14
ထိုအခါ ဣသရေလအမျိုးသားလူပရိသတ်ဥဿုံသည် တစ်ညဉ့်လုံးအော်ဟစ်မြည်တမ်းငိုကြွေးလျက်၊ မောရှေ၊ အာရုန်တို့ကိုညည်းညူ၍ အိဂျစ်ပြည်၌သော်လည်းကောင်း၊ ဤသဲတော၌သော်လည်းကောင်း၊ သေခဲ့လျှင်ကောင်းလေစွ။ ဓားဘေးဖြင့်ကျဆုံးကြစေရန် ထာဝရဘုရားသည် ထိုပြည်သို့အဘယ်ကြောင့်ဆောင်တော်မူသနည်း။ သားမယားတို့လည်း သုံ့ဘမ်းခံရကြတော့မည်။ အိဂျစ်ပြည်သို့ပြန်ရလျှင် ကောင်းလိမ့်မည်မဟုတ်လောဟု ဆိုကြပြီးနောက်၊ တစ်ယောက်ယောက်ကိုဗိုလ်တင်၍ အိဂျစ်ပြည်သို့ပြန်ကြကုန်အံ့ဟု အချင်းချင်းပြောဆိုကြသည့်အတွက်၊ မောရှေ၊ အာရုန်တို့သည် ဣသရေလအမျိုးသားတို့ အစည်းအဝေးပရိသတ်မျက်မှောက်၌ ပျပ်ဝပ်လျက်နေကြရာ၊ ပြည်ကိုစူးစမ်းခဲ့သူတို့အပါအဝင်ဖြစ်သော နုန့်သားယောရှုနှင့်ယေဖုန္နာ့သားကာလက်တို့သည် ကိုယ့်အဝတ်ကိုဆုတ်ပြီးလျှင်၊ ဣသရေလအမျိုးသားအပေါင်းပရိသတ်အား ဆိုကြသည်မှာ၊ ငါတို့လျှောက်သွား၍စူးစမ်းသောပြည်သည် အလွန်တရာကောင်းသောပြည်ဖြစ်၏။ ထာဝရဘုရားသည် ငါတို့ကိုနှစ်သက်လျှင် နို့ရည်ပျားရည်လွှမ်းစီးသော ထိုပြည်သို့ဆောင်သွင်းပေးအပ်တော်မူလိမ့်မည်။ ထာဝရဘုရားကိုပုန်ကန်လျက် ငါတို့ဓားစာဖြစ်သောထိုပြည်သားတို့ကို မကြောက်ကြပါလင့်။ ချင်းတို့ကွယ်ကာသောအရိတ်ပယ်ရှားပြီ။ ထာဝရဘုရားသည် ငါတို့ဘက်၌ရှိတော်မူ၏။ မကြောက်ကြလင့်ဟုဆိုကြသော်၊ 10 ခဲပစ်သတ်ဒဏ်ခံကြစေဟု ပရိသတ်ဥဿုံဆိုကြ၏။
ထိုအခါထာဝရဘုရား၏ဘုန်းတော်သည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့၊ တွေ့ဆုံရာတဲတော်၌ထင်ရှားသည့်ကာလ၊ 11 ထာဝရဘုရားက၊ ဤလူမျိုးသည်မည်မျှကြာ ငါ့ကိုမထီလေးစားပြုကြမည်နည်း။ သူတို့အလယ်တွင် ငါစီရင်ခဲ့သမျှသောသက်သေလက္ခဏာများကို မထောက်မထားဘဲ၊ မည်မျှကြာ ငါ့ကိုယုံကြည်ခြင်းကင်းလျက်နေကြမည်နည်း။ 12 ထိုသူတို့ကို ကပ်ရောဂါဘေးငါသင့်စေ၍ပယ်ဖျက်ပြီးလျှင် သင့်ကိုကား၊ သာ၍မြင့်မြတ် တန်ခိုးကြီးသောလူမျိုးဖြစ်စေမည်ဟု မောရှေအားမိန့်တော်မူသော်၊ 13 မောရှေက ဤလူမျိုးကိုတန်ခိုးတော်အားဖြင့် အိဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့သည့်အတိုင်း ထိုပြည်သားတို့သည် သတင်းကြားလျက်၊ 14 ကိုယ်တော်ထာဝရဘုရားသည် ကိုယ်ကိုထင်ထင်ပြတော်မူ၍ ဤလူမျိုးအပေါ်တွင် တည်နေစေသောတိမ်တိုက်ဖြင့် နေ့အချိန်တိမ်တိုင်၌လည်းကောင်း၊ ညဉ့်အချိန်မီးတိုင်၌လည်းကောင်း ရှေ့ကကြွသွားတော်မူသည့်အလျောက် သူတို့အလယ်တွင် ရှိနေတော်မူကြောင်းကို ကြားသိသောခါနာန်ပြည်သူပြည်သားတို့အား ပြန်ကြားကြပါလိမ့်မည်။ 15 တစ်ဦးတစ်ယောက်တည်းကဲ့သို့ ဤလူမျိုးကိုအဆုံးစီရင်တော်မူလျှင် ကိုယ်တော့်အကြောင်းကြားသိသော လူမျိုးခြားတို့က၊ 16 ထာဝရဘုရားသည် သစ္စာဆိုသည့်အတိုင်း ဤလူမျိုးကိုထိုပြည်သို့ ဆောင်သွင်းတော်မမူနိုင်သောကြောင့် သဲတောတွင်အဆုံးစီရင်လေပြီဟု ဆိုကြပါလိမ့်မည်။ 17-18 သို့ဖြစ်၍ ထာဝရဘုရားသည် စိတ်ရှည်သောသဘော၊ ကရုဏာကြွယ်ဝသောသဘောရှိတော်မူထသော၊ မတရားပြုခြင်း၊ လွန်ကျူးခြင်းများကိုဖြေလွှတ်သော်လည်း အပြစ်ကင်းသည်ဟုမှတ်တော်မမူထသော၊ တတိယ၊ စတုတ္ထအဆက်တိုင်အောင် ဘိုးဘေးတို့ပြစ်မှုကိုသားမြေးမြစ်တို့အပေါ်တင်၍ စီရင်တော်မူသောဘုရားဖြစ်သည်ဟု ကြော်ငြာတော်မူခဲ့သည့်အလျောက် အရှင်ဘုရား၏တန်ခိုးတော်ကြီးမြတ်ပါစေသော။ 19 မဟာကရုဏာတော်အတိုင်း အိဂျစ်ပြည်မှထွက်သည်ကစ၍ ယခုတိုင်အောင်၊ ဤလူမျိုး၏ဒုစရိုက်ကို ဖြေလွှတ်တော်မူခဲ့သည့်နှင့်အညီ ချမ်းသာပေးတော်မူပါဦးဟု တောင်းလျှောက်သော်၊ 20 ထာဝရဘုရားက၊ သင်တောင်းပန်သည့်အတိုင်း ငါချမ်းသာပေးခဲ့ပြီ။ 21-23 သို့သော်လည်း အိဂျစ်ပြည်နှင့်သဲတောတွင် ငါစီရင်ခဲ့သောသက်သေလက္ခဏာများနှင့် ငါ့ဘုန်းတော်ကိုမြင်လျက်ပင် ဗျာဒိတ်သံကိုနားမထောင်ဘဲ ဆယ်ကြိမ်မြောက်ငါ့ကိုစုံစမ်း၍ မထီလေးစားပြုသောသူတို့သည် ပေးမည်ဟူ၍ ဘိုးဘေးတို့အားငါသစ္စာဆိုခဲ့သောပြည်ကို မြင်ခွင့်မရှိရဟု ငါအသက်တည်သည်ကိုလည်းကောင်း၊ မြေတစ်ပြင်လုံးနှံ့ ငါထာဝရဘုရားဘုန်းတော် ပြည့်လျှံအံ့သည်ကိုလည်းကောင်း တိုင်တည်လျက်ငါဆို၏။ 24 သဘောချင်းမတူလျက် စိတ်ပါကိုယ်ရောက်လိုက်နာသော ငါ့ကျွန်ရင်းကာလက်ကိုကား ရောက်ခဲ့သောပြည်ကိုငါဆောင်သွင်းမည့်အတိုင်း အနွယ်တိုင်ပိုင်ခွင့်ပေးလိမ့်မည်။ 25 အာမလက်၊ ခါနနိလူမျိုးတို့သည် တောင်ကြားတွင်နေထိုင်ကြသောကြောင့် နက်ဖြန်ဆုတ်၍ ပင်လယ်နီလမ်းဖြင့် သဲတောသို့ပြန်သွားကြလော့ဟု မိန့်တော်မူ၏။
26 တစ်ဖန်မောရှေ၊ အာရုန်တို့အား ထာဝရဘုရားက၊ ငါ့ကိုညည်းညူလျက်၊ 27 ဆိုးသွမ်းသောဤပရိသတ်ကို မည်မျှကြာသည်းခံရအံ့နည်း။ ဣသရေလအမျိုးသားတို့ညည်းညူသံကို ငါကြားခဲ့ပြီ။ 28 သူတို့အားဆင့်ဆိုရမည်မှာ နားတော်ရောက်ပြောဆိုကြသည့်အတိုင်း သင်တို့၌ငါစီရင်မည်ဟု အသက်တော်ကိုတိုင်တည်လျက် ငါထာဝရဘုရားမိန့်တော်မူ၏။ 29-30 ယေဖုန္နာ့သားကာလက်၊ နုန့်သားယောရှုတို့ကိုချန်ထားလျက် ငါ့ကိုညည်းညူကြသော အသက်နှစ်ဆယ်ကျော်၊ ရေတွက်၍စာရင်းဝင်သူအပေါင်းတို့သည် နေထိုင်ခွင့်ပေးမည်ဟု လက်ရုံးမြှောက်ကာ ငါသစ္စာဆိုခဲ့သောပြည်သို့ ဝင်ရောက်ခွင့်မရဘဲ ဤသဲတောတွင်အသေကောင်ဖြစ်နေရကြလိမ့်မည်။ 31 သုံ့ဘမ်းခံရတော့မည်ဟု သင်တို့ဆိုကြသောသားသမီးတို့ကား ငါဆောင်သွင်းသည့်အလျောက် သင်တို့ပယ်သောပြည်ကိုသိမြင်ရကြလိမ့်မည်။ 32 သင်တို့မှာမူ ဤသဲတောတွင်အသေကောင်ဖြစ်နေကြသည့်ပြင်၊ 33 သားသမီးတို့လည်း သဲတောတွင် သင်တို့အသေကောင်များမပျက်မချင်း၊ နှစ်ပေါင်းလေးဆယ်တိုင်တိုင် သင်တို့မှားယွင်းသောပြစ်ဝန်ကိုထမ်းလျက် ထိန်းကျောင်းလျက်နေကြရဦးမည်။ 34 ထိုပြည်ကိုစူးစမ်းခဲ့သော အရက်လေးဆယ်အရေအတွက်အလိုက် တစ်ရက်လျှင်တစ်နှစ်ကျ၊ နှစ်ပေါင်းလေးဆယ်တိုင်တိုင် သင်တို့ဒုစရိုက်ဝန်ကိုထမ်းလျက် ဆန့်ကျင်ဘက်ပြုတော်မူခြင်းကို ခံရကြလိမ့်မည်။ 35 ငါထာဝရဘုရားမိန့်တော်မူပြီ။ ငါ့ကိုဆန့်ကျင်ဘက်စုရုံးလျက် ဆိုးသွမ်းသောဤပရိသတ်၌ ထိုသို့စီရင်လိမ့်မည်။ ဤသဲတောတွင် သေကြေပျက်စီးကြမည့်အကြောင်းဆင့်ဆိုလော့ဟု မိန့်တော်မူ၏။ 36-37 ထိုပြည်ကိုစူးစမ်းရန် မောရှေစေလွှတ်၍ ပြန်လာပြီးလျှင်၊ ပြည်နှင့်စပ်လျဉ်းသော သတင်းဆိုးပြန်ကြားကြသဖြင့် ပရိသတ်ဥဿုံကိုညည်းညူးစေကြသောသူတို့သည် ထာဝရဘုရားရှေ့ ကပ်ရောဂါဘေးဖြင့်သေကြ၍၊ 38 စူးစမ်းရန်သွားခဲ့သူတို့အပါအဝင်ဖြစ်သော နုန့်သားယောရှု၊ ယေဖုန္နာ့သားကာလက်တို့သာလျှင် အသက်ချမ်းသာရကြ၏။ 39 မောရှေသည်၊ ဗျာဒိတ်ပေးတော်မူခဲ့သောအချက်ကို ဣသရေလအမျိုးသားအပေါင်းတို့အား ပြန်ကြားလျှင် လူပရိသတ်သည်းစွာမြည်တမ်းလျက် နံနက်အချိန်၌ထပြီးလျှင်၊ 40 တောင်ထိပ်သို့တက်သွားသော် ငါတို့ပြစ်မှားသည်မှန်ပါ၏။ ယခုမှာမူ ထာဝရဘုရားကတိထားတော်မူခဲ့သော နေရာသို့ချီတက်ပါမည်ဟုဆိုကြရာ၊ 41 မောရှေက၊ ထာဝရဘုရားအမိန့်တော်ကို အဘယ်ကြောင့်လွန်ကျူးကြအံ့နည်း။ အထမြောက်မည်မဟုတ်။ 42 သင်တို့အလယ်တွင် ထာဝရဘုရားရှိတော်မမူသောကြောင့် ရန်သူတို့ရှေ့အရှုံးမခံရစေခြင်းငှါ မချီမတက်ကြနှင့်။ 43 ထိုတောင်ထိပ်တွင် အာမလက်၊ ခါနနိလူမျိုးတို့သည် တစ်ဘက်၌ရှိသောကြောင့် ဓားဘေးဖြင့် သင်တို့ကျဆုံးကြလိမ့်မည်။ ထာဝရဘုရားနောက်မလိုက်ဘဲ ပြန်ဆုတ်ကြသည့်အတွက် သင်တို့ဘက်၌ရှိတော်မူမည်မဟုတ်ဟု တားမြစ်သော်လည်း၊ 44 သူတို့သည် ပျာယီးပျာယာတောင်ထိပ်သို့ချီတက်ကြ၏။ ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာနှင့် မောရှေမူကား တပ်စခန်းမှမထွက်မသွားချေ။ 45 ထိုအခါ တောင်ထိပ်၌ရှိနေသောအာမလက်၊ ခါနနိလူမျိုးတို့သည် ဆင်းလာ၍ ဟောမာမြို့ရောက် လုပ်ကြံနှိမ်နှင်းကြသတည်း။