12
ရှာလသေလသား ဇေရုဗဗေလနှင့်ယောရှုတို့နောက်ပါ ပရောဟိတ်၊ လေဝိဂိုဏ်းသားတို့စာရင်းကား၊ 2-7 စရာယ၊ ယေရမိ၊ ဧဇရ၊ အာမရိ၊ မလ္လုတ်၊ ဟတ္တုတ်၊ ရှေကနိ၊ ရေဟုံ၊ မေရမုတ်၊ ဣဒ္ဒေါ၊ ဂိန္နေသဲ၊ အဘိယ၊ မိယာမိန်၊ မာဒျာ၊ ဗိလဂ၊ ရှေမာယ၊ ယောယာရိပ်၊ ယေဒါယ၊ သလ္လု၊ အာမောက်၊ ဟိလခိ၊ ယေဒါယတည်းဟူသော။ ယောရှုလက်ထက်ဆွေမျိုးသားချင်းပရောဟိတ်တို့တွင် အအုပ်အချုပ်ဖြစ်သူတို့တည်း။ လေဝိဂိုဏ်းသားတို့ကား၊ ယောရှု၊ ဗိနွိ၊ ကပ်မျေလ၊ ရှေရဘိ၊ ယုဒ၊ ဆွေမျိုးသားချင်းတို့ပါ၊ ထောမနာပြုခြင်းကိုအုပ်ချုပ်သူမဿနိ၊ ၎င်းတို့နှင့် ဝဲယာ ထောမနာပြုရသောဆွေမျိုးသားချင်းဗာကဗုကိ၊ ဥန္နိတို့တည်း။
10 ယောရှုသားကား၊ ယောယကိမ်၊ ယောယကိမ့်သား၊ ဧလျာရှိပ်၊ 11 ဧလျာရှိပ်သား၊ ယောယဒ၊ ယောယဒသား၊ ယောနသန်။ ယောနသန့်သား၊ ယာဒွါတည်း။ 12 ယောယကိမ့်လက်ထက်အိမ်ထောင်အအုပ်အချုပ် ပရောဟိတ်များဟူမူကား၊ စရာယသား မေရာယ၊ ယေရမိသားဟာနနိ၊ 13-15 ဇေရသား မေရှုလံ၊ အာမရိသားယောဟနန်၊ မလ္လုကိသား၊ ယောနသန်၊ ရှေဗနိသားယောသပ်၊ ဟာရိမ့်သား အာဒန၊ မေရာယုတ်သား ဟေရကဲ၊ 16-17 ဣဒ္ဒေါ့သား ဇာခရိ၊ ဂိန္နေသုန့်သားမေရှုလံ၊ အဘိယသားဇိခရိ၊ မိညာမိန့်သား၊ မိုဒျာ့သားပိလတဲ၊ 18-19 ဗိလဂသားရှမွာ၊ ရှေမာယသား ယောနသန်၊ ယောယာရိပ်သားမတ္တနဲ၊ ယေဒါယသားဩဇိ၊ 20-21 သလ္လဲသားကာလဲ၊ အာမောက်သားဟေဗာ၊ ဟိလခိသားဟာရှဘိ၊ ယေဒါယသားနာသနေလတို့တည်း။
22 ပေရသိဘုရင်ဒါရိမင်းနန်းစံစဉ်၊ ဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်၊ ယာဒွါတို့လက်ထက်၊ လေဝိအိမ်ထောင်အအုပ်အချုပ်တို့နှင့် ပရောဟိတ်တို့ကို စာရင်းမှတ်သွင်းကြ၏။ 23 ဧလျာရှိပ်သားယောဟနန့်လက်ထက်တိုင်အောင်၊ လေဝိအိမ်ထောင်အအုပ်အချုပ်တို့ကိုစာရင်းယူပြီးလျှင်၊ ရာဇဝင်၌ တင်သွင်းသတည်း။ 24 လေဝိဂိုဏ်းအအုပ်အချုပ်ဟာရှဘိ၊ ရှေရဘိ၊ ကပ်မျေလသား ယောရှုတို့သည်၊ ဘုရားသခင့်လူယုံတော်ဒါဝိဒ်မင်းစီရင်ခဲ့သည့်အတိုင်း၊ ဆွေမျိုးသားချင်းတို့နှင့်ဝဲယာ၊ ဂုဏ်တော်၊ ကျေးဇူးတော်ကိုချီးမွမ်းရကြ၏။ 25 မဿနိ၊ ဗာကဗုတိ၊ ဩဗဒိ၊ မေရှုလံ၊ တာလမုန်၊ အတ္တုပ်တို့သည်၊ တံခါးအနီးအဆောင်အရွက်တော်တိုက်များကို စောင့်ရကြ၏။ 26 ထိုသူတို့သည်၊ ယောဇဒက်မြေးယောရှုသားယောယကိမ်၊ ဘုရင်ခံနေဟမိ၊ ကျမ်းတတ်ပရောဟိတ်ဧဇရတို့လက်ထက်၌ဆောင်ရွက်ရကြ၏။
27 ယေရုရှလင်မြို့ရိုးအနုမောဒနာပွဲတွင်၊ ခွက်ခွင်း၊ စောင်း၊ တယောနှင့်တကွ၊ သီဆိုထောမနာပြုလျက်၊ ထိုပွဲကိုရွှင်လန်းစွာကျင်းပကြစေရန်၊ ဆိုင်ရာအရပ်ရပ်မှလေဝိဂိုဏ်း သားတို့ကိုရှာဖွေခေါ်ငင်၍၊ 28-29 ယေရုရှလင်မြို့ပတ်လည်၌ ရွာတည်ထောင်နေထိုင်ကြသော သီချင်း ဂိုဏ်းသားတို့သည်၊ ယေရုရှလင်မြို့အနီးမြစ်ကမ်းပြင်၊ နေတောဖရွာစဉ်၊ ဗက်ဂိလဂါလမြို့၊ ဂေဗ နှင့် အာဇမာဝက်မြို့များပတ်ဝန်းကျင်အရပ်ရပ်မှစုရုံးလာရောက်ကြရာ၊ 30 ပရောဟိတ်နှင့်လေဝိဂိုဏ်းသားတို့သည်၊ ကိုယ်ကိုသန့်ရှင်းစေပြီးလျှင်၊ လူပရိသတ်၊ မြို့ရိုး၊ တံခါးများပါ၊ သန့်ရှင်းစေကြ၏။ 31 ထိုအခါ၊ ငါသည် ယုဒမှူးမတ်တို့ကို မြို့ရိုးပေါ်သို့တက်စေလျက်၊ ထောမနာသီဆိုသူနှစ်သွယ်အမြောက်အမြားကိုစီမံရာ၊ အာလဝီတံခါးသို့မျက်နှာမူလျက်၊ မြို့ရိုးထက် လက်ယာရစ်စီတန်းလျှောက်သွားရသောတစ်သွယ်နောက်၊ 32-34 ဟောရှာယနှင့် ယုဒမှူးမတ်တစ်ဝက်၊ အာဇရိ၊ ဧဇရ၊ မေရှုလံ၊ ယုဒ၊ ဗင်္ယာမိန်၊ ရှေမာယ၊ ယေရမိတို့နှင့်၊ 35 တံပိုးကိုင်ပရောဟိတ်ဂိုဏ်းသားအချို့ အာသပ်သား၊ ဇက္ကုရ၊ ၎င်းသားမိက္ခာ၊ ၎င်းသားမဿနိ၊ ၎င်းသားရှေမာယ၊​ ၎င်းသားယောနသန်၊ ၎င်းသား ဇာခရိနှင့်၊ 36 ဘုရားသခင့်လူယုံတော် ဒါဝိဒ်မင်းစီမံခဲ့သော တုရိယာမျိုးကိုကိုင်ဆောင်သူဆွေမျိုးသားချင်းရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသနေလ၊ ယုဒ၊ ဟာနန် တို့လိုက်ရကြသော်၊ ကျမ်းတတ်ဆရာဧဇရဦးတည်လေ၏။ 37 စမ်းတွင်းတံခါးအနီး၊ မြို့ရိုးမြင့်စတွင်၊ စောင်းတန်းဖြင့်ဒါဝိဒ်မြို့တော်သို့တည့်တည့်တက်၍၊ ၎င်းနန်းတော်အထက်၊ ဗိမာန်တော်အရှေ့မျက်နှာ၊ ရေတံခါးတိုင်ေလျှာက်သွားကြသတည်း။ 38 မြို့ရိုးထက်လက်ဝဲရစ် လှည့်သွားသော သီဆိုသူတစ်သွယ်သည်၊ ငါနှင့်ကျန်ပရိသတ်တစ်ဝက်လိုက်လျက်၊ 39 တန္နုရိမ်ပြအိုး၊ မြို့ရိုးကျယ်၊ ဧဖရိမ်တံခါး၊ မြို့ဟောင်းတံခါး၊ ငါးတံခါး၊ ဟာနနေလပြအိုး၊ မေအာပြအိုးများအလွန်၊ သိုးတံခါးသို့ရောက်သော်၊ 40 ထောင့်တံခါးအနီးရပ်သဖြင့်၊ ဘုရားသခင့်ဗိမာန်တော်တွင်၊ ထောမနာသီဆိုသူ နှစ်သွယ်ရပ်နေကြ၏။ 41 ငါနှင့်တကွ လိုက်ပါသူမှူးမတ်တို့တစ်ဝက်၊ ဧလျာကိမ်၊ မာသေယ၊ မိညာမိန်၊ မိက္ခာ၊ ဧလျောနဲ၊ ဇာခရိ၊ ဟာနနိတည်းဟူသော တံပိုးကိုင်ပရောဟိတ်များ၊ 42 မာသေယ၊ ရှေမာယ၊ ဧလာဇာ၊ ဩဇိ၊ ယောဟနန်၊ မာလခိယ၊ ဧလံ၊ ဧဇာတို့ရပ်နေကြစဉ်၊ အကြီးအကဲယေဇရာဟိနှင့်တကွ၊ သီဆိုသူတို့သည် ကျယ်စွာသီဆိုကြ၏။ 43 ထိုနေ့ရက်၌ အားရဝမ်းမြောက်ခွင့်ကိုဘုရားသခင်ပေးတော်မူသဖြင့်၊ ပူဇော်သက္ကာအမြောက်အမြားဆက်ကပ်၍၊ သားမယားပါရွှင်လန်းကြသည်နှင့်၊ ယေရုရှလင်မြို့ ရွှင်လန်းသံကိုအဝေးကပင်ကြားရကြ၏။
44 ထိုအခါ၊ ပရောဟိတ်နှင့် လေဝိဂိုဏ်းသားတို့ခစားလျက် နေကြသောကြောင့်၊ ယုဒအမျိုးသားတို့သည် အားရဝမ်းမြောက်ကြသည့်အလျောက်၊ မြှောက်ဆက်ရာအလှူ၊ လက်ဦးလက်ဖျား၊ ဆယ်ဖို့တစ်ဖို့အလှူတည်းဟူသောဝတ္ထုများသိုထားရာအခန်းများကိုကြည့်ရှုရန်လည်းေကာင်း၊ ပညတ်တရားအရပရောဟိတ်နှင့်လေဝိဂိုဏ်းသားတို့ခံစားအပ်သောရိက္ခာကို၊ မြို့နယ်များမှကောက်ခံရန်လည်းေကာင်း၊ ခန့်ထားကြ၏။ 45-46 သီဆိုသူနှင့်တံခါးစောင့်တို့လည်း၊ ရှေးကာလဒါဝိဒ်မင်းနှင့်အာသပ်တို့လက်ထက်၊ ဘုရားသခင့်ဂုဏ်တော်၊ ကျေးဇူးတော်ချီးမွမ်းခြင်းလင်္ကာစပ်ဆိုသူဆရာတော်များရှိသည်နှင့်အညီ၊ ဒါဝိဒ်မင်းနှင့်သားတော်ရှောလမုန်မင်းတို့စီရင်ခဲ့သည့်အတိုင်း၊ ကိုယ့်ဘုရားဝတ်နှင့်သန့်ရှင်းစေခြင်းဝတ်ကိုပြုလျက်နေကြ၏။ 47 ဣသရေလလူအပေါင်းတို့သည်၊ ဇေရုဗဗေလနှင့် နေဟမိတို့လက်ထက်၊ သီဆိုသူ၊ တံခါးစောင့်တို့အား၊ နေ့စဉ်ရိက္ခာထောက်ပံ့သည့်ပြင်၊ လေဝိဂိုဏ်းသားတို့အဖို့၊ သီးသန့်လှူဒါန်းကြ၏။ လေဝိဂိုဏ်းသားတို့လည်း။ အာရုန့်အနွယ်တို့အဖို့တစ်ဆင့်လှူဒါန်းကြသတည်း။