3
ဗိုလ်ခြေတို့အရှင်ထာဝရဘုရားက၊ နားထောင်ကြဦး။ ငါသွားရာလမ်းကိုရှင်းလင်းမည့်ရှေ့တော်ပြေးတမန်တော်ကို၊ ငါစေလွှတ်မည့်အတိုင်း၊ သင်တို့ရှာဖွေသော အရှင်ဘုရား၊ သင်တို့နှစ်သက်သောပဋိညာဉ်ဆိုင်ရာတမန်တော်သည်၊ ကိုယ့်ဗိမာန်တော်သို့ရုပ်ခြင်းကြွရောက်မည်ဟုမိန့်တော်မူ၏။ ကြွရောက်မည့်နေ့ကိုခံရပ်သူ၊ ပေါ်ထွန်းသောကာလ၌ရပ်တန့်သူကား၊ မည်သူနည်း။ ချွတ်သောမီး၊ လျှော်သောဆပ်ပြာသဖွယ်ဖြစ်သောကိုယ်တော်သည်၊ ငွေချွတ်၍လှော်သူအဖြစ်ထိုင်နေလျက်၊ လေဝိဂိုဏ်းသားတို့ကို၊ ရွှေငွေကဲ့သို့ချွတ်လှော်သဖြင့်၊ ၎င်းတို့သည်၊ ထာဝရဘုရားထံအလှူများကို၊ ဖြောင့်မတ်စွာဆက်ကပ်ကြမည့်အလျောက်၊ ယေရုရှလင်မြို့သူ၊ ယုဒပြည်သားတို့အလှူသည်၊ ရှေ့အထက်ကျော်ကာလကဲ့သို့၊ ထာဝရဘုရားနှစ်သက်တော်မူဖွယ်ဖြစ်ဦးမည်။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားက၊ ငါသည် တရားစီရန် ချဉ်းလာလျက်၊ ငါ့ကိုမခန့်ညားဘဲ စုန်းတတ်သူ၊ သူ့သားအိမ်ရာကိုပြစ်မှားသူ၊ မုသာကျိန်ဆိုသူ၊ သူရင်းခမပေး သူ၊ မုဆိုးမနှင့် ဖသက်ဆိုးတို့ကို ညှဉ်းပန်းသူ၊ ဝင်နေကပ်ပါးကိုအလွဲစီရင်သူတို့တစ်ဘက်၌၊ အလျင်အမြန်သက်သေခံမည်။ အိုယာကုပ် အမျိုးသားတို့၊ ငါထာဝရဘုရားသည် ပြောင်းလဲခြင်းကင်းသောကြောင့်သာ၊ သင်တို့မကုန်မဆုံးကြချေဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။
ဘိုးဘေးတို့နေ့ရက်ကာလမှစ၍၊ သင်တို့သည် ငါ၏ထုံးဖွဲ့ချက်များကိုမစောင့်ရှောက်ဘဲ၊ လွှဲသွားခဲ့ကြလေစွ။ ငါ့ထံသို့ပြန်လာကြလော့။ ငါလည်း သင်တို့ထံပြန်ကြွ မည်ဟု၊ ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရားမိန့်ဆိုရာ၌၊ သင်တို့က၊ မည်သည့်အကြောင်းကြောင့်၊ ပြန်လာရမည်နည်းဟုငြင်းဆိုကြသည်တကား။ ငါ့ကိုတွန့်တိုကြသည်မှာ၊ လူသည် ဘုရားသခင်ကို တွန့်တိုဝံ့မည်လော။ မည်သည့်ဥစ္စာနှင့် တွန့်တိုဘိသနည်းဟုမေးကြလျှင်၊ ဆယ်ဖို့တစ်ဖို့အလှူ၊ မြှောက်ဆက်ရာအလှူများနှင့်တည်း။ တစ်မျိုးလုံးသည် ငါ့ကိုတွန့်တိုသည့်အတွက်၊ ကျိန်ဆိုခဲ့သောအမင်္ဂလာကိုခံရကြလေစွ။ 10 ဗိမာန်တော်၌ရိက္ခာတော်ရှိစေခြင်းငှာ၊ ဆယ်ဖို့တစ်ဖို့အလှူရှိသမျှကို၊ ကြက်သရေတိုက်တွင်းသို့တင်သွင်းက၊ ငါလည်းမိုးကောင်းကင်ပြွန်ဝများကိုဖွင့်လျက်၊ သင်တို့ အပေါ်တွင်၊ မကုန်နိုင်သောမင်္ဂလာသွန်းလောင်းတော်မူမည်မမူမည်ကို စုံစမ်းကြလော့ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။ 11 သင်တို့မြေထွက် အသီးအနှံမပျက်၊ ခြံရှိစပျစ်ပင်မသုန်းရစေခြင်းငှာ၊ ပိုးစားဘေးကိုလည်း၊ ငါကန့်ကွက်မည်ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။ 12 နေပြည်လည်း၊ နှစ်သက်ဖွယ်ဖြစ်မည်အလျောက်၊ လူမျိုးတကာတို့က၊ သာယာသည်ဟူ၍ခေါ်ရကြလတ္တံ့ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။
13 သင်တို့သည် ငါ့ကိုတော်လှန်တိုင်ပင်ကြသည်တကားဟု၊ ထာဝရဘုရားမိန့်တော်မူရာ၌၊ မည်သည့်စကားဖြင့်၊ တော်လှန်တိုင်ပင်ဘိသနည်းဟု ငြင်းဆိုကြလျှင်၊ 14 ဘုရားသခင်ကိုဝတ်ပြုခြင်းသည် အချည်းနှီးဖြစ်၏။ အမှုတော်ကိုဆောင်ရွက်လျက်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားရှေ့တော်တွင်၊ ငေးငေးမှိုင်မှိုင်သွားလာသော ငါတို့၌၊ မည်သည့်အကျိုးရှိသနည်း။ 15 ယခုကာလ၊ ငါတို့သည်၊ မာနကြီးသူတို့ကိုချီးမွမ်းရသည့်ပြင်၊ ဆိုးသွမ်းစွာပြုကျင့်သူတို့လည်း၊ တည်တံ့ခွင့်ရ၍၊ ဘုရားသခင်ကိုစုံစမ်းလျက်ပင်ဘေးလွတ်ရကြသည် တကားဟု၊ သင်တို့ဆိုခြင်းဖြင့်တည်း။ 16 ထိုကာလ၊ ထာဝရဘုရားကိုခန့်ညားသောသူတို့တိုင်ပင်ကြရာ၊ ထာဝရဘုရားသည်၊ နားညောင်းနားစိုက်တော်မူသည့်အတိုင်း၊ ကိုယ်တော်ကိုခန့်ညားသူ၊ နာမတော် ကိုထောက်ထားသူတို့မှတ်စာတန်းကို၊ ရှေ့တော်တွင် ရေးတင်စေတော်မူသောဗိုလ်ခြေတို့အရှင်ထာဝရဘုရားက၊ 17 ငါစီရင်ခြင်းနေ့ရက်၌၊ ထိုသူတို့သည် ငါ့ပိုင်ရာတော်ဖြစ်လျက်၊ အစေခံသောသားကို၊ လူတို့ညှာတာသည့်နည်းတူ၊ ငါညှာတာသဖြင့်၊ 18 သူတော်ကောင်းနှင့်မသူတော်ကိုလည်းေကာင်း၊ ဘုရားသခင်အားဝတ်ပြုသူနှင့်မပြုသူ့ကိုလည်းေကာင်း၊ သင်တို့စိတ်ပြောင်း၍ပိုင်းခြားသိမြင်ရကြလတ္တံ့ဟုမိန့်တော်မူ၏။