12
ထိုကာလဥပုသ်နေ့တွင် ယေရှုသည် လယ်ကွက်များကို ဖြတ်ကြွတော်မူစဉ် တပည့်တော်တို့ဆာမွတ်သဖြင့် စပါးနှံများကို ဆွတ်ခူးသုံးဆောင်ကြရာ၊ ဖာရိရှဲတို့မြင်၍ ဆရာ့တပည့်တို့သည် ဥပုသ်နေ့တွင်မအပ်သောအမှုကို ပြုကြပါသည်တကားဟုဆိုကြသော်။ ကိုယ်တော်က ဒါဝိဒ်မင်းသည် နောက်ပါတို့နှင့်တကွ ဆာမွတ်သောအခါ ဘုရားသခင့်စံရာတော်သို့ ဝင်ပြီးလျှင် ကိုယ်တိုင်မှစ၍ နောက်ပါတို့မစားအပ်၊ ပရောဟိတ်တို့သာစားအပ်သောရှေ့တော်တင်မုန့်ကို သုံးဆောင်ကြောင်း သင်တို့မဖတ်ဘူးကြလော။ ဗိမာန်တော်၌ ဥပုသ်နေ့တွင် ပရောဟိတ်တို့သည် ဥပုသ်ဖျက်ကြသော်လည်းအပြစ်ကင်းကြောင်း ပညတ္တိကျမ်း၌ မဖတ်ဘူးကြလော့။ ငါဆိုသည်ကား ဗိမာန်တော်ထက် ကြီးမြတ်သောသူသည် ဤနေရာတွင်ရှိ၏။ ပူဇော်သက္ကာများထက် ကြည်ညိုသောသဘောကို ငါနှစ်သက်သည်ဟူသော ကျမ်းချက်အဓိပ္ပါယ်ကို သင်တို့နားလည်ခဲ့လျှင် အပြစ်ကင်းသူတို့ကို အပြစ်စီရင်ကြလေပြီမဟုတ်။ လူ့သားသည် ဥပုသ်နေ့၏အရှင်ဖြစ်သည်ဟုမိန့်တော်မူ၏။
ထိုအရပ်မှကြွပြီးလျှင် သူတို့ဓမ္မာရုံသို့ ဝင်တော်မူသော်၊ 10 လက်တစ်ဖက်သေခြောက်လျက်နေသောလူတစ်ယောက်ရှိသဖြင့် ကိုယ်တော်ကို အပြစ်စွဲဆိုလို၍ သူတို့က ဥပုသ်နေ့တွင် သူနာကိုကျန်းမာစေအပ်သလောဟု မေးမြန်းကြသည့်ကာလ 11 ကိုယ်တော်က သင်တို့တွင်သိုးတစ်ကောင်ရှိ၍ ဥပုသ်နေ့၌ တွင်းထဲသို့ကျသွားလျှင် မဆွဲမတင်ဘဲနေမည့်သူတစ်ဦးတစ်ယောက်ရှိသလော။ 12 လူသည်သိုးထက်မြတ်သည်မဟုတ်လော။ ထို့ကြောင့်ဥပုသ်နေ့တွင် အကောင်းကိုပြုအပ်သည်ဟု မိန့်ဆိုပြီးနောက်။ 13 လက်ဆန့်လော့ဟု သူနာအားမိန့်တော်မူသော် ဆန့်လိုက်သဖြင့် တစ်ဖက်ကဲ့သို့သန်စွမ်းပြန်လေ၏။ 14 ဖာရိရှဲတို့သည် ထွက်သွားပြီးလျှင် မည်သို့ဖျက်ဆီးရမည့်အကြောင်း တိုင်ပင်ကြံစည်ကြသည်ကို၊ 15 ယေရှုသိ၍ ထိုအရပ်မှထွက်ကြွတော်မူ၏။ လူအများတို့လိုက်သွားကြရာ သူနာရှိသမျှကိုကျန်းမာစေလျက်၊ 16 ကိုယ်တော့်အကြောင်းကိုမကြားမပြောကြစေရန် မှာထားတော်မူ၏။ 17 ထိုသို့မှာတော်မူသည်မှာ ပရောဖက်ဟေရှာယဖြင့် ရောက်သောဗျာဒိတ်တော်အတိုင်း ပြည့်စုံစေခြင်းငှာတည်း။ 18 ဗျာဒိတ်တော်ကား ငါမြတ်နိုးလျက်နှစ်သက်သူ ငါရွေးချယ်သောကျွန်ရင်းပေတည်း။ ငါ့ဝိညာဉ်တော်ကို သူ့အပေါ်တွင်တင်မည့်အလျောက် ထိုသူသည် လူမျိုးခြားတို့အား တရားတော်ကိုကြားပြောလိမ့်မည်။ 19 ငြင်းခုံမည်၊ ဟစ်ကြော်မည်၊ လမ်း၌လွှင့်သံကြားစေမည်မဟုတ်။ 20 အောင်မြင်ရာသို့ တရားတော်ကိုမထုတ်မဆင့်မီကျိုးဆဲကျူကို ချိုးဖြတ်ခြင်း၊ အတောက်သေးသောမီးစာကို ငြိမ်းသတ်ခြင်းပြုမည်မဟုတ်။ 21 သူ့နာမကိုလည်း လူမျိုးခြားတို့စောင့်စားကြလတ္တံ့ဟူ၍တည်း။
22 ထိုနောက် နတ်ပူး၍ ကန်းလျက် အလျက်ရှိသူတစ်ယောက်ကို ကိုယ်တော့်ထံခေါ်ခဲ့ကြသည်နှင့် ကျန်းမာစေတော်မူသဖြင့် ထိုသူမျက်စိမြင်၍စကားပြောသော်။ 23 ပြည်သူပြည်သားတို့သည် အံ့သြလျက် ဤသူကားဒါဝိဒ်မင်း၏သားတော်ပင် မဟုတ်လောဟုမေးမြန်းကြ၏။ 24 သို့ရာတွင်ကြားကြသောဖာရိရှဲတို့က သူသည်နတ်မင်းဗေလဇေဗုလကိုမမှီလျှင် နတ်များကိုနှင်ထုတ်နိုင်သည်မဟုတ်ဟု ဆိုကြ၏။ 25 ထိုသူတို့၏ စိတ်ထင်များကိုသိမြင်တော်မူသော် ကိုယ်တော်က အတွင်း၌ ကွဲပြားလျက်ရှိသောနိုင်ငံတိုင်းပျက်စီးတတ်၏။ အတွင်း၌ကွဲပြားလျက်ရှိသော မြို့ရွာအိမ်ထောင်တိုင်းလည်းတည်မြဲမည်မဟုတ်။ 26 ထိုနည်းတူစာတန်သည်စာတန်ကို နှင်ထုတ်လျှင် အတွင်း၌ကွဲပြားလျက်ရှိသောကြောင့် သူ့နိုင်ငံသည်မည်သို့တည်မြဲမည်နည်း။ 27 ဗေလဇေဗုလကို မှီ၍ နတ်များကိုငါနှင်ထုတ်သည်မှန်လျှင် သင်တို့၏သားများမှာ မည်သူ့ကိုမှီ၍နှင်ထုတ်ကြသနည်း။ ထို့ကြောင့် သူတို့သည် သင်တို့အပေါ်တွင် တရားစီရင်သူဖြစ်ကြရလိမ့်မည်။ 28 ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် နတ်များကိုငါနှင်ထုတ်သည်မှန်လျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံရောက်နှင့်လေပြီ။ 29 ခွန်အားကြီးသူ့ကို ဦးစွာ မချည်နှောင်လျှင် သူ့အိမ်အတွင်းဝင်၍ ပစ္စည်းများကိုမည်သို့လုယူနိုင်မည်နည်း။ ချည်နှောင်ပြီးမှသာ ထိုအိမ်ကိုလုယက်နိုင်လိမ့်မည်။ 30 ငါ့ဘက်၌ မရှိသူသည် တစ်ဖက်၌ရှိ၏။ ငါနှင့်အတူ မစုမသိမ်းသူလည်း ခွဲလွင့်သူဖြစ်၏။ 31 ထို့ကြောင့်ငါဆိုသည်ကား ပြစ်မှားခြင်း၊ ပုတ်ခတ်ခြင်း၊ အမျိုးမျိုးအတွက် ပြေလွတ်ခွင့်ရရှိသော်လည်း ဝိညာဉ်တော်ကိုပုတ်ခတ်သည့်အတွက် ပြေလွတ်ခွင့်မရှိချေ။ 32 မည်သူမဆို လူ့သားကို ပြစ်မှားပြောဆိုမိလျှင် ပြေလွတ်ခွင့်ရရှိသော်လည်း သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားပြောဆိုမိလျှင် ယခုကာလ နောင်ကာလ ပြေလွတ်ခွင့်ရှိတော့မည်မဟုတ်။ 33 အသီးကိုထောက်၍ အပင်ကိုသိရသည့်အလျောက်၊ အပင်နှင့်အသီးပါအကောင်းအဖြစ်သော်လည်းေကာင်း၊ အပင်နှင့်အသီးပါမကောင်းအဖြစ်သော်လည်းေကာင်း၊ ရှိစေကြလော့။ 34 အချင်းမြွေဆိုးသားတို့ စိတ်နှလုံးပြည့်လျှံသည့်အတိုင်း နှုတ်ကမြွက်တတ်သည်ဖြစ်၍ ဆိုးသွမ်းသောသင်တို့သည် ကောင်းသောစကားကိုမည်သို့ပြောဆိုနိုင်မည်နည်း။ 35 ကောင်းသောသူသည် ကောင်းသောကိုယ့်ဘဏ္ဍာထဲမှ ကောင်းသောအရာများကိုထုတ်တတ်၏။ မကောင်းသောသူလည်း မကောင်းသောကိုယ့်ဘဏ္ဍာထဲမှ မကောင်းသောအရာများကို ထုတ်တတ်၏။ 36 လူတို့သည် အချည်းနှီးပြောဆိုမိသော စကားရှိသမျှအတွက် တရားစီရင်သည့်နေ့တော်တွင် အကြောင်းပြရကြလိမ့်မည်ငါဆို၏။ 37 အသို့ဆိုသော် ကိုယ့်စကားအားဖြင့် အပြစ်ပြေလွတ်ခြင်းကိုလည်းေကာင်း၊ ကိုယ့်စကားအားဖြင့်လည်း အပြစ်စီရင်ခြင်းကိုလည်းေကာင်း ခံရမည်ဟုမိန့်မှာတော်မူ၏။
38 ထိုနောက် ကျမ်းတတ်ဆရာနှင့် ဖာရိရှဲအချို့တို့က ဆရာအကျွန်ုပ်တို့သည် ဆရာပြသည့်နိမိတ်လက္ခဏာကို မြင်လိုပါသည်ဟုဆိုကြသော်၊ 39 ကိုယ်တော်က ဆိုးသွမ်း၍မျောက်မထားတတ်သော ယခုလူမျိုးသည် နိမိတ်လက္ခဏာတောင်းကြသည်မှာ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတစ်ပါးမည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်။ 40 ယောနသည် ငါးကြီးဝမ်းတွင် သုံးနေ့နှင့်သုံးညဉ့်အောင်းရသည့်နည်းတူ လူ့သားသည်မြေကြီထဲတွင် သုံးနေ့နှင့်သုံးညဉ့်အောင်းရလိမ့်မည်။ 41 ယောနဟောပြောသောကြောင့် နောင်တရသောနိနဝေမြို့သူမြို့သားတို့သည် တရားစီရင်တော်မူသည့်ကာလ ယခုလူမျိုးနှင့်အတူရှင်ပြန်လျက် အပြစ်စီရင်ကြလိမ့်မည်။ ယောနထက်ကြီးမြတ်သူသည် ဤနေရာတွင်ရှိသည်တကား။ 42 ရှောလမုန်မင်း၏ ညာဏ်ပညာစကားကို ကြားနာခြင်းငှာ မြေကြီးအစွန်းအဖျားကရောက်လာသော တောင်ပြည့်ရှင်ဘုရင်မလည်း ထိုကာလ၌ ယခုလူမျိုးနှင့် အတူရှင်ပြန်လျက် အပြစ်စီရင်လိမ့်မည်။ ရှောလမုန်မင်းထက်ကြီးမြတ်သူသည် ဤနေရာတွင်ရှိသည်တကား။ 43 နတ်ဆိုးတစ်ကောင်သည် လူထဲမှထွက်ခွာပြီးလျှင် ရေမရှိသောအရပ်များကိုေလျှာက်လျက် နားနေရာရှာ၍မတွေ့သော်၊ 44 ထွက်လာရင်း ငါ့အိမ်သို့ပြန်မည်ဟုဆိုလျက် ပြန်ရောက်သည့်ကာလ လွတ်လပ်သုတ်သင်ပြုပြင်လျက်ထားသည်ကိုတွေ့မြင်သဖြင့်။ 45 မိမိထက်ဆိုးသွမ်းသော နတ်ခုနစ်ကောင်ကို ခေါ်ပြီးနောက် ဝင်နေသည်နှင့် ထိုလူ၏ နောက်အဖြစ်အနေသည် အရင်ထက်ဆိုး၏။ ယခုဆိုးသွမ်းသောလူမျိုးလည်း ထိုနည်းတူပင်ဖြစ်ရလိမ့်မည်ဟု ပြန်၍မိန့်တော်မူ၏။
46 လူပရိသတ်အားထိုသို့မိန့်တော်မူလျက်ရှိစဉ် မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်နှင့်စကားပြောလို၍ ပြင်ကရပ်နေကြရာ၊ 47 လူတစ်ဦးကကြည့်တော်မူပါ။ မယ်တော်နှင့်ညီတော်တို့သည် စကားပြောလို၍ပြင်ကရပ်နေကြပါသည်ဟု လျှောက်သည့်ကာလ၊ 48 ငါ့အမိ ငါ့ညီတို့ကား မည်သူနည်းဟုမေးတော်မူပြီးလျှင် 49 တပည့်တော်တို့ကိုညွှန်ပြလျက် ကြည့်လော့ ဤသူတို့ကား ငါ့အမိ ငါ့ညီတို့တည်း။ 50 မည်သူမဆို ကောင်းကင်ဘုံစံ ငါ့ခမည်းတော်၏အလိုတော်ကို ဆောင်ရွက်လျှင် ထိုသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သည်ဟု ပြန်၍မိန့်တော်မူ၏။