4
ထိုနောက် ဝိညာဉ်တော်သည် ယေရှုကို မာရ်နတ် စုံစမ်းခြင်းခံစေရန် တောသို့ပို့ဆောင်သဖြင့် ယေရှုသည်အရက်လေးဆယ်၊ နေ့ညဉ့်ပတ်လုံး အစာရှောင်၍နေပြီးနောက် ဆာမွတ်တော်မူရာ၊ စုံစမ်းသော နတ်ဆိုးသည် ချဉ်းလာလျက် ဘုရားသခင့်သားတော်မှန်လျှင် ဤကျောက်ခဲများကို မုန့်ဖြစ်စေရန် အမိန့်ရှိတော်မူပါဟု လျှောက်သော်၊ ကိုယ်တော်က လူသည်မုန့်ဖြင့်သာ အသက်မွေးရမည်မဟုတ်။ ဘုရားသခင့် နှုတ်တော်ထွက်ဗျာဒိတ်တော်ရှိသမျှဖြင့်အသက်မွေးရမည်ဟူသော ကျမ်းချက်ရှိသည်ဟု ပြန်၍မိန့်တော်မူ၏။ ထိုအခါမာရ်နတ်သည် ကိုယ်တော်ကို သန့်ရှင်းသောမြို့တော်သို့ ခေါ်သွား၍ ဗိမာန်၏အထွဋ်တွင်ထားပြီးသော်၊ ကိုယ်တော်နှင့်စပ်၍ စေတမန်တော်တို့အား မှာထားတော်မူသည့်အတိုင်း ကျောက်ခဲနှင့်ခြေကိုမခိုက်မိစေရန် ချီပင့်ရကြလိမ့်မည်ဟူသော ကျမ်းချက်အရ ဘုရားသခင့်သားတော်မှန်လျှင် ကိုယ်ကိုချလိုက်တော်မူပါဟုလျှောက်ရာ၊ ယေရှုက သင်၏ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်းမပြုရဟူသော ကျမ်းချက်ရှိပြန်သည်ဟု မိန့်တော်မူ၏။ တစ်ဖန်မာရ်နတ်သည် ကိုယ်တော်ကိုအလွန်မြင့်သောတောင်ပေါ်သို့ ခေါ်သွား၍ လောကနိုင်ငံရှိသမျှကို ဘုန်းစည်းစိမ်ပါပြပြီးသော်၊ ငါ့ကိုပျပ်ဝပ်ရှိခိုးလျှင် ထိုအရာ အလုံးစုံကို ငါပေးမည်ဟု လျှောက်သည့်အခါ ယေရှုက အချင်းစာတန်ထွက်သွားလော့၊ 10 သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ရှိခိုးဝတ်ပြုရမည်ဟူသော ကျမ်းချက်ရှိသည်ဟု မိန့်တော်မူ၏။ 11 ထိုအခါ မာရ်နတ်သည် ကိုယ်တော့်ထံမှခွာသွားသဖြင့် စေတမန်တော်တို့ လာရောက်၍ လုပ်ကျွေးသမှုပြုကြ၏။
12 ယောဟန်ပို့အပ်ခံရသည့် အကြောင်းကိုကြားသော် ကိုယ်တော်သည် ဂါလိလဲနယ်သို့ ထွက်၍ နာဇရက်မြို့ကိုစွန့်ပြီးလျှင်၊ 13 ဇာဗုလုန်နှင့်နဿလိနယ် အိုင်ကမ်းနားရှိ ကပေရနောင်မြို့တွင် နေထိုင်တော်မူ၏။ 14-16 ထိုသို့နေတော်မူသည်မှာ ဇာဗုလုန်နယ် နဿလိနယ်များ ယော်ဒန်မြစ်တစ်ဖက်၊ ပင်လယ်နားတစ်လျှောက် လူမျိုးခြားတို့နေရာ အိုဂါလိလဲပြည်မှောင်မိုက်၌ ထိုင်နေရသောလူမျိုးသည် ကြီးစွာသောအလင်းကိုမြင်ရ၍ သေမင်းအရိပ် လွှမ်မိုးရာ အရပ်တွင် ထိုင်နေရသူတို့အပေါ်၌လည်း၊ အလင်းတောက်ပလေပြီဟူ၍ ပရောဖက်ဟေရှာယဖြင့်ေရာက်ေသာဗျာဒိတ်တော်အတိုင်းပြည့်စုံစေခြင်းငှာတည်း။ 17 ထိုအခါမှစ၍ ယေရှုက နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်တည်လုပြီဟု ဟောတော်မူ၏။
18 ဂါလိလဲအိုင်နားကြွသွားတော်မူစဉ် ပေတရုခေါ်ရှိမုန်နှင့်အန္ဒြေညီအစ်ကိုတို့သည် တံငါဘာဝ အိုင်တွင်ပိုက်ချလျက်နေသည်ကို မြင်သော်၊ 19 ကိုယ်တော်က ငါ့နောက်လိုက်ကြလော့။ သင်တို့ကို လူဖမ်းသောတံငါဖြစ်စေမည်ဟု မိန့်တော်မူသည့်ကာလ၊ 20 ထိုသူတို့သည် ပိုက်များကိုထားခဲ့ပြီးလျှင် ချက်ခြင်းနောက်တော်ကလိုက်ကြ၏။ 21 ထိုအရပ်မှကြွတော်မူသော် အခြားညီအစ်ကိုဖြစ်သူ ဇေဗေဒဲ့သားယာကုပ်၊ ယောဟန်တို့သည် အဘဇေဗေဒဲနှင့်အတူ လှေထဲ၌ ပိုက်ဖာလျက်နေသည်ကို မြင်သဖြင့် ခေါ်တော်မူ၍ အဘနှင့်လှေကိုထားခဲ့ပြီးလျှင် 22 ချက်ခြင်း နောက်တော်ကလိုက်ကြ၏။
23 ကိုယ်တော်သည်ဓမ္မာရုံများ၌ ဒေသနာပေးလျက် ပြည်သူပြည်သားတို့အလယ်တွင် နိုင်ငံတော်ဆိုင်ရာ သတင်းတော်မြတ်ကို ကြားပြောလျက် အနာရောဂါအမျိုးမျိုး ကင်းပျောက်စေလျက် ဂါလိလဲနယ်တစ်ဝှမ်းလုံးကို လှည့်လည်တော်မူ၏။ 24 ကိုယ်တော့်အကြောင်းသတင်းသည် ရှုရိပြည်လုံးနှံ့ကြေငြာသဖြင့် နတ်ဆိုးပူးသူ၊ ဝက်ရူးစွဲသူ၊ သွက်ချာပါဒရောက်သူတို့နှင့်တကွ ရောဂါဝေဒနာ အထူးထူးအထွေထွေ ကပ်ရောက်သော သူနာရှိသမျှတို့ကို အထံတော်သို့ ခေါ်ခဲ့ကြသည့်အလျောက် ကျန်းမာစေတော်မူ၏။ 25 ဂါလိလဲနယ်၊ ဒေကပေါလိနယ်၊ ယေရုရှလင်မြို့၊ ယုဒနယ်၊ ယော်ဒန်မြစ်တစ်ဖက်မှ များစွာသော လူပရိသတ်တို့လည်း နောက်တော်ကလိုက်ကြ၏။