22
ထိုနောက် ယေရှုသည် ထိုသူတို့အား ဥပမာဆောင်၍ ထပ်မံမိန့်တော်မူသည်မှာ ကောင်းကင်နိုင်ငံတော်သည် သားတော့်အတွက် မင်္ဂလာဆောင်ပွဲယဉ်သော ဘုရင်မင်းတစ်ပါးနှင့်တူ၏။ ဖိတ်ထားသူတို့ကိုခေါ်ရန် မင်းစေများကိုလွှတ်သည့်ကာလ မလာလိုနေကြရာ၊ အခြားသောမင်းစေများကို လွှတ်ပြန်၍ ပွဲတော်ပြင်ဆင်ပြီးနွားစသော ဆူဖြိုးသည့်ဟင်းလျာများကိုစီရင်ပြီ။ အရာခပ်သိမ်းအသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့လာရောက်ကြပါဟု ဖိတ်ထားသူတို့အား ကြားပြောစေရန်မှာလိုက်သော်လည်း။၊ ထိုသူတို့သည် အရေးမယူဘဲတစ်ယောက်ကကိုယ့်လယ်ယာသို့လည်းေကာင်း၊ တစ်ယောက်ကကုန်စည်ရှိရာသို့လည်းေကာင်း၊ အသီးသီးသွားကြလျက် ကျန်သူတို့သည် ထိုမင်းစေများကို ဖမ်းဆီးဆဲရေးသတ်ဖြတ်ကြသဖြင့် ဘုရင်မင်းအမျက်ထွက်၍ စစ်တပ်များကိုချီစေပြီးလျှင် ထိုလူသတ်တို့ကို ဖျက်ဆီးသည့်ပြင် မြို့ကိုလည်းမီးရှို့စေ၏။ ထိုနောက် ဘုရင်မင်းက မင်္ဂလာဆောင်ပွဲအသင့်ရှိသော်လည်း ဖိတ်ထားသူတို့မှာ မထိုက်တန်ကြ။ ထိုကြောင့်လမ်းဆုံများသို့သွား၍ တွေ့သမျှသောသူတို့ကို ပွဲဝင်ရန်ဖိတ်ခဲ့ကြဟု မင်းစေတို့အားအမိန့်ရှိကြသည့်အတိုင်း 10 လမ်းများသို့သွား၍ လူဆိုးလူကောင်းတွေ့သမျှတို့ကို စုရုံးခေါ်သွင်းသဖြင့် ပွဲနေပွဲထိုင် အပြည့်ရှိ၏။ 11 ဘုရင်မင်းမြတ်သည် ပွဲထိုင်တို့ကိုကြည့်ရှုရန် ဝင်လာသော် မင်္ဂလာဆောင်အဝတ်မဆင်သူ တစ်ယောက်ကိုမြင်၍ 12 အဆွေ မင်္ဂလာဆောင်အဝတ်မဆင်ဘဲ မည်သို့ဝင်ဝံ့သနည်းဟုမေးသော် မဖြေနိုင်ဘဲ ရှိနေ၏။ 13 ထိုအခါ ဘုရင်မင်းက သူ့ကိုလက်ရောခြေရောတုတ်နှောင်ထုတ်သွားပြီးလျှင် ပြင်ပမှောင်ထဲသို့ပစ်ချကြဟု အမှုထမ်းတို့အားအမိန့်ရှိ၏။ ထိုအရပ်၌ ငိုကြွေးခြင်း၊ အံကြိတ်ခြင်းရှိရလတ္တံ။ 14 အဖိတ်ခံရသူများသော်လည်း ရွေးကောက်ခံရသူနည်းသည်ဟုမိန့်တော်မူ၏
15 ထိုအခါ ဖာရိရှဲတို့သည် သွား၍ကိုယ်တော်ကို စကားအားဖြင့် ကျော့မိရန် တိုင်ပင်ကြံစည်ကြပြီးလျှင် ကိုယ့်တပည့်များကို 16 ဟေရုဒ်မင်းဘက်တော်သားများနှင့်တကွ အထံတော်သို့စေလွှတ်လျက် ဆရာသည်သစ္စာစောင့်သူ ဖြစ်သည့်အလျောက် မည်သည်ကိုမျှအမှုမထား၊ လူ့မျက်နှာကိုမထောက်ဘဲ ဘုရားသခင့်နည်းလမ်းတော်ကို သစ္စာနှင့်သွန်သင်ကြောင်း ကျွန်ုပ်တို့သိကြာပါသည်။ သို့ဖြစ်၍ မည်သို့ထင်ပါနည်း။ 17 ကဲသာမင်းအား အခွန်ဆက်အပ်သလော။ မဆက်အပ်သလော အမိန့်ရှိတော်မူပါဟု ပြောဆိုမေးမြန်းကြရာ 18 ယေရှုသည် ထိုသူတို့၏ ဆိုးသွမ်းခြင်းကိုသိမြင်၍ အချင်းသီလကြောင်တို့၊ ငါ့ကိုအဘယ့်ကြောင့်စုံစမ်းကြသနည်း။ 19 အခွန်ငွေကိုပြကြဟု မိန့်တော်မူသဖြင့် ငွေတစ်ကျပ်ကိုယူခဲ့ကြသော်၊ 20 ဤပုံနှင့်ကမ္ပည်းကား မည်သူ့ပုံ မည်သူ့ကမ္ပည်းနည်းဟုမေးတော်မူလျှင်၊ 21 ကဲသာမင်း၏ပုံနှင့် ကမ္ပည်းဖြစ်ပါသည်ဟု ဖြေဆိုကြသည့်ကာလ သို့ဖြစ်လျှင်ကဲသာမင်းပိုင်ဆိုင်ရာများကို ကဲသာမင်းအားလည်းေကာင်း၊ ဘုရားသခင့်ပိုင်ဆိုင်တော်မူရာများကို ဘုရားသခင်အားလည်းေကာင်း ဆက်ကြလော့ဟုမိန့်တော်မူ၏။ 22 ထိုသူတို့သည်ကြားကြသော် အံ့သြလျက် အထံတော်မှထွက်သွားကြ၏။
23 ရှင်ပြန်ထမြောက်ခြင်းမရှိဟု အယူယူသော ဇဒ္ဒုကဲတို့လည်း ထိုနေ့တွင်ပင် ချဉ်းလာလျက် 24 ဆရာမောရှေက သားမရှိဘဲလူတစ်ဦးသေလျှင် သူ့ညီသည်မုဆိုးမနှင့် မတ်ဝတ်ပြု၍ အစ်ကို့အဖို့ အမျိုးအနွယ် ဖြစ်ပွားစေရမည်ဟုဆိုခဲ့ရာ 25 ကျွန်ုပ်တို့တွင် ညီအစ်ကိုခုနစ်ယောက်ရှိဖူးပါသည်။ ပဌမလူသည် အိမ်ထောင်ဘက်ပြု၍ သားမရှိဘဲသေဆုံးသဖြင့် မုဆိုးမကိုညီနှင့်ထားခဲ့ပါသည်။ 26 ထိုနည်းတူဒုတိယလူ တတိယလူစသည်တို့သည် သတ္တမလူတိုင်အောင်ပြုကြပါသည်။ 27 နောက်ဆုံး၌ မိန်းမလည်းသေပါသည်။ 28 ထိုကြောင့်ရှင်ပြန်ထမြောက်ရာကာလတွင် ထိုမိန်းမသည် ညီအစ်ကိုခုနစ်ယောက်အနက် မည်သူ့မယားဖြစ်ပါမည်နည်း။ အားလုံးယူဘူးကြပါသည်ဟုပြောဆိုမေးမြန်းကြသော် 29 ယေရှုကသင်တို့သည် ကျမ်းစာကိုလည်းေကာင်း၊ ဘုရားသခင့်တန်ခိုးတော်ကိုလည်းေကာင်း၊ မသိသဖြင့်မှောက်မှားကြ၏။ ရှင်ပြန်ထမြောက်ရာကာလတွင် 30 အိမ်ထောင်ခြင်း ၊ ပေးစားခြင်းမရှိ၊ ကောင်းကင်ဘုံရှိ စေတမန်တော်တို့ကဲ့သို့ ဖြစ်ကြ၏။ 31 သူသေတို့ရှင်ပြန်ထမြောက်ခြင်း အကြောင်းကိုဆိုလျှင် 32 ငါသည် အာဗြဟံ၏ဘုရား ဣဇာက်၏ဘုရား ယာကုပ်၏ဘုရားဖြစ်သည်ဟူ၍ သင်တို့အားဘုရားသခင်ပေးတော်မူသော ဗျာဒိတ်တော်ကိုမဖတ်ဘူးကြလော။ ဘုရားသခင်သည်သူေသတို့၏ ဘုရားမဟုတ်။ သူရှင်တို့၏ဘုရားဖြစ်တော်မူသည်ဟု မိန့်တော်မူ၏။ 33 လူပရိသတ်ကြားသော် ဒေသနာတော်ကို အံ့သြကြ၏။
34 ဇဒ္ဒုကဲတို့အား မချေမပနိုင်အောင် မိန့်တော်မူလိုက်ကြောင်းကို ဖာရိရှဲတို့ကြားသော် စည်းဝေးကြ၍ ၎င်းတို့အနက် 35 ကျမ်းတတ်တစ်ယောက်က ကိုယ်တော်ကိုစုံစမ်းလျက် 36 ဆရာပညတ္တိကျမ်းတွင် ပညတ်ကြီးကားမည်သည့်ပညတ်ပါနည်းဟု မေးရာ 37 ကိုယ်တော်က သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံး၊ အသက်ဝိညာဉ်၊ ဉာဏ် 38 သတ္တိ အကြွင်းမဲ့ချစ်လော့ဟူသောအချက်သည် ပညတ်ဦးပညတ်ကြီးဖြစ်သည်။ 39 အပေါင်းအဖော်ကို ကိုယ်နှင့်အမျှချစ်လော့ဟူသောအချက်သည် သဘောတူသောဒုတိယပညတ်ဖြစ်သည်။ 40 ပညတ္တိကျမ်း ပရောဖက်ကျမ်းရှိသမျှမှာ ထိုပညတ်နှစ်ပါးကို မှီတွဲသည်ဟု မိန့်တော်မူ၏။
41-42 ဖာရိရှဲတို့ စည်းဝေးလျက်ရှိကြစဉ် ယေရှုက ခရစ်တော့်အကြောင်းကို မည်သို့ထင်မှတ်ကြသနည်း၊ မည်သူ့သားနည်းဟု မေးတော်မူသော် ဒါဝိဒ်မင်းသားတော်ပေတည်းဟုဖြေဆိုကြရာ 43-44 သို့ဖြစ်လျှင် ထာဝရဘုရားက သင်၏ရန်သူတို့ကို သင့်ခြေအောက် ငါမချမီအတွင်း ငါ့လက်ျာဘက်မှာ စံနေလော့ဟူ၍ ငါ့အရှင်ဘုရားအားမိန့်တော်မူကြောင်း ဒါဝိဒ်မြွက်ဆိုလျက် ဝိညာဉ်တော်အားဖြင့် အရှင်ဘုရားဟုခေါ်သည်မှာ မည်သို့နည်း။ 45 ခရစ်တော်ကို အရှင်ဘုရားဟု ဒါဝိဒ်ခေါ်လျှင် မည်သို့သူ့သားဖြစ်မည်နည်းဟု မေးတော်မူပြန်သော် မည်သူမျှ တစ်ခွန်းတပါဒမဖြေမဆိုနိုင်။ ထိုနေ့ကစ၍ လည်းထပ်မံမမေးမစမ်းဝံ့ချေ။