13
မောရှေအား ထာဝရဘုရားမိန့်တော်မူပြန်သည်ကား၊ ဣသရေလအမျိုးသားတို့အား ငါပေးသနားသောခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ တစ်နွယ်လျှင်တစ်ယောက်ကျ ကိုယ့်အနွယ်ပေါ်တွင် အကြီးအကဲဖြစ်သူတို့ကို စေလွှတ်လော့ဟူ၍၊ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မောရှေသည်၊ ဣသရေလအမျိုးသားတို့တွင် အအုပ်အချုပ်ဖြစ်သူတို့ကို ပါရန်တောမှစေလွှတ်လိုက်၏။ 4-16 ထိုပြည်ကိုစူးစမ်းရန် မောရှေစေလွှတ်သူတို့အမည်များကား ရုဗင့်အနွယ်၊ ဇက္ကုရသားရှမွာ၊ ရှိမောင့်အနွယ်၊ ဟောရိသားရှာဖတ်၊ ယုဒအနွယ်၊ ယေဖုန္နာ့သားကာလက်၊ ဣသခါ့အနွယ်၊ ယောသပ်သားဣဂါလ၊ ဧဖရိမ့်အနွယ်၊ နုန့်သားဟောရှေ၊ ဗင်္ယာမိန့်အနွယ်၊ ရာဖုသားပါလတိ၊ ဇာဗုလုန့်အနွယ်၊ သောဒိသားဂါဒျေလ၊ ယောသပ်သားတို့တွင် မနာရှေ့အနွယ်၊ သုသိသားဂဒ္ဒိ။ ဒန့်အနွယ်၊ ဂေမလ္လိသားအမျေလ။ အာရှာ့အနွယ်၊ မိက္ခေလသားသေသုရ။ နဿလိအနွယ်၊ ဝါဖသိသားနာဘိ။ ဂဒ်အနွယ်၊ မာခိသားဂွေလတို့တည်း။ နုန့်သားဟောရှေကို ယောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ၏။
17 ခါနာန်ပြည်ကိုစူးစမ်းရန် မောရှေစေလွှတ်အမိန့်ရှိသည်မှာ နေဂပ်ခေါ်တောင်တန်းသို့တက်သွားပြီးလျှင် တိုင်းပြည်အခြင်းအရာမှစ၍၊ 18 ပြည်သူပြည်သားတို့အားကြီးသည် အားနည်းသည်ကိုလည်းကောင်း၊ နည်းသည်များသည်ကိုလည်းကောင်း၊ 19 နေပြည်ကောင်းသည်ဆိုးသည်ကိုလည်းကောင်း၊ တပ်များတွင်ဖြစ်စေ၊ ခံမြို့များတွင်ဖြစ်စေ၊ အခြေအနေကိုလည်းကောင်း၊ 20 မြေသြဇာရှိသည် မရှိသည်ကိုလည်းကောင်း၊ သစ်ပင်ပေါသည်၊ မပေါသည်ကိုလည်းကောင်းကြည့်ရှု၍ ထိုပြည်ထွက်အသီးကိုဆောင်ခဲ့ရန် လုံ့လထုတ်ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလသည် စပျစ်သီးမှည့်စ ရာသီဖြစ်သတည်း။
21 ထိုသူတို့သည် တက်သွားပြီးလျင် ဇိနတောမှစ၍ ဟာမတ်မြို့လမ်းဝ၊ ရဟောဘမြို့တိုင်အောင် ပြည်နယ်တစ်လျှောက်စူးစမ်းကြ၏။ 22 နေဂပ်ခရိုင်သို့တက်သွား၍ အာနကအမျိုးသား အဟိမန်၊ ရှေရဲ၊ တာလမဲတို့နေသောဟေဗြုန်မြို့သို့ရောက်ကြ၏။ ဟေဗြုန်မြို့ကား အိဂျစ်ပြည်တွင် ဇောနမြို့မတည်ထောင်မီ ခုနစ်နှစ်ကတည်သောမြို့ဖြစ်သတည်း။ 23 ဧရှကောလချိုင့်သို့ရောက်လျှင် လူနှစ်ယောက်ဦးပဲ့ထမ်းရသော အသီးတစ်ပြွတ်တည်းနှင့်ပြည့်စုံသည့် စပျစ်ခိုင်ကိုဖြတ်၍ သလဲသီး၊ သဖန်းသီးများနှင့်တကွ ဆောင်ခဲ့ကြ၏။ 24 ထိုအရပ်၌ ဣသရေလအမျိုးသားတို့ဖြတ်ယူသော အသီးပြွတ်ကိုအစွဲပြု၍ 13.24  အနက်ကား၊ အမြတ်။ဧရှကောလချိုင့်ဟုသမုတ်ကြသတည်း။
25 ထိုပြည်ကို အရက်လေးဆယ်အတွင်းစူးစမ်းပြီးမှ ပြန်လာ၍ ပါရန်တော၊ ကာဒေရှမြို့၊ 26 မောရှေနှင့်အာရုန်မှစသော ဣသရေလအမျိုးသားအပေါင်း ပရိသတ်ရှိရာသို့ရောက်သောအခါ ထိုပြည်ထွက်အသီးကိုပြလျက် သတင်းပြန်ကြားကြသည်မှာ၊ 27 ကျွန်တော်တို့သည် ကိုယ်တော်စေလွှတ်လိုက်သောပြည်သို့ရောက်၍ နို့ရည်ပျားရည်လွှမ်းစီးသည်မှန်ပါ၏။ ထိုပြည်ထွက်အသီးကား ဤအသီးပင်တည်း။ 28 သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီးကြပါ၏။ မြို့များလည်း ကြီးကျယ်သောခံမြို့များဖြစ်ပါ၏။ ထိုအရပ်၌အာနကအမျိုးသားတို့ကို တွေ့ခဲ့ရကြပါပြီ။ 29 နေဂပ်ခရိုင်တွင် အာမလက်လူမျိုး၊ တောင်တန်း၌ ဟိတ္တိ၊ ယေဗုသိ၊ အာမောရိလူမျိုး၊ သမုဒ္ဒရာနှင့်ယော်ဒန်မြစ်ကမ်းတစ်လျှောက် ခါနနိလူမျိုးတို့နေကြပါသည်ဟု မောရှေအားလျှောက်ထားကြပြီးလျှင်၊ 30 မောရှေရှေ့လူပရိသတ်ငြိမ်ဝပ်စေခြင်းငှါ ကာလက်က၊ ငါတို့အောင်နိုင်ကြမည်။ ရုတ်ချင်း ချီတက်သိမ်းယူကြကုန်အံ့ဟုဆိုသော်လည်း၊ 31 အတူတက်သွားခဲ့သူတို့က၊ ထိုပြည်သားတို့သည် ငါတို့ထက်အားကြီးကြသောကြောင့် ငါတို့မချီမတက်ဝံ့ချေဟူ၍လည်းကောင်း၊ 32 ငါတို့လျှောက်သွား၍စူးစမ်းသောပြည်သည် နေထိုင်သူတို့ကိုမျိုစားလေ့ရှိသည်တကား။ ငါတို့မြင်ခဲ့သမျှသောသူတို့သည် အရပ်အမောင်းကြီးလှလေစွ။ 33 အာနကအမျိုးသားတို့မှစသော ကိုယ်ကြီးမြင့်သူတို့ကိုတွေ့မြင်ကြသည့်အခါ ငါတို့နှင့်သူတို့အထင်အတိုင်း ငါတို့သည်နှံကောင်မျှသာဖြစ်ကြသည်ဟူ၍လည်းကောင်း၊ စူးစမ်းခဲ့သောပြည်နှင့်စပ်လျဉ်းသည့်သတင်းဆိုးကို ဣသရေလအမျိုးသားတို့အား ကြားပြောကြလေ၏။