4
မြို့ရိုးကိုငါတို့ ထိုသို့တည်ကြောင်းသမ္ဘာလတ်ကြားသိသောအခါ၊ ဒေါသအမျက်ခြောင်းခြောင်းထွက်၍၊ ဆွေမျိုးသားချင်းတို့နှင့် ရှမာရိဗိုလ်ထုတို့ရှေ့၊ ယုဒလူမျိုးတို့ကိုပြက်ရယ်ပြုလျက်၊ အားနည်းသောယုဒလူမျိုးတို့မည်သို့ပြုကြသနည်း။ ဘုရားသခင့်ထံကိုယ်ကို အပ်ကြ မည်လော။ ယဇ်ပူဇော်ကြမည်လော။ နေ့ချင်းလက်စသတ်မည်လော။ ကျွမ်းလောင်ပြီးကျောက်သေပြာပုံကို၊ ကျောက်ရှင်ဖြစ်စေမည်လောဟုပြက်ရယ်ပြောဆိုလျှင်၊ အနီးရှိ အမ္မုန်အမျိုးတောဘိယက၊ သူတို့တည်သောမြို့ရိုးကိုမြေခွေးထိသော်ပြိုလိမ့်တကားဟု၊ ထောက်ခံပြောဆိုလေ၏။
အိုအကျွန်ုပ်တို့ဘုရားသခင်၊ နားညောင်းတော်မူပါ။ မထီမဲ့မြင်ပြုခြင်းကို အကျွန်ုပ်တို့ခံရပါ၏။ ချင်းတို့ကဲ့ရဲ့သောစကားသည်၊ ချင်းတို့ဦးထိပ်သို့ရောက်လျက်၊ သိမ်းသွား ရာပြည်တွင်လုယက်ခြင်းကိုခံရကြပါစေသော။ မြို့ရိုးတည်ဆောက်သူတို့ရှေ့၊ အမျက်တော်တိုက်ပြောဝံ့သူတို့ဒုစရိုက်ကို၊ ဖုံးထားတော်မမူ။ အပြစ်ကိုလည်း၊ မျက်မှောက်တော်တွင်ချေဖျောက်တော်မမူပါလင့်။
ငါတို့မူကား၊ မြို့ရိုးကိုတည်ရာ၊ စိတ်ပါကိုယ်ရောက်တည်ဆောက်ကြသောကြောင့်၊ ပတ်လည်မြို့ရိုးအမြင့်တစ်ဝက်တိပြီးစီးသတည်း။
ယေရုရှလင်မြို့ရိုးပြုပြင်ခြင်း၊ အက်ကွဲရာများထေးဖာခြင်းကိစ္စပြုကြသည်ကို၊ သမ္ဘာလတ်၊ တောဘိတို့မှစ၍၊ အာရပ်၊ အမ္မုန်၊ အာဇုတ်လူမျိုးတို့ကြားသိလျှင်၊ အမျက်ခြောင်းခြောင်းထွက်လျက်၊ ယေရုရှလင်မြို့၌ ကွဲလွဲကြစေရန် သွားရောက်တိုက်ခိုက်ကြကုန်အံ့ဟု၊ တိုင်ပင်ကြံစည်ကြ၏။ ငါတို့မှာမူ၊ ကိုယ့်ဘုရားသခင့်ထံပဌနာပြုလျက်၊ ရန်သူတို့ကြောင့်နေ့ညဉ့်မဟူကင်းထားရကြ၏။ 10 ထိုကာလယုဒလူမျိုးတို့က၊ ဝန်ထမ်းသောသူတို့သည် အားကုန်ကြပြီ။ ကျောက်ကျိုးကျောက်ပဲ့များလှ၏။ မြို့ရိုးပြီးအောင်မတတ်နိုင်ဟုဆိုကြ၏။ 11 ရန်သူတို့ကလည်း၊ ထိုသူတို့မသိမမြင်စေဘဲ၊ ငါတို့ဝင်ရောက်သတ်ဖြတ်သဖြင့်၊ အလုပ်ပြတ်စဲရလိမ့်မည်ဟုအောက်မေ့ကြ၏။ 12 ရန်သူတို့အနီးနေထိုင်၍ ငါတို့ထံလာကြသောယုဒလူမျိုးတို့ကလည်း၊ အရပ်ရပ်မှဝင်ရောက်သူတို့ကို၊ ကျွန်တော်တို့နေရာသို့ပြန်ကြပါစေဟု၊ ဆယ်ကြိမ်မြောက်ခွင့် တောင်းကြ၏။ 13 ထို့ကြောင့်၊ မြို့ရိုးအတွင်းထင်ရှားရာနိမ့်သောနေရာများတွင်၊ ဓား၊ လှံ၊ လေး လက်နက်ကိုင်တို့ကို၊ အိမ်ထောင်အလိုက်ငါချထား၍၊ 14 ရှုကြည့်ပြီးလျှင်၊ မှူးမတ်၊ အရာရှိနှင့်ကြွင်းသောသူတို့အား၊ ရန်သူတို့ကို မကြောက်ကြလင့်။ ကြီးမြတ်၍ ကြောက်မက်ဖွယ်သော အရှင်ဘုရားကိုသတိရလျက်၊ ညီအစ်ကို၊ မယား၊ သားသမီး၊ အိမ်များအတွက်၊ တိုက်လှန်ကြလော့ဟု၊ ရပ်လျက်နှိုးဆော်၏။ 15 ရန်သူ့အကြံကိုငါတို့သိနှင့်သည့်ပြင်၊ ဘုရားသခင်လည်းဖျက်ဆီးတော်မူသည်ဟု၊ ချင်းတို့ရိပ်မိသောအခါ၊ ငါတို့ရှိသမျှသည်၊ ဆိုင်ရာလုပ်ရင်းမြို့ရိုးကိုပြန်လုပ်ခွင့်ရကြ၏။ 16 ထိုကာလမှစ၍ ငါ့ငယ်သားတို့အနက်၊ မြို့ရိုးအလုပ်ကိုတစ်ဝက်လုပ်စဉ်အခါ၊ တစ်ဝက်မှာ၊ ရင်အုပ်၊ လှံ၊ ဒိုင်းလွှားလေးများကိုစွဲကိုင်ရကြ၏။ အုပ်ချုပ်သူတို့မူကား၊ မြို့ရိုး တည်လုပ်သောယုဒအမျိုးသားအပေါင်းတို့ နောက်ရပ်နေကြ၏။ 17 ဝန်ထမ်းသူတို့သည်၊ လက်တစ်ဘက်နှင့်လုပ်၍၊ တစ်ဘက်ကားလက်နက်ကိုင်ရကြ၏။ 18 တည်လုပ်သူတို့လည်း၊ ဓားဆောင်လျက်တည်လုပ်ရကြ၏။ 19 ငါ့အနီးတံပိုးမှုတ်သူနေရသည်ဖြစ်၍၊ မှူးမတ်၊ အရာရှိနှင့် ကြွင်းသောသူတို့အားငါဆိုသည်မှာ၊ အလုပ်သည်ကြီးလှ၏။ မြို့ရိုးပေါ်မှာ တစ်ယောက်နှင့်တစ်ယောက်ဝေးကွာ စွာနေရသည့်အတွက်၊ 20 အကြင်အရပ်မှတံပိုးမှုတ်သံကိုကြားရအံ့၊ ထိုအရပ်ရှိငါတို့ထံစုရုံးကြလော့။ ငါတို့ဘုရားသခင်သည်၊ ငါတို့အဖို့စစ်တိုက်တော်မူမည်ဟုဆို၏။ 21 ထိုသို့ပင်ငါတို့လုပ်ကိုင်ကြစဉ်၊ ငယ်သားတစ်ဝက်သည်၊ အရုဏ်တက်ချိန်မှစ၍ ကြယ်ပေါ်သည်တိုင်အောင်၊ လှံလက်နက်ကိုကိုင်ရကြ၏။ 22 ထိုကာလငါက၊ လူတိုင်းငယ်သားပါယေရုရှလင်မြို့တွင်းမှာတည်းခိုရမည်။ သို့ပြုလျှင်။ ညဉ့်၌ကင်းစောင့်သူ၊ နေ့၌လုပ်ဆောင်သူဖြစ်ကြလိမ့်မည်ဟု၊ ပရိတ်သတ်တို့အား မိန့်ဆို၏။ 23 ငါနှင့်တကွ၊ ညီအစ်ကိုများ၊ ငယ်သားများ၊ လိုက်ပါသူကိုယ်ရံများတို့သည်၊ အဝတ်မြဲလျက်၊ လက်နက်စွဲလျက်၊ နေရကြသတည်း။