11
တပည့်တော်တစ်ဆယ့်နှစ်ပါးကို ထိုသို့မိန့်မှာတော်မူပြီးသည့်ကာလ မြို့ရွာများတွင်သွန်သင်ဟောပြောရန် ထိုအရပ်မှထွက်ကြွတော်မူ၏။
ထိုအခါယောဟန်သည် ခရစ်တော် ဆောင်ရွက်တော်မူသော အမှုအရာများကို ထောင်ထဲတွင်ကြားသော် တပည့်တို့ကိုလွှတ်လိုက်ပြီးလျှင်၊ ကိုယ်တော်သည် ကြွလာရမည့်အရှင်လော။ အခြားမျှော်လင့်ရဦးမည်လော့ဟုမေးလျှောက်စေသည့်အတိုင်း ယေရှုက၊ သင်တို့ကြားသမျှ မြင်သမျှကို ယောဟန်အားပြန်၍ကြားပြောကြလော့။ မျက်မမြင်သူတို့သည် မြင်ခွင့်၊ ခြေဆွံ့သူတို့သည်လှမ်းသွားခွင့်၊ နူသူတို့သည် သန့်ခွင့်၊ နားပင်းသူတို့သည် ကြားခွင့်၊ သေသူတို့သည် ရှင်ပြန်ခွင့်၊ ဆင်းရဲသူတို့သည်သတင်းတော်မြတ်နာယူခွင့်များကို ရကြ၏။ ငါ၌တိုက်လဲရန် အကြောင်းမတွေ့သူတိုင်း မင်္ဂလာရှိသည်ဟုပြန်၍မိန့်တော်မူ၏။ ထိုသူတို့ထွက်သွားကြသော် ယေရှုသည် ယောဟန်နှင့်စပ်လျဉ်း၍ လူပရိသတ်အားမိန့်တော်မူသည်မှာ မည်သည့်အရာကိုရှုကြည့်ရန် တောသို့ထွက်သွားကြသနည်း။ လေတိုက်၍လှုပ်နေသောကျူပင်လော။ မည်သည့်အရာကိုရှုကြည့်ရန်ထွက်သွားကြသနည်း။ နူးညံ့သောဝတ်စားဆင်ယင်သူလော။ ထိုသို့ဆင်ယင်သူတို့သည် နန်းတော်များ၌ရှိနေကြ၏။ မည်သည့်အကြောင်းကြောင့် ထွက်သွားကြသနည်း။ ပရောဖက်ကိုရှုကြည့်ရန်လော။ ဟုတ်မှန်၏။ ပရောဖက်ထက်လည်းကြီးမြတ်သူဖြစ်သည် ငါဆို၏။ 10 နားထောင်ကြဦး၊ သင်သွားရာလမ်းကိုပြင်ဆင်မည့်ရှေ့တော်ပြေးတမန်တော်ကို ငါစေလွှတ်သည်ဟူသော ကျမ်းချက်မှာ ထိုသူ့ကိုရည်ဆောင်သတည်း။ 11 မိန်းမတို့ဖွားမြင်သူများအနက် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သူမပေါ်မရှိ။ သို့ရာတွင် ကောင်းကင်နိုင်ငံတော်၌ သိမ်ငယ်သောသူပင် ထိုသူထက်ကြီးမြတ်သည် ငါအမှန်ဆို၏။ 12 ဗတ္တိဇံဆရာယောဟန့်လက်ထက်မှ ယခုတိုင်ကောင်းကင်နိုင်ငံတော်သည် အနိုင့်အထက်ပြုခြင်းကိုခံရသည့်အလျောက် အနိုင့်အထက်ပြုသူတို့သိမ်းယူကြသည်တကား။ 13 ပညတ္တိကျမ်းနှင့် ပရောဖက်ရှိသမျှသည် ယောဟန့်လက်ထက်တိုင် ဟောပြောလျက်ရှိသေး၏။ 14 သင်တို့သိလိုလျှင် ဤသူကားလာရဦးမည့်ဧလိယတည်း။ 15 နားရှိသူကြားနာစေ။ 16 ယခုလူမျိုးကို ငါသည်မည်သို့ပုံနှိ္ုင်းရအံ့နည်း။ စျေး၌ထိုင်၍အပေါင်းအဖော်တို့ကိုခေါ်လျက်၊ 17 ငါတို့တီးမှုတ်သော်လည်းသင်တို့မကကြ။ မြည်တမ်းသော်လည်း ရင်မတီးကြဟုဆိုသောသူငယ်တို့နှင့်တူကြ၏။ 18 ယောဟန်သည် မစားမသောက်ဘဲ ရောက်လာသော်၊ 19 နတ်ပူးသူဟူ၍လည်းေကာင်း၊ လူသားသည်စားသောက်လျက် ရောက်လာသော် စားကြူးသူသောက်ကြူးသူ၊ အခွန်ကောက်နှင့် အပြစ်သားတို့၏ အဆွေပါတကားဟူ၍လည်းေကာင်း ဆိုတတ်ကြ၏။ ဉာဏ်ပညာတော်မူကား ဆိုင်ရာအမှုများအားဖြင့် မှန်ကန်ကြောင်းထင်ရှားသည်ဟုမိန့်တော်မူ၏။
20 ထိုနောက်အမှုတော်ကြီးအများကို ပြုတော်မူခဲ့ရာမြို့များသည် နောင်တမရကြသောကြောင့် ဆုံးမတော်မူသည်မှာ၊ 21 အချင်းခေါရာဇိန်မြို့၊ သင်၌အမင်္ဂလာရှိ၏။ အချင်းဗက်ဇဲဒမြို့၊ သင်၌အမင်္ဂလာရှိ၏။ အသို့ဆိုသော် သင်တို့၌ဖြစ်ဘူးသော အမှုကြီးများသည် တုရုနှင့်ဇိဒုန်မြို့များတွင် ဖြစ်ခဲ့လျှင် ရှေးအထက်ကပင် လျှော်တေဝတ်၍ ပြာလူးလျက် နောင်တရကြလေပြီ။ 22 တုရုနှင့် ဇိဒုန်မြို့များသည် တရားစီရင်သည့်နေ့တော်၌ သင်တို့ထက်ခံသာလိမ့်မည်ငါဆို၏။ 23 အချင်းကပေရနောင်မြို့၊ မိုးကောင်းကင်တိုင် တက်ရောက်မည်လော။ မရဏနိုင်ငံတိုင်ကျရောက်ရမည်။ သင်၌ဖြစ်ဖူးသောအမှုကြီးများသည် သောဒုံမြို့၌ဖြစ်ခဲ့လျှင် ယနေ့တိုင်ထိုမြို့တည်ရှိလေပြီ။ 24 သောဒုံနယ်လည်းတရားစီရင်သည့်နေ့တော်၌ သင့်ထက်ခံသာလိမ့်မည်၊ ငါဆိုသည်ဟုမိန့်တော်မူ၏။
25 ထိုအခါ၌ ယေရှုက အိုမိုးမြေ့ရှင်အဘခမည်းတော်၊ ဤအရာများကို ပညာရှိနှင့်ဥာဏ်ကောင်းသူတို့အား ဝှက်ထားလျက် သူငယ်တို့အားဖွင့်ပြတော်မူသောကြောင့်ကျေးဇူးတော်ကြီးလှပါ၏။ 26 အိုအဘ ထိုသို့အလိုရှိတော်မူသောကြောင့် ချီးမွမ်းပါ၏။ 27 ခမည်းတော်သည် ငါ့အားအရာခပ်သိမ်းကို အပ်နှင်းတော်မူပြီ။ သားတော်ကိုခမည်းတော်မှတစ်ပါး မည်သူမျှမသိ၊ ခမည်းတော်ကိုလည်းသားတော်မှစ၍ သားတော်ဖွင့်ပြလိုသူမှတစ်ပါး မည်သူမျှမသိ။ 28 ပင်ပန်းသူ ဝန်လေးသူအပေါင်းတို့၊ ငါ့ထံလာကြလော့။ ငါသည်ချမ်းသာစေမည်။ 29 ငါ့ထမ်းပိုးကိုထမ်း၍ ငါ့ထံမှသင်ကြလော့။ ငါသည်သိမ်မွေ့နှိမ့်ချသောစိတ်ရှိ၏။ အသက်ဝိညာဉ်ချမ်းသာရာကိုလည်း သင်တို့တွေ့ကြလိမ့်မည်။ 30 ငါ့ထမ်းပိုးသည်ထမ်းလွယ်လျက် ငါ့ဝန်လည်းပေါ့သည်ဟူ၍ မိန့်တော်မူ၏။