထူးကို အလိုရှိကြသေးသလော။ 11 ထိုကြောင့် သင်မှစ၍ အပေါင်းအသင်းတို့သည် ထာဝရဘုရားနှင့်ဆန့်ကျင်ဘက် စုရုံးသောလူများဖြစ်ကြသည်တကား။ အာရုန်မှာမူ မည်သို့သောသူဖြစ်၍ ညည်းညူကြသနည်းဟုဆိုပြီးလျှင်၊ 12 ဧလျာဘသားဒါသန်၊ အဘိရံတို့ကိုခေါ်စေသော်၊ 13 သူတို့က၊ ငါတို့မလာ။ သဲတောတွင်သေစေရန် နို့ရည်ပျားရည်လွှမ်းစီးသောပြည်မှ ငါတို့ကိုဆောင်ခဲ့သည်မှာ သာမညထင်လျက် ငါတို့အပေါ်တွင်မင်းမူဦးမည်လော။ 14 အကယ်စင်စစ် နို့ရည်ပျားရည်လွှမ်းစီးသောပြည်သို့သင်ပို့ဆောင်၍ လယ်ခြံများကိုပိုင်ရ​စေပြီမဟုတ်။ ဤသူတို့မျက်စိကိုမှောက်မည်လော။ ငါတို့မလာဟုပြန်ဆိုကြသည့်အတွက်၊ 15 မောရှေသည် ပြင်းစွာအမျက်ထွက်၍ သူတို့ပူဇော်သက္ကာကို ထောက်ရှုတော်မမူပါနှင့်။ အကျွန်ုပ်သည် မြည်းတစ်ကောင်ကိုမျှမသိမ်းမယူ။ တစ်ယောက်အကျိုးကိုမျှမဖျက်ပါဟု ထာဝရဘုရားအားတင်လျှောက်လေ၏။ 16 တစ်ဖန်ကောရအား မောရှေက၊ သင်မှစ၍အပေါင်းအသင်းတို့ပါ အာရုန်နှင့်တကွ နက်ဖြန်ထာဝရဘုရားရှေ့စုရုံးကြရမည်။ 17 သင်နှင့်အာရုန်မှစ၍ အသီးအသီးတို့သည် ဆိုင်ရာမီးကျီးခံကိုကိုယ်စီယူ၍ နံ့သာပေါင်းထည့်ပြီးလျှင် ထာဝရဘုရားရှေ့ မီးကျီးခံနှစ်ရာ့ငါးဆယ်ကိုဆောင်ယူကြလော့ဟု ဆိုသည့်အတိုင်း၊ 18 ဆိုင်ရာမီးကျီးခံကို ကိုယ်စီယူ၍ မီး၊ နံ့သာပေါင်းထည့်ပြီးလျှင် မောရှေ၊ အာရုန်တို့နှင့်တကွ တွေ့ဆုံရာတဲတော်မုတ်ဝအနီး ရပ်နေကြရာ၊ 19 ကောရသည် လူပရိသတ်အားလုံးကို တွေ့ဆုံရာတဲတော်မုတ်ဝအနီး ရင်ဆိုင်စုရုံးစေ၏။
20 ထိုအခါ ထာဝရဘုရား၏ဘုန်းတော်သည် အပေါင်းပရိသတ်အားထင်ရှားလျက်၊ 21 မောရှေ၊ အာရုန်တို့အားထာဝရဘုရားက ငါသည်ဤပရိသတ်ကိုရုတ်ခြင်းကျွမ်းလောင်စေမည်။ ချင်းတို့နှင့်ခွဲကြလော့ဟု မိန့်တော်မူလျှင်၊ 22 သူတို့သည်ပျပ်ဝပ်လျက် အိုဘုရားသခင် လူအပေါင်းတို့၏ဝိညာဉ်ရှင်ဘုရား၊ တစ်ဦးတည်းပြစ်မှားသည့်အတွက် ပရိသတ်လုံး၌ အမျက်ထားတော်မူမည်လောဟု တောင်းပန်ကြရာ၊ 23-24 ထာဝရဘုရားက၊ ကောရ၊ ဒါသန်၊ အဘိရံတို့နေရာအရပ်မှထွက်ကြဟူ၍ ပရိသတ်အားဆင့်ဆိုလော့ဟု မောရှေအားမိန့်တော်မူသည့်အတိုင်း၊ 25 မောရှေထ၍ လိုက်ပါသောဣသရေလလူကြီးတို့နှင့်တကွ ဒါသန်၊ အဘိရံတို့ရှိရာသို့သွားရောက်ပြီးလျှင်၊ 26 လူပရိသတ်အား ဤလူဆိုးတို့ဥစ္စာကိုမထိဘဲ ချင်းတို့တဲရှိရာမှထွက်ခွာကြလော့။ သို့မဟုတ် ချင်းတို့ပြစ်မှုစီရင်ရာပါသွားကြမည်ဟု ဆိုသည်နှင့်အညီ၊ 27 ကောရ၊ ဒါသန်၊ အဘိရံတို့နေရာအရပ်ပတ်ဝန်းကျင်မှ ထွက်ခွာကြ၏။ ဒါသန်၊ အဘိရံတို့လည်း မယားသားသမီးတို့နှင့်တကွ ကိုယ့်တဲဝသို့ထွက်လျက်ရပ်နေကြရာ၊ 28 မောရှေက၊ ဤအမှုအရာများကို ငါ့အလိုအလျောက်မဟုတ်၊ ထာဝရဘုရားသည် စေခိုင်းတော်မူ၍ ငါပြုရကြောင်း သင်တို့သိရကြမည့်နည်းမှာ၊ 29 ဤသူတို့၌ လူခပ်သိမ်းတို့သေခြင်း၊ လူခပ်သိမ်းတို့ဒုက္ခခံစားခြင်း၊ ဓမ္မတာအတိုင်းဖြစ်လျှင်၊ ငါ့ကိုထာဝရဘုရားစေလွှတ်တော်မမူ။ 30 ထာဝရဘုရားသည် ဥပဒ်အထူးကိုစီမံတော်မူသည့်အလျောက် မြေခံတွင်းဟလျက် ထိုသူတို့နှင့်တကွ ဖက်စပ်သူရှိသမျှပါမျိုစားသဖြင့် မရဏာ့နိုင်ငံသို့အသက်ရှင်လျက်ပင် ကျရောက်သော်ကား၊ ထာဝရဘုရားကို မထီလေးစားပြုကြကြောင်း သင်တို့သိရကြလိမ့်မည်ဟု၊ 31 ပြောဆိုသည့်အဆုံး၌ မြေပထဝီသည်သူတို့အောက်ကွဲလျက်၊ 32 ခံတွင်းဟလျက် သူတို့မှစ၍အိမ်သူအိမ်သား၊ ကောရနှင့်ဖက်စပ်သူရှိသမျှ၊ ဥစ္စာရှိသမျှပါမျိုစားသဖြင့်၊ 33 သူတို့နှင့်တကွဖက်စပ်သူရှိသမျှသည် မရဏာ့နိုင်ငံသို့ အသက်ရှင်လျက်ပင်ကျရောက်လျက် မြေပိတ်ဖုံးသဖြင့် ပရိသတ်ဘောင်မှဆုံးပါးကြ၏။ 34 ပတ်ဝန်းကျင်ရှိဣသရေလလူမျိုးအပေါင်းတို့သည် ငါတို့ကိုလည်းမြေကြီးမျိုစားမည်ဟုပြောဆိုလျက် ချင်းတို့အော်ဟစ်သံကြောင့် ပြေးကြကုန်၏။ 35 လောင်မီးလည်း ထာဝရဘုရားထံမှထွက်၍ နံ့သာပေါင်းဆက်ကပ်သူ နှစ်ရာ့ငါးဆယ်ကိုကျွမ်းသတည်း။
36-37 တစ်ဖန်ထာဝရဘုရားက သီးသန့်ရာရောက်ပြီးသောမီးကျီးခံများကို ကျွမ်းလောင်ရာမှ ကော်ယူရမည့်အကြောင်း ပရောဟိတ်အာရုန့်သား ဧလာဇာအားဆင့်ဆိုလျက် ပါရှိသောမီးကျီးကိုလည်း ခါပစ်ချေလော့။ 38 ကိုယ့်အသက်အန္တရာယ်ကိုရှာ၍ ပြစ်မှားသောဤသူတို့မီးကျီးခံများသည် ထာဝရဘုရားရှေ့ဆက်သွင်းပြီးဖြစ်သည်နှင့်အညီ သီးသန့်ရာရောက်သောကြောင့် ဣသရေလအမျိုးသားတို့၌ သက်သေလက္ခဏာဖြစ်စေရန် ပူဇော်ရာပလ္လင်တော်အဖုံးအဖို့ အပြားခပ်လုပ်ကြစေဟု၊ 39-40 မောရှေဖြင့်ထာဝရဘုရားဆင့်ဆိုတော်မူချက်အတိုင်း ပရောဟိတ်ဧလာဇာသည် ကျွမ်းလောင်ပြီးသူတို့ဆက်သွင်းခဲ့သော ကြေးမီးကျီးခံများကိုယူပြီးလျှင် အာရုန့်အနွယ်နှင့်မစပ်ဆိုင်သူတစ်စုံတစ်ယောက်မျှ ထာဝရဘုရားရှေ့နံ့သာပေါင်းကို တင်ရှို့ရန်ချဉ်းကပ်မိလျက် ကောရနှင့်အပေါင်းအသင်းတို့ကဲ့သို့မဖြစ်စေခြင်းငှါ ဣသရေလအမျိုးသားတို့၌ မှတ်သားရာအဖြစ် ပူဇော်ရာပလ္လင်တော်အဖုံးအဖို့ ခပ်လုပ်ကြလေ၏။
41-42 နောက်နေ့၌ ဣသရေလအမျိုးသားအပေါင်းပရိသတ်က၊ သင်တို့သည် ထာဝရဘုရား၏လူမျိုးတော်ကို သေစေကြပြီးဟုဆိုလျက် မောရှေ၊ အာရုန်တို့ကိုဆန့်ကျင်ဘက်စုရုံး၍ ညည်းညူကြရာ တွေ့ဆုံရာတဲတော်ကိုမော်ကြည့်လျှင် တိမ်တိုက်တော်လွှမ်းမိုး၍ ထာဝရဘုရား၏ဘုန်းတော်ထင်ရှားသည်ကို မြင်ကြ၏။ 43 မောရှေ၊ အာရုန်တို့သည် တွေ့ဆုံရာတဲတော်မျက်နှာစာသို့ လာရောက်ကြသော်၊ 44-45 ထာဝရဘုရားက၊ ငါသည်ဤပရိသတ်ကိုရုပ်ခြင်းကျွမ်းလောင်စေမည်။ ချင်းတို့မှထွက်ခွါကြလော့ဟု မောရှေအားမိန့်တော်မူလျှင် သူတို့ပျပ်ဝပ်ကြပြီးနောက်၊ 46 မောရှေက၊ မီးကျီးခံကိုယူ၍ ပူဇော်ရာပလ္လင်တော်ရှိမီးကိုကော်ထည့်လျက် နံ့သာပေါင်းကိုဖြူးပြီးလျှင် ပရိသတ်ရှိရာသို့အသော့ဆောင်သွားလျက် သူတို့အပြစ်အဖို့ဖြေခြင်းကိုပြုလော့။ ထာဝရဘုရားအထံတော်မှ အမျက်တော်ထွက်၍ ဘေးသင့်လေပြီဟုဆိုသည့်အတိုင်း၊ 47 အစည်းအဝေးအလယ်သို့ အလျင်ဆောင်သွားသောအာရုန်သည် လူပရိသတ်၌ဘေးသင့်သည်ကိုတွေ့သော် နံ့သာပေါင်းကိုဖြူး၍ သူတို့အပြစ်အဖို့ဖြေခြင်းကိုပြုလျက် သေသူရှင်သူတို့ကြားတွင်ရပ်သဖြင့် ဘေးဥပဒ်ငြိမ်းလေ၏။ 48-49 ထိုကာလ ကောရပြစ်မှုကြောင့်သေသူတို့ပြင် ဘေးသင့်၍သေသောလူပေါင်းကား တစ်သောင်းလေးထောင့်ခုနစ်ရာတို့တည်း။ 50 ဘေးဥပဒ်ငြိမ်း၍ အာရုန်သည် တွေ့ဆုံရာတဲတော်မုတ်ဝ၊ မောရှေရှိရာသို့ပြန်လေ၏။