15
1-2 တစ်ဖန်မောရှေအား ထာဝရဘုရားက ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ ငါပေးသနားသည့်အတိုင်း သင်တို့နေရာကျအံ့သောပြည်သို့ ရောက်ကြသည့်ကာလ၊ အထူးသစ္စာဝတ်အလျောက်ဖြစ်စေ၊ စေတနာအလျောက်ဖြစ်စေ၊ ပြုမြဲပွဲအလျောက်ဖြစ်စေ၊ မိတ်သဟာယသက္ကာကိုသော်လည်းကောင်း၊ မီးရှို့ရာသက္ကာကိုသော်လည်းကောင်း၊ နွား၊ သိုး၊ ဆိတ်အုပ်အနက်စိတ်တော်ပြေဘွယ်ရနံ့ မီးပူဇော်ရာအဖြစ် ထာဝရဘုရားထံဆက်ကပ်လိုက။ 4-5 မီးရှို့ရာသက္ကာဖြစ်စေ၊ မိတ်သဟာယသက္ကာဖြစ်စေ၊ ဆက်ကပ်သောသိုးဆိတ်သားငယ်တစ်ကောင်စီနှင့်တကွ ဘောဇဉ်သက္ကာအဖြစ် ဆီတစ်ပိဿာရောသော မုန့်ညက်တစ်စရွတ်ကိုလည်းကောင်း၊ သွန်းလောင်းရာသက္ကာအဖြစ် စပျစ်ရည်တစ်ပိဿာကိုလည်းကောင်း၊ ထာဝရဘုရားထံတင်သွင်းလှူဒါန်းစေ။ သိုးထီးဖြစ်လျှင် ဘောဇဉ်သက္ကာအဖြစ် ဆီတစ်ပိဿာ့ငါးဆယ်ရောသော မုန့်ညက်နှစ်စရွတ်ကိုလည်းကောင်း၊ သွန်းလောင်းရာသက္ကာအဖြစ် စပျစ်ရည်တစ်ပိဿာ့ငါးဆယ်ကိုလည်းကောင်း၊ စိတ်တော်ပြေဖွယ်ရနံ့ဖြစ်စေရန်၊ ထာဝရဘုရားထံဆက်ကပ်စေ။ အထူးသစ္စာဝတ်အလျောက် မိတ်သဟာယသက္ကာမှစသော မိတ်သဟာယပူဇော်သက္ကာတစ်မျိုးမျိုးဖြစ်စေ၊ မီးရှို့ရာသက္ကာဖြစ်စေ၊ နွားကိုဆက်ကပ်လျှင်၊ ထိုနွားနှင့်တကွဘောဇဉ်သက္ကာအဖြစ် ဆီနှစ်ပိဿာရောသော မုန့်ညက်သုံးစရွတ်ကိုလည်းကောင်း၊ သွန်းလောင်းရာသက္ကာအဖြစ်၊ 10 စပျစ်ရည်နှစ်ပိဿာကိုလည်းကောင်း၊ စိတ်တော်ပြေဖွယ်ရနံ့၊ မီးပူဇော်ရာဖြစ်စေရန် ထာဝရဘုရားထံဆက်ကပ်စေ။ 11 နွား၊ သိုးထီး၊ သိုးဆိတ်သားငယ်တစ်ကောင်ကောင်နှင့်တကွ ထိုသို့ပြုလျက်၊ 12 ဆက်ကပ်သည့်အရေအတွက်အလိုက် တစ်ကောင်စီ၌ပြုကြလော့။ 13 တိုင်းရင်းသားအပေါင်းတို့သည် စိတ်တော်ပြေဖွယ်ရနံ့၊ မီးပူဇော်ရာကို ထာဝရဘုရားထံဆက်ကပ်သော် ထိုနည်းအတိုင်းပြုကြစေ။ 14 သင်တို့အမျိုးအစဉ်အဆက်၊ ဝင်နေသူမှစသောအာဂန္တုတစ်စုံတစ်ယောက်သည် စိတ်တော်ပြေဖွယ်ရနံ့၊ မီးပူဇော်ရာကို ထာဝရဘုရားထံဆက်ကပ်လိုက သင်တို့ပြုရသည့်အတိုင်းပင်ပြုစေ။ 15 အစည်းအဝေးကိုထောက်လျက် သင်တို့၌လည်းကောင်း၊ ဝင်နေသူတို့၌လည်းကောင်း၊ သင်တို့အမျိုးအစဉ်အဆက် အမြဲထုံးဖွဲ့ချက်တစ်ပါးတည်းသာရှိရာ၏။ ဝင်နေသူတို့လည်း ထာဝရဘုရားရှေ့တော်တွင် သင်တို့နည်းတူဖြစ်ကြသတည်း။ 16 သင်တို့၌လည်းကောင်း၊ ဝင်နေသူတို့၌လည်းကောင်း တရားတစ်ပါး၊ စီရင်ထုံးတစ်မျိုးတည်းသာရှိကြောင်း ဆင့်ဆိုလော့ဟုမိန့်တော်မူ၏။
17-18 တစ်ဖန်မောရှေအား ထာဝရဘုရားက ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်ကား၊ ငါပို့ဆောင်မည့်ပြည်သို့ သင်တို့ဝင်ရောက်ကြပြီးလျှင်၊ 19 ပြည်ထွက်ခဲဖွယ်ကိုစားကြမည့်ရှိရာ ထာဝရဘုရားထံမြှောက်ဆက်ရန်အလှူကို မြှောက်ဆက်ရသည်မှာ၊ 20 မုန့်ဆန်းဦးအနက် မြှောက်ဆက်ရာအလှူအဖြစ် မုန့်ပေါက်ကိုချီယူလျက် ကောက်နယ်တလင်းနှင့်ဆိုင်သော မြှောက်ဆက်ရာလှူနည်းအတိုင်း မြှောက်ဆက်ကြလော့။ 21 သင်တို့အမျိုးအစဉ်အဆက် မုန့်ဆန်းဦးအနက် မြှောက်ဆက်ရာအလှူကို ထာဝရဘုရားထံလှူဒါန်းကြလော့။
22-23 ထာဝရဘုရားသည် ပညတ်ပေးသည့်နေ့မှစ၍ သင်တို့အမျိုးအစဉ်အဆက် မောရှေဖြင့်ဆင့်ဆိုလျက် မိန့်မှာတော်မူသမျှသောဤပညတ်များကို သင်တို့မစောင့်ရှောက်၊ လမ်းလွဲမိကြသော်၊ 24 လူပရိသတ်မျက်ကွယ်၌ မတော်တဆပြုမိလျှင် ပရိသတ်ဥဿုံသည် မီးရှို့ရာသက္ကာအဖြစ်၊ ဆုံးဖြတ်ချက်အရဆိုင်ရာဘောဇဉ်သက္ကာ၊ သွန်းလောင်းရာသက္ကာနှင့်တကွ စိတ်တော်ပြေဖွယ်ရနံ့ဖြစ်စေရန် နွားပေါက်တစ်ကောင်ကိုလည်းကောင်း၊ အပြစ်ဖြေရာသက္ကာအဖြစ် ဆိတ်ထီးတစ်ကောင်ကိုလည်းကောင်း ဆက်ကပ်ကြစေ။ 25 မတော်တဆပြစ်မှားမိခြင်းအတွက် မီးပူဇော်ရာကိုလည်းကောင်း၊ အပြစ်ဖြေရာသက္ကာကိုလည်းကောင်း၊ ထာရဘုရားရှေ့တင်သွင်းလှူဒါန်းကြသောကြောင့် ပရောဟိတ်သည် ဣသရေလအမျိုးသားအပေါင်း ပရိသတ်အပြစ်အဖို့ဖြေခြင်းကိုပြုသည့်အတိုင်း ချမ်းသာရကြလိမ့်မည်။ 26 မတော်တဆပြစ်မှားမိခြင်းသည် တစ်မျိုးလုံးနှင့်စပ်ဆိုင်သည်နှင့်အညီ ဣသရေလအမျိုးသားအပေါင်း ပရိသတ်နှင့်ဝင်နေသူတို့ပါ ချမ်းသာရကြလိမ့်မည်။ 27 လူတစ်ဦးတစ်ယောက်တည်း မတော်တဆပြစ်မှားမိမူ အပြစ်ဖြေရာသက္ကာအဖြစ် အခါလည်သောဆိတ်မတစ်ကောင်ကို ဆက်ကပ်စေ။ 28 ပရောဟိတ်သည် မတော်တဆပြစ်မှားမိသူအပြစ်အဖို့ ထာဝရဘုရားရှေ့ဖြေခြင်းကိုပြုသည့်အတိုင်း အပြစ်ပြေ၍ချမ်းသာရလိမ့်မည်။ 29 ဣသရေလအမျိုးသားတို့တွင် တိုင်းရင်းသားသော်လည်းကောင်း၊ ဝင်နေသူသော်လည်းကောင်း မတော်တဆပြုမိသူဆိုင်ရာ တရားတစ်ပါးတည်းသာရှိရာ၏။ 30 တိုင်းရင်းသားဖြစ်စေ၊ ဝင်နေသူဖြစ်စေ တမင်မှားသောသူမူကား၊ ထာဝရဘုရားအား ကဲ့ရဲ့ရာရောက်သောကြောင့် အမျိုးသားဘောင်မှပယ် ရှားခံလိမ့်မည်။ 31 ထာဝရဘုရား၏ဗျာဒိတ်တော်ကို မထီလေးစားပြုလျက် ပညတ်တော်ကိုဖောက်ကျော်သည့်အတွက် ဒုစရိုက်ဝန်ကိုထမ်း၍ မုချပယ်ရှားခံရမည့်အကြောင်း ဆင့်ဆိုလော့ဟုမိန့်တော်မူ၏။
32 ဣသရေလအမျိုးသားတို့သည် သဲတောတွင်ရှိနေကြစဉ် ဥပုသ်နေ့၌ ထင်းခွေသောလူတစ်ယောက်ကိုတွေ့၍၊ 33 မောရှေ၊ အာရုန်မှစသော အပေါင်းပရိသတ်ရှိရာသို့ ခေါ်သွင်းရာ၊ 34 မည်သို့စီရင်ရန်ဗျာဒိတ်မရသေးသောကြောင့် အကျဉ်းထားကြပြီးနောက်၊ 35 မောရှေအားထာဝရဘုရားက၊ ထိုသူသည် တပ်စခန်းပြင်အပေါင်းပရိသတ်၏ ခဲပစ်သတ်ဒဏ်ကို မုချခံစေဟု မိန့်မှာတော်မူသည့်အတိုင်း၊ 36 ပရိသတ်သည်တပ်စခန်းပြင်သို့ထုတ်ပြီးလျှင် ခဲပစ်ဒဏ်ခတ်ကြသဖြင့် ထိုသူသေလေ၏။
37 မောရှေအား ထာဝရဘုရားမိန့်တော်မူပြန်သည်မှာ၊ 38 ဣသရေလအမျိုးသားတို့သည် အမျိုးအစဉ်အဆက်ပန်းပွားများကိုလုပ်၍ အဝတ်မြိတ်၌ကြိုးပြာနှင့် တပ်ထားကြရမည့်အကြောင်းဆင့်ဆိုလော့။ 39-41 ငါသည်သင်တို့ဘုရားသခင် ထာဝရဘုရားဖြစ်သည်နှင့်အညီ ထိုပန်းပွားများကိုကြည့်မြင်တိုင်း သင်တို့သည် ထာဝရဘုရားပညတ်ဟူသမျှကို သတိရလျက်စောင့်ရှောက်ကြသည့်ပြင် လိုက်ရှာမှားယွင်းလေ့ရှိသည့်အလျောက် ကိုယ့်မျက်စိ၊ ကိုယ့်သဘောအရမလှည့်ကြည့်ဘဲ ငါ့ပညတ်ဟူသမျှကို သတိရလျက်စောင့်ရှောက်သဖြင့် သင်တို့ဘုရားသခင့်အဖို့ သန့်ရှင်းရာရောက်ကြလိမ့်မည်။ ငါသည် သင်တို့ဘုရားသခင်ဖြစ်ခြင်းငှါ အိဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့ဘုရားသခင်ထာဝရဘုရားပေတည်းဟု မိန့်တော်မူ၏။