နာဟုံကျမ်း
1
နိနဝေမြို့ကိုရည်၍ ဧလကောရှမြို့သားနာဟုံမြော်မြင်သောဗျာဒိတ်တော်ကျမ်းဟူမူကား။
ထာဝရဘုရားသည် မရှုစိတ်လျက်၊ လက်စားချေသောဘုရားဖြစ်တော်မူ၏။ ထာဝရဘုရားသည် လက်စားချေလျက် အမျက်တော်ရှင်ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ရန်ဘက်တော်တို့အပေါ်၌ လက်စားချေလျက် ရန်သူတော်တို့ကို အစဉ်ရှုတော်မူ၏။ ထာဝရဘုရားသည် သဘောတော်ကြီးမြတ်၍ စိတ်ရှည်တော်မူသော်လည်း အပြစ်ကင်းသည်ဟု မှတ်တော်မမူချေ။ ထာဝရဘုရားသည် လေပြင်းမုန်တိုင်း၌ စက်တော် ဖြန့်လျက် မိုးသားများကို ခြေတော်မုန့်သဖွယ်ဖြစ်စေတော်မူ၏။ သမုဒ္ဒရာကို ဆုံးမလျက် မြစ်ချောင်းရှိသမျှပါ၊ ခန်းခြောက်စေတော်မူသည့်အတိုင်း ဗာရှန်၊ ကရမေလတောင်နှင့် လေဗနုန်တောင်ရှိအပင်များသည် ညှိုးနွမ်းရ၏။ ရှေ့တော်တွင် တောင်များသည် တုန်လှုပ်ခြင်း၊ ကုန်းများသည် အရည်ပျော်ခြင်း မြေပထဝီနှင့် လောကဓာတ်သည် တည်ရှိသမျှပါ ရွေ့ရှားခြင်းခံရ၏။ အမျက်တော်ကို ခုခံနိုင်သူ၊ ဒေါသအရှိန်၌ ရပ်ခံနိုင်သူကား မည်သူနည်း။ မျက်မာန်တော်ကို မီးသဖွယ်သွန်ချ၍ ကျောက်တောင်များကိုဖြိုလှဲတော်မူ၏။
ထာဝရဘုရားသည် ကောင်းမြတ်တော်မူလျက်ကိုးစားသူတို့ကို သတိမူသည့်အတိုင်း၊ ဒုက္ခရောက်သောကာလ၌ ခံတပ်သဖွယ်ဖြစ်တော်မူသော်လည်း ထိုမြို့ကို လွှမ်းမိုးသော ရေဘေးဖြင့်ကုန်ဆုံးစေလျက် ရန်သူတော်တို့ကိုမှောင်မိုက်ထဲသို့ မောင်းနှင်တော်မူလိမ့်မည်။ ထာဝရဘုရားတစ်ဘက်၌ မည်သို့ကြံစည်ကြသနည်း။ နောင်မညှဉ်းဆဲရစေခြင်းငှာအပြီးသတ်ကုန်ဆုံးစေတော်မူမည်။ 10 ဆူးချုံသဖွယ်ရှုတ်ထွေးလျက်အရက်နှင့် ယစ်မူးသောထိုသူတို့သည် ရိုးပြတ်ခြောက်သဖွယ်ကျွမ်းလောင်ခံရကြလိမ့်မည်။ 11 ထာဝရဘုရားကိုဒုက္ခရှာလျက် မတရားကြံစည်သောသူတစ်ဦးသည် ထိုမြို့တွင်းမှပေါ်ထွက်သည်ကို ထောက်၍ 12 ထာဝရဘုရားက အလုံးအရင်းများပြား၍ ခွန်အားကြီးသော်လည်း ပယ်ရှင်းခံရကြသည့်အလျောက် ထိုသူပပျောက်လိမ့်မည်။ နောင်မညှဉ်းဆဲရစေခြင်းငှာငါညှဉ်းဆဲ တော့မည်။ 13 တင်သောထမ်းပိုးကျင်ကိုချိုးခြင်း ဖွဲ့ကြိုးကိုဖြတ်ခြင်း ယခုပင်ငါပြုမည်ဟု မိန့်တော်မူ၏။ 14 သင့်ကိုရည်၍ထာဝရဘုရားက သင့်အမျိုးအနွယ်တိုးပွားရတော့မည်မဟုတ်။ သင့်ဘုရားကျောင်းရှိရုပ်ပွားဆင်းတုများကို ငါပယ်ရှားလျက် ယုတ်မာသောသင့်အဖို့ သင်္ချၖိုင်းကိုစီမံမည်ဟု မိန့်တော်မူ၏။ 15 ဝမ်းမြောက်ဖွယ်သတင်းကို ကြော်ငြာရသူ ငြိမ်သက်ခြင်းအကြောင်းကို ကြားပြောရသူ၏ ခြေသည် တောင်ပေါ်၌ နင်းပြီတကား။ အိုယုဒအမျိုး၊ မတရားသူသည် သင့်ပြည်တွင် ဖြတ်သန်းခွင့်နောင်ရတော့မည်မဟုတ်။ လုံးလုံးပယ်ရှားပြီးသည်ကိုထောက်၍ ပူဇော်ပွဲကျင်းပခြင်း သစ္စာဝတ်ဖြေခြင်းများကိုပြုလော့။