21
ယေရုရှလင်အနီး သံလွင်တောင်ခြေရင်းရှိ ဗက်ဖာဂေရွာသို့ ရောက်ကြသော် ယေရှုသည် တပည့်တော်နှစ်ပါးကိုစေလွှတ်လျက်၊ ရှေ့ရွာသို့သွားကြ၊ မြည်းငယ်နှင့်တကွ မြည်းမတစ်ကောင်ကို ချည်ထားသည်ကို ချက်ခြင်းတွေ့လိမ့်မည်။ ဖြည်၍ဆွဲခဲ့ကြ။ ကန့်ကွက်သူရှိလျှင်၊ အရှင်ဘုရားအလိုတော်ရှိသည်ဟုဆိုကြ၊ ချက်ခြင်းပေးလိုက်လိမ့်မည်ဟူ၍ မှာတော်မူလိုက်သည်။ 4-5 ထိုသို့ပြုသည်မှာ ဘုရင်မင်းသည် သိမ့်မွေ့သောစိတ်ရှိလျက် ဝန်ဆောင်တိရစ္ဆာန့်သား မြည်းကိုစီးကြွကြောင်း၊ သတို့သမီးဇိအုန်အားကြားပြောကြလော့ဟူ၍ ပရောဖက်ဖြင့်ရောက်သော ဗျာဒိတ်တော်အတိုင်း ပြည့်စုံစေခြင်းငှာတည်း။ တပည့်တော်တို့သည် ယေရှုစီရင်တော်မူသည့်အတိုင်း သွား၍ဆောင်ရွက်ပြီးလျှင်၊ မြည်းမနှင့်တကွ မြည်းငယ်ကိုဆွဲခဲ့၍ ကျောပေါ်မှာ ခြုံထည်များကို တင်ကြပြီးနောက် ကိုယ်တော်စီးတော်မူရာ။ လူပရိသတ်အနက် အများတို့သည် ခြုံထည်များကိုလမ်းတစ်လျှောက်ခင်းလျက် အချို့ကသစ်ခက်သစ်လက်များကိုခုတ်ပြီးလျှင်စီခင်းကြ၏။ ရှေ့နောက်လိုက်ပါသူ လူပရိသတ်ကလည်း ဒါဝိဒ်မင်းသားတော်အား အောင်သံပေးကြပါစေ။ ထာဝရဘုရားနာမတော်နှင့် ကြွလာသောအရှင်၌ မင်္ဂလာရှိပါစေသော၊ ကောင်းကင်ဘဝဂ်ဝယ်လည်း အောင်သံပေးကြပါစေသတည်းဟူ၍ ကြွေးကြော်ကြကုန်၏။ 10 ကိုယ်တော်သည် ယေရုရှလင် မြို့တွင်းသို့ရောက်တော်မူသော် တစ်မြို့လုံးထကြွ၍ မည်သူပါနည်းဟု မေးမြန်းကြသည့်ကာလ လူပရိသတ်က၊ 11 ဂါလိလဲနယ် နာဇရက်မြို့မှ ပရောဖက်ယေရှုဖြစ်သည်ဟု ဖြေဆိုကြ၏။
12 ယေရှုသည် ဗိမာန်တော်အတွင်းဝင်ပြီးလျှင် ရောင်းဝယ်ရှိနေသူအပေါင်း တို့ကိုနှင်ထုတ်၍ ကြေးငွေလဲလှယ်သူတို့၏ စားပွဲများနှင့် ချိုးရောင်းသောသူတို့၏ ထိုင်ခုံများကို မှောက်လှန်တော်မူလျက် 13 ငါ့ဗိမာန်ကိုဆုတောင်းပဌနာပြုရာဗိမာန်ဟု သမုတ်ကြလိမ့်မည်။ ကျမ်းချက်ရှိသော်လည်း သင်တို့သည် ဓားပြအောင်းရာအရပ်ဖြစ်စေကြပြီတကားဟူ၍ မိန့်တော်မူ၏။ 14 ထိုနောက်မျက်မမြင်သူ ခြေဆွံသူတို့သည် ဗိမာန်တော်တွင် ကိုယ်တော့်ထံချဉ်းကပ်ကြသည့်အတိုင်း ကျန်းမာစေတော်မူ၏။ 15 ထိုသို့ပြုတော်မူသော အံ့ဖွယ်ရာများကိုလည်းေကာင်း၊ ဒါဝိဒ်မင်းသားတော်အား၊ အောင်သံပေးကြပါစေဟု၊ ဗိမာန်တော်တွင် ကြွေးကြော်သောသူငယ်တို့ကိုလည်းေကာင်း၊ ပရောဟိတ်ကြီးတို့နှင့် ကျမ်းတတ်ဆရာတို့မြင်ကြသော် အမျက်ထွက်သဖြင့် 16 ဤသူငယ်တို့မည်သို့ကြွေးကြော်သည်ကို ကြား၏လောဟု မေးကြရာ ယေရှုကငါကြား၏။ နို့စို့နို့ညှာ သူငယ်တို့နှုတ်ဖြင့် ထောမနာကိုဖြည့်စွက်တော်မူပြီဟူသောအချက်ကို မဖတ်ဘူးကြသလောဟု မိန့်တော်မူပြီးလျှင်၊ 17 ထိုသူတို့ရှိရာမှ မြို့ပြင် ဗေသနိရွာသို့ထွက်ကြွတည်းခိုတော်မူ၏။
18 နံနက်အခါ မြို့သို့ပြန်ကြွေတာ်မူစဉ် ဆာမွတ်သဖြင့် 19 သဖန်းတစ်ပင်ကို လမ်းတွင်မြင်၍ သွားရောက်သော် အရွက်များကိုသာတွေ့တော်မူသည်နှင့် ယခုကစ၍ ကာလအစဉ် အသီးမသီးစေရဟု မိန့်တော်မူလျှင်မူခြင်း ထိုအပင်သွေ့ခြောက်လေ၏။ 20 မြင်ကြသောတပည့်တော်တို့အံ့သြလျက် သဖန်းပင်ချက်ခြင်းသွေ့ခြောက်သည်မှာ မည်သို့နည်းဟုဆိုကြရာ 21 ယေရှုက သင်တို့၌ သံသယကင်းသောယုံကြည်ခြင်းရှိလျှင် သဖန်းပင်ကိုပြုခဲ့သည့်နည်းတူ ပြုနိုင်ရုံမျှမက ဤတောင်အား နေရာရင်းမှကျွတ်၍ ပင်လယ်တွင်ကျလော့ဟုဆိုသော် ဆိုတိုင်းဖြစ်လိမ့်မည်။ 22 ယုံကြည်လျက် လျှောက်တောင်းသမျှကိုလည်း ရကြလိမ့်မည်ဟုမိန့်တော်မူ၏။
23 ဗိမာန်တော်သို့ရောက်၍ ဒေသနာပေးလျက်ရှိနေတော်မူစဉ် ပရောဟိတ်ကြီးတို့နှင့် လူမျိုးတော်တွင် လူကြီးတို့သည် ချဉ်းကပ်လာ၍ ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသနည်း။ မည်သူက အခွင့်အာဏာအပ်ေပးသနည်းဟုမေးကြရာ၊ 24 ယေရှုက ငါသည်သင်တို့ကို ပုစ္ဆာတစ်ချက်မေးဦးမည်။ ဖြေဆိုကြလျှင် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း ငါပြောမည်။ 25 ယောဟန်၏ ဗတ္တိဇံမင်္ဂလာမှာ အဘယ်ကနည်း။ ကောင်းကင်မှလော၊ လူတို့မှလောဟု ပြန်၍မေးတော်မူသော် ထိုသူတို့က ကောင်းကင်မှ ဖြစ်လာသည် ငါတို့ဖြေလျှင်အဘယ့်ကြောင့် ယောဟန်ကိုမယုံကြသနည်းဟုမေးဦးမည်။ 26 လူတို့မှဖြစ်လာသည်ဖြေလျှင်မူကား ပြည်သူပြည်သားတို့ကို ကြောက်ရသည်။ ယောဟန်ကို ပရောဖက် အဖြစ်ရှိသမျှ တို့မှတ်ယူလျက်နေကြသည်ဟူ၍ အချင်းချင်းဆွေးနွေးတိုင်ပင်ကြပြီလျှင် 27 ငါတို့မသိဟု ယေရှုအား ဖြေဆိုကြ၏။ ထိုအခါကိုယ်တော်က ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း ငါလည်းပြောမည်မဟုတ်။ 28 မည်သို့ထင်မှတ်ကြသနည်း။ လူတစ်ဦးတွင် သားနှစ်ယောက်ရှိရာ သားဦးထံလာပြီးလျှင် ငါ့သား ငါ့စပျစ်ဥယျာဉ်တွင် ယနေ့သွားရောက်၍လုပ်ကိုင်လော့ဟုဆိုသော် 29 မသွားလိုဟုငြင်းဆိုသော်လည်း နောင်တရ၍သွား၏။ 30 သားငယ့်ထံလာ၍ အထက်နည်းဆိုသော် သွားပါမည်အရှင်ဟု ဝန်ခံသော်လည်း မသွားဘဲနေ၏။ 31 ထိုသားနှစ်ယောက်အနက် အဘအလိုကိုမည်သူဆောင်ရွက်သနည်းဟု မေးမြန်းတော်မူသည့်ကာလ သားဦးဆောင်ရွက်ပါသည်ဟု ဖြေဆိုကြသော် ယေရှုက အခွန်ကောက်နှင့် ပြည့်တန်ဆာတို့သည် ဘုရားသခင့်နိုင်ငံတော်သို့ သင်တို့အရင်ဝင်ကြသည် ငါအမှန်ဆို၏။ 32 အသို့ဆိုသော် ယောဟန်သည် ဖြောင့်မတ်ခြင်းနည်းလမ်းအတိုင်း သင်တို့ထံရောက်လာသော်လည်း သင်တို့မယုံကြည်ကြ။ အခွန်ကောက်နှင့်ပြည့်တန်ဆာတို့ယုံကြည်လျက်ပင် ထိုအကြောင်းကိုမြင်သောသင်တို့သည်နောင်တရ၍ယုံကြည်ကြသည်မဟုတ်။ 33 အခြားသောဥပမာကို နားထောင်ကြဦးလော့။ မြေ့ရှင်တစ်ဦးသည် စပျစ်ဥယျာဉ်စိုက်ပျိုး စည်းရိုးဝိုင်းကာ၍ ဖိနင်းရာကျင်းကိုတူးဖော်မြော်စင်ကိုလည်း ဆောက်လုပ်ပြီးနောက် ဥယျာဉ်သမားတို့အား အငှားချထား၍ အခြားပြည်သို့ထွက်သွား၏။ 34 သီးချိန်တန်သည့်ကာလ သီးခွန်ကောက်ယူေစရန် ကျွန်တို့ကိုစေလွှတ်လိုက်ရာ 35 ဥယျာဉ်သမားတို့သည် ဖမ်းဆီး၍ တစ်ယောက်ကိုရိုက်နှက် တစ်ယောက်ကိုသတ်ဖြတ် တစ်ယောက်ကိုပစ်ခတ်ကြ၏။ 36 တစ်ဖန် ထိုထက်များသောကျွန်တို့ကို စေလွှတ်ပြန်ရာ အထက်နည်းတူပြုကြ၏။ 37 နောက် ငါ့သားကိုရိုသေကျို့နွံကြလိမ့်မည်ဟု အောက်မေ့၍ သားကိုလွှတ်လိုက်ရာ 38 ဥယျာဉ်သမားတို့မြင်ကြသော် ဤသူကားအမွေခံဖြစ်၏။ လာကြသူကိုသတ်၍ အမွေကို အပိုင်ယူကြကုန်အံ့ဟု တိုင်ပင်လျက် ဖမ်းဆီးပြီးလျှင် 39 ဥယျာဉ်ပြင်သို့ထုတ်၍သတ်ကြ၏။ 40 ဥယျာဉ့်ရှင်ရောက်လာသည့်ကာလ ထိုဥယျာဉ်သမားတို့ကိုမည်သို့ပြုမည်နည်းဟုမေးတော်မူသော်။ 41 သူတို့က ထိုလူဆိုးတို့ကိုရက်စက်စွာ ဖျက်ဆီးပြီလျှင် ရာသီအလျောက်သီးခွန်ပေးအပ်မည့် အခြားသောဥယျာဉ်သမားတို့အား စပျစ်ဥယျာဉ်ကိုအငှားချထားလိမ့်မည်ဟုဖြေဆိုကြ၏။ 42 ယေရှုကလည်းတိုက်တည်ဆောက်သူတို့ ပယ်ထားသောကျောက်သည် ထောင့်စွန်းကျောက်ဖြစ်လာ၏ ထိုအမှုအရာသည် ထာဝရဘုရားထံတော်မှဖြစ်၍ ငါတို့မျက်မှောက်တွင် အံ့သြဖွယ်ဖြစ်သည်ဟု ကျမ်းစာ၌မဖတ်ဘူးကြလော။ 43 ထို့ေကြာင့်ငါဆိုသည်ကားၙဘုရားသခင့်နိုင်ငံတော်ကို သင်တို့ထံမှနုတ်ပြီးလျှင် နိုင်ငံတော်ဆိုင်ရာအသီးသီး သောလူမျိုးအား လွှဲအပ်တော်မူလိမ့်မည်။ 44 ၎င်းပြင် ဤကျောက်ပေါ်သို့လဲကျသူသည် ကျိုးပဲ့လိမ့်မည်။ မည်သူ့အပေါ်မဆို ဤကျောက်ကျလျှင်မူကား ညက်ညက်ကျေလိမ့်မည်ဟု မိန့်တော်မူ၏။ 45 ထိုဥပမာများကို ပရောဟိတ်ကြီးနှင့် ဖာရိရှဲတို့ကြားကြသော် သူတို့နှင့်စပ်၍ မိန့်တော်မူကြောင်းကိုသိမြင်သဖြင့် 46 ဖမ်းဆီးရန်ရှာကြံသော်လည်း ပရောဖက် အဖြစ်မှတ်ယူသောလူပရိသတ်ကို ကြောက်ရွံ့၍နေကြ၏။