12
မိရိအံ၊ အာရုန်တို့သည် ကုရှအမျိုးမိန်းမနှင့် အိမ်ထောင်ဘက်ပြုသောမောရှေကို ထိုမိန်းမအတွက် မကောင်းတင်းပြောကြသည်မှာ၊ မောရှေအားသာ ထာဝရဘုရားဗျာဒိတ်ပေးတော်မူသလော။ ငါတို့အားလည်းပေးတော်မူသည်မဟုတ်လောဟု ဆိုကြသည်ကို ထာဝရဘုရားကြားလျှင်ကြားချင်း၊ မြေကြီးပေါ်တွင်ရှိနေသူတကာထက် မောရှေသည်စိတ်နှိမ့်ချသူဖြစ်သဖြင့်၊ ထာဝရဘုရားက၊ သုံးဦးလုံးပင်တွေ့ဆုံရာတဲတော်သို့လာကြလော့ဟု မောရှေ၊ အာရုန်၊ မိရိအံတို့အား မိန့်တော်မူသည့်အတိုင်း လာရောက်ကြရာ၊ ထာဝရဘုရားလည်း တိမ်တိုင်တွင်ဆင်းသက်၍ တွေ့ဆုံရာတဲတော်မုတ်ဝ၌တည်လျက် အာရုန်၊ မိရိအံတို့ကိုခေါ်တော်မူသည်နှင့် နှစ်ဦးလုံးချဉ်းကပ်ကြသော်၊ ထာဝရဘုရားက၊ မိန့်မှာတော်မူချက်ကိုနားထောင်ကြလော့။ သင်တို့တွင်ပရောဖက်များရှိခဲ့လျှင် ငါထာဝရဘုရားသည် ထိုသူတို့အားမနောအာရုံဖြင့်ငါ့ကိုကျွမ်းဝင်စေခြင်း၊ အိပ်မက်ဖြင့်ဗျာဒိတ်ပေးခြင်းများကိုပြုလေ့ရှိ၏။ ဘုံဗိမာန်တော်လုံး၌သစ္စာစောင့်သော ငါ့ကျွန်ရင်းမောရှေအား ထိုသို့ပြုလေ့မရှိ။ ထိုသူ၌မူကား စကားဝှက်များကိုမသုံးဘဲ နှုတ်ခွန်းဆိုင်လျက် အထင်အရှားဗျာဒိတ်ထားသည့်ပြင် ငါထာဝရဘုရားသၒၒဏ္ဌာန်ကိုလည်း ဖူးမြင်ခွင့်ပေးလေ့ရှိ၏။ သို့ဖြစ်လျက် ငါ့ကျွန်ရင်းမောရှေကို အဘယ်ကြောင့်မကောင်းတင်းပြောဝံ့ကြသနည်းဟု မိန့်တော်မူပြီးနောက်၊ အမျက်ထား၍ ထွက်ကြွတော်မူရာ၊ 10 တိမ်တိုက်သည် တဲတော်အထက်မှတက်ခွာလျှင် မိရိအံလည်းမိုးပွင့်အဆင်းကဲ့သို့နူရ၏။ အာရုန်သည် မိရိအံနူသည်ကို ကြည့်မြင်သော်၊ 11 အိုအရှင်ဘုရား၊ ကျွန်တော်တို့မိုက်မဲစွာပြစ်မှားမိသောအပြစ်ဝန်ကို တင်တော်မမူပါနှင့်။ 12 အသားအရေထက်ဝက်ပျက်ပြီးသော လျှောမွေးကဲ့သို့နေစေတော်မမူပါလင့်ဟု မောရှေအားတောင်းပန်လျှင်၊ 13 မောရှေသည် ထာဝရဘုရားအား အိုဘုရားသခင်၊ ကင်းပျောက်စေတော်မူပါဟု တောင်းလျှောက်၏။ 14 ထာဝရဘုရားကလည်း သူ့အဘသည် သူ့မျက်နှာကိုတံတွေးထွေးရုံမျှသာပြုလျှင် ခုနစ်ရက်ပတ်လုံး အရှက်ကွဲလျက်နေရမည်မဟုတ်လော။ တပ်စခန်းပြင်တွင် ခုနစ်ရက်ပတ်လုံးလှောင်ထားပြီးမှ ပြန်ဝင်စေဟု မိန့်တော်မူသည့်အတိုင်း၊ 15 မိရိအံကို ခုနစ်ရက်တိုင်တိုင်တပ်စခန်းအပြင်လှောင်ထား၍ ပြန်ဝင်ခွင့်မပေးမီ လူမျိုးတော်တို့မချီကြ။ 16 ထိုနောက် လူမျိုးတော်တို့သည် ဟာဇရုတ်စခန်းမှချီသွား၍ ပါရန်တော၌စခန်းချကြ၏။