2
သို့ဖြစ်၍၊ အိုပရောဟိတ်တို့၊ သင်တို့အား ထုတ်ဆင့်သောအမိန့်တော်ကား၊ နာမတော်ကိုရိုသေအံ့သောငှာ၊ နားထောင်ခြင်း၊ နှလုံးသွင်းခြင်းကို သင်တို့မပြုကြလျှင်၊ အမင်္ဂလာကို ငါသင့်စေသည့်ပြင်၊ ခံပြီးသောမင်္ဂလာများကိုလည်း၊ အမင်္ဂလာ ဖြစ်စေမည်။ မုချဆိုသော်၊ နှလုံးမသွင်းကြသောကြောင့်၊ ငါသည် အမင်္ဂလာဖြစ်စေနှင့်ပြီဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။ ငါသည် သင်တို့လက်ရုံးကိုကန့်ကွက်၍၊ ပူဇော်ပွဲဆိုင်ရာ အူနုများကို၊ သင်တို့မျက်နှာပေါ်တွင် ပစ်ချလျက်၊ သင်တို့ပါထုတ်လိုက်စေမည်။ လေဝိဂိုဏ်သားတို့နှင့် ပဋိညာဉ်တော်ကို၊ ငါဖွဲ့ခဲ့သောကြောင့်၊ ဤအမိန့်တော်ကိုငါထုတ်ဆင့်ကြောင်း၊ သင်တို့သိရကြလတ္တံ့ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။ ထိုပဋိညာဉ်ကား၊ အသက်ရှင်ခြင်း၊ ငြိမ်သက်ခြင်း၊ ခန့်ညားခြင်းများနှင့်ဆိုင်သတည်း။ ၎င်းဆုများကိုငါပေးသည့်အလျောက်၊ ငါ့ကိုခန့်ညား၍ နာမတော်ကို ရိုသေကြ လေ၏။ 6-7 ပရောဟိတ်သည်၊ ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရား၏ စေတမန်ဖြစ်သည့်အတိုင်း၊ နှုတ်ထွက်တရားကို လူတို့ရှာဖွေကြအံ့သောငှာ၊ အသိပညာကို နှုတ်စောင့်အပ် သည်နှင့်အညီ၊ နှုတ်ခမ်းလိမ်လည်ခြင်းကင်းလျက်၊ သမ္မာတရားကိုမြွက်ဆိုလျက်၊ ငြိမ်သက်ဖြောင့်မတ်စွာ ငါ့ရှေ့တွင်သွားလာလျက်၊ လူအများတို့ကို ဒုစရိုက်မှလွှဲစေခဲ့ကြ၏။ သင်တို့မူကား၊ လမ်းလွှဲကြသည့်ပြင်၊ လူအများတို့အား တိုက်လဲစေသောတရားကိုဟောလျက်၊ လေဝိဂိုဏ်းသားတို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်တော်ကိုဖျက်သောကြောင့်၊ နည်းလမ်းတော်ကို မစောင့်ရှောက်ဘဲ၊ မျက်နှာငဲ့၍ တရားဟောကြသည်နှင့်အမျှ၊ လူအပေါင်းတို့ရှေ့မထီလေးစားဖွယ်ရာ၊ ယုတ်မာရာအဖြစ်၊ သင်တို့ကို ငါထားလေပြီဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။
10 ခပ်သိမ်းသောငါတို့၌၊ အဘတစ်ပါးတည်းရှိသည်မဟုတ်လော။ ဘုရားသခင်တစ်ဆူတည်းသာ၊ ငါတို့ကိုဖန်ဆင်းတော်မူပြီမဟုတ်လော။ ထိုသို့မှန်လျှင်၊ ဘိုးဘေးတို့ ပဋိညာဉ်ကို ဖောက်ကျော်လျက်၊ အချင်းချင်းသစ္စာဖျက်ကြသည်မှာ၊ အသို့နည်း။ 11 ယုဒအမျိုးသည်၊ ထာဝရဘုရားနှစ်သက်တော်မူ၍ သီးသန့်ထားတော်မူခဲ့ရာလူမျိုးကို ရှုတ်ချလျက်၊ ခြားနားသောဘုရား၏တပည့်မနှင့် အိမ်ထောင်ဘက်ပြုသဖြင့်၊ သစ္စာဖျက်သည့်အလျောက်၊ ယေရုရှလင်မြို့မှစသောဣသရေလပြည်၌၊ ရွံရှာစွာပြုကြသည်တကား။ 12 ထိုသို့ပြုတတ်သောနှိုးဆော်သူ၊ လိုက်နာသူတို့နှင့်တကွ၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားထံလှူဆက်သူ့ကို၊ ယာကုပ်ေဘာင်မှထာဝရဘုရားပယ်ရှားတော်မူပါစေသော။ 13 ၎င်းပြင်၊ သင်တို့အလှူများကို ထာဝရဘုရားအာရုံမပြု၊ နှစ်သက်လက်ခံတော်မမူသည့်တိုင်အောင်၊ ပူဇော်ရာပလ္လင်တော်ကို၊ မျက်ရည်ကျခြင်း၊ ငိုကြွေးခြင်း၊ မြည်တမ်း ခြင်းများဖြင့်၊ သင်တို့ဖုံးလွှမ်းကြရှာလေစွ။ 14 အသို့ကြောင့်နည်းဟုမေးကြလျှင်၊ သင်တို့ပဋိညာဉ်ပြုကြသည့်အတိုင်း၊ ဇနီးဖြစ်လျက်ပင်ငယ်ပေါင်းကြီးဖော်တို့နှင့် သစ္စာဖျက်သူသင်တို့စပ်ကြားတွင်၊ ထာဝရဘုရား သည်၊ သက်သေဖြစ်တော်မူသတည်း။ 15 ဇီဝအသက်ကိုအကြွင်းမဲ့ပိုင်ရှင်တစ်ဆူတည်းသာ၊ ဖန်ဆင်းတော်မူသည်မဟုတ်လော။ ထိုအရှင်ဖန်ဆင်းတော်မူသည်မှာ၊ ကြည်ညိုသောအနွယ်ကို လိုတော်မူသော ကြောင့်တည်း။ သို့ဖြစ်၍ကိုယ့်စိတ်ကို သတိမူလျက်၊ 16 ငယ်ပေါင်းကြီးဖော်ကိုသစ္စာမဖျက်လင့်။ မိန်းမကိုစွန့်ပယ်လျက်၊ ကြမ်းကြုတ်စွာပြုသူ့ကို ငါရွံရှာသည်ဟု၊ ဣသရေလလူမျိုး၏ဘုရားသခင်၊ ဗိုလ်ခြေတို့အရှင် ထာဝရဘုရားမိန့်တော်မူ၏။ ထို့ေကြာင့်သစ္စာမဖျက်ရန်ကိုယ့်စိတ်ကိုသတိမူကြလော့။
17 သင်တို့သည် စကားများဖြင့်၊ ထာဝရဘုရားကို ညီးငွေ့စေကြပြီ။ မည်သို့ညီးငွေ့စေဘိသနည်းဟုမေးကြလျှင်၊ မကောင်းပြုသူတိုင်းသည်၊ ထာဝရဘုရားရှေ့တော်တွင် ကောင်းလျက်၊ နှစ်သက်တော်မူဖွယ်ဖြစ်၏။ မဟုတ်က၊ တရားပိုင်ရှင်ဘုရားသခင်ကား၊ အဘယ်မှာနည်းဟု ဆိုလေ့ရှိသောကြောင့်တည်း။