နေဟမိအတ္ထုပ္ပတ္တိကျမ်း
1
ဟာခလိသားနေဟမိပြန်ကြားချက်ဟူမူကား၊ အာတဇေရဇ်မင်းနန်းစံနှစ်ဆယ်၊ ခိသလုလတွင်၊ ရှုရှန်နန်းတော်၌ငါရှိနေစဉ်၊ ညီဟာနန်နှင့်ယုဒပြည်မှလာရောက်သူတို့အချို့တို့ဝင်ကြသော်၊ သုံ့ဘမ်းခံရာမှ လွတ်မြောက်ကြွင်းကျန်သောယုဒလူမျိုးတို့အကြောင်းနှင့်၊ ယေရုရှလင်မြို့အကြောင်းကို ငါမေးမြန်းရာ၊ သူတို့က၊ ယုဒပြည်တွင်သုံ့ဘမ်းရာမှကြွင်းကျန်သူတို့သည်၊ ကြီးလေးသောဒုက္ခနှင့်ကဲ့ရဲ့ခြင်းကိုခံရကြ၏။ ယေရုရှလင်မြို့မှ၊ မြို့ရိုးပြိုပျက်လျက်၊ တံခါးလည်းမီးလောင်ပါ ပြီဟုပြန်ပြောကြ၏။ ထိုစကားကိုကြားသော်၊ ငါသည် ထိုင်နေငိုကြွေးပြီးလျှင်၊ နေ့ရက်အတန်ကြာ မြည်တမ်းလျက်၊ မိုးကောင်းကင့်ရှင်ဘုရားသခင့်မျက်မှောက်တော်၌အစာရှောင်၍ပဌနာပြုသည်မှာ၊ အိုမိုးကောင်းကင့်ရှင်ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကိုချစ်ကြည်မြတ်နိုး၍ ပညတ်တော်များကိုလည်း၊ စောင့်ရှောက်သူတို့အား၊ ပဋိညာဉ်နှင့်ကရုဏာတော် ကိုစောင့်လျက်၊ ကြောက်မက်ဖွယ်ရာမဟာဘုရား၊ အကျွန်ုပ်မှစ၍ အိမ်ထောင်သားချင်းနှင့်တကွ၊ ဣသရေလအမျိုးပါ၊ ပြစ်မှားမိသောအပြစ်ဒုစရိုက်များကိုဝန်ချသည့်ကာလတွင်၊ ကိုယ်တော့်ကျွန်ဣသရေလအမျိုးသား တို့အတွက်၊ ယခုအခါနေ့ညဉ့်မဟူမျက်မှောက်တော်တွင် ကျွန်တော်မျိုးတောင်းလျှောက်သောပဌနာကို နာယူနားညောင်းလျက် အာရုံပြုတော်မူပါ။ အကျွန်ုပ်တို့သည်၊ ကိုယ်တော်မှဖောက်ပြန်၍၊ ကျွန်တော်ရင်းမောရှေအားထားတော်မူခဲ့သောမိန့်မှာထုံးဖွဲ့ဆုံးဖြတ်ချက်များကိုမစောင့်ရှောက်လေစွတကား။ 8-9 သစ္စာတော်ကိုသင်တို့ဖောက်ကျော်လျှင်၊ ငါသည် လူအမျိုးမျိုးတွင်ကွဲလွင့်စေမည်ဟူ၍လည်းကောင်း၊ ကောင်းကင်အဆုံးထိသင်တို့နှင်ထုတ်ခံရသော်လည်း၊ ငါ့ထံပြန်လာ၍ ပညတ်တော်များကိုစောင့်ရှောက်လိုက်နာကြလျှင်၊ ထိုနေရာမှပင်ငါပြန်သိမ်းလျက်၊ နာမတော်တည်ရန်ငါရွေးချယ်သောဌာနသို့ဆောင်ခဲ့မည်ဟူ၍လည်းကောင်း၊ ကျွန်တော်ရင်းမောရှေအား ထားခဲ့သောကတိတော်ကိုသတိရတော်မူပါ။ 10 ဤသူတို့မှာ၊ မဟာတန်ခိုးတော်၊ အားကြီးသော လက်ရုံးတော်ဖြင့် ရွေးနုတ်ခဲ့သောကျွန်တော်ရင်း၊ လူမျိုးတော်ဖြစ်ကြပါ၏။ 11 အိုအရှင်ဘုရား၊ နာမတော်ကိုကြည်ညိုခန့်ညားသောကျွန်တော်မျိုးမှစ၍ ကျွန်တော်အပေါင်းတို့ပဌနာကိုနားညောင်းလျက်၊ ယနေ့ပင်ကျွန်တော်မျိုးကိုကောင်းကျိုးပေး၍၊ ဤသူ့ရှေ့မျက်နှာရစေတော်မူပါဟု တောင်းလျှောက်လေ၏။ ထိုအခါ၊ ငါကားရေကြည်ဝန်ဖြစ်သတည်း။