9
ကိုယ်တော်ကလည်း ဤတွင်ရပ်နေသူအချို့သည် တန်ခိုးနှင့်တကွဘုရားသခင့်နိုင်ငံတော် တည်သည်ကိုမမြင်မီ အလျှင်းမသေရ။ ငါအမှန်ဆိုသည်ဟု မိန့်တော်မူ၏။
ထိုနောက်ခြောက်ရက်လွန်သော် ယေရှုသည် ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုမြင့်စွာသော တောင်ပေါ်သို့အသီးအခြားခေါ်သွားပြီးလျှင် သူတို့ရှေ့တွင် အဆင်းပြောင်းလျက်၊ မြေပေါ်ရှိ ခဝါသည်ဖွပ်၍မရသော ဖြူဆွတ်ခြင်းဖြင့် အဝတ်တော်တောက်ပလျက်ရှိတော်မူ၏။ ဧလိယသည် မောရှေနှင့်တကွ ထင်ရှား၍ ယေရှုနှင့်တိုင်ပင်ကြရာ၊ 5-6 တပည့်တော်တို့ ကြောက်ရွံ့ကြသဖြင့် လျှောက်အပ်သည်ကိုမသိဘဲ ပေတရုကဆရာတော်၊ ဤတွင်နေထိုင်ရန်ကောင်းပါသည်။ ကိုယ်တော်ဖို့တစ်ဆောင်၊ မောရှေဖို့တစ်ဆောင်၊ ဧလိယဖို့တစ်ဆောင်တဲသုံးဆောင်ထိုးပါရစေဟု ယေရှုအားလျှောက်၏။ ထိုအခါ တိမ်တိုက်သည် လွှမ်းမိုးလျှက် ဤသူကား၊ ငါမြတ်နိုးရာ ချစ်သားပေတည်း။ သူ့အမိန့်ကို နာခံကြဟု တိမ်တိုက်ထဲကဗျာဒိတ်တော်သံရောက်လာ၏။ တပည့်တော်တို့သည်ရုတ်တရက်လှည့်ကြည့်သော် သူတို့နှင့်အတူယေရှုတစ်ပါးတည်းပြင် မည်သူ့ကိုမျှ ထပ်မံ၍မမြင်ချေ။
တောင်ပေါ်ကဆင်းလာကြစဉ် သူသေတို့အထဲမှ လူ့သားမရှင်ပြန်မထမြောက်မီ မြင်ခဲ့ရာများကို မည်သူ့အားမျှမကြားမပြောစေရန် မှာထားတော်မူသဖြင့်၊ 10 တပည့်တော်တို့သည်လိုက်နာ၍ သူသေတို့အထဲမှရှင်ပြန်ထမြောက်ခြင်း ဆိုလိုသည်ကို အချင်းချင်းဆွေးနွေးလျက်၊ 11 ကိုယ်တော့်အားလည်း ဧလိယလာနှင့်ရမည်ဟူ၍ ကျမ်းတတ်ဆရာတို့ အဘယ်ကြောင့်ဆိုကြပါသနည်းဟု မေးလျှောက်ကြသော်၊ 12 ကိုယ်တော်က ဧလိယသည်လာနှင့်၍ အရာခပ်သိမ်းကို အသစ်ပြုပြင်ရမည် မှန်သော်လည်းလူ့သားနှင့်စပ်လျက် မည်သို့သောကျမ်းချက် ရှိသနည်း။ များစွာသောဒုက္ခနှင့် ငြင်းပယ်ခြင်းကိုခံ ရလိမ့်တကား။ 13 သို့ရာတွင်ဧလိယရောက်လာပြီ။ စပ်လျဉ်းသောကျမ်းချက်အတိုင်း ထိုသူ့အားအလိုရှိရာပြုကြလေပြီ။ ငါဆိုသည်ဟုမိန့်တော်မူ၏။
14 တပည့်တော်တို့ရှိရာသို့ရောက်သော် ဝန်းရံသောလူပရိတ်သတ်ကြီးနှင့် ဆွေးနွေးမေးမြန်းသော ကျမ်းတတ်ဆရာတို့ကိုမြင်ကြ၏။ 15 လူပရိသတ်ရှိသမျှလည်း ကိုယ်တော်ကိုချက်ခြင်းမြင်၍ အလွန်အံ့သြလျက် အထံတော်သို့ပြေးလာ နှုတ်ဆက်ကြသော်၊ 16 ကိုယ်တော်က ဘယ်အရာကိုဆွေးနွေးမေးမြန်းကြသနည်းဟု မေးတော်မူလျှင်၊ 17 လူပရိသတ်ရှိ တစ်ယောက်သောသူက ဆရာ နတ်အပူးသောသားကို ဆရာ့ထံကျွန်တော်ခေါ်လာပါသည်။ 18 နတ်သည် သူငယ်ကို ဖမ်းစားလေရာရာ၌လှဲချသဖြင့် သူငယ့်နှုတ်ကအမြှုပ်ထွက်လျက်၊ သွားကြိတ်လျက်၊ ပိန်ကြုံလျက်ရှိပါသည်။ နှင်ထုတ်ရန် ဆရာ့တပည့်တို့ထံတောင်းပန်သော်လည်း မတတ်နိုင်ကြပါဟုလျှောက်ပြန်သည့်ကာလ၊ 19 ကိုယ်တော်က ယုံကြည်ခြင်းကင်းသော အိုလူမျိုး၊ ငါသည် သင်တို့နှင့်မည်မျှကြာရှိနေရမည်နည်း။ သင်တို့ကိုမည်မျှကြာသည်းခံရမည်နည်း။ သူငယ်ကိုငါ့ ထံယူခဲ့ကြဟု မိန့်တော်မူသည့်အတိုင်း၊ 20 ယူခဲ့ကြရာ ကိုယ်တော်ကိုမြင်လျှင်မြင်ချင်း နတ်သည်ပြင်းစွာတုန်တက်စေသဖြင့် မြေပေါ်မှာသူငယ်လဲ၍ နှုတ်ကအမြှုပ်ထွက်လျက် လှိမ့်လျက်နေ၏။ 21 ထိုအခါ ဤသို့ဖြစ်လျက်ရှိနေသည်မှာ မည်မျှကြာပြီနည်းဟု သူငယ့်အဘအားမေးတော်မူသော်၊ 22 ငယ်ရွယ်ကပင်ဖြစ်ပါသည်။ သူငယ်ကို မီးတွင်လည်းေကာင်း၊ ရေတွင်လည်းေကာင်း၊ ဖျက်ဆီးအံ့သောငှာ ကြိမ်ဖန်များစွာ ပစ်ချပါသည်။ ဆရာသည် တစ်စုံတစ်ရာတတ်နိုင်လျှင် ကျွန်တော်တို့ကိုသနား၍မစတော်မူပါဟု ပြန်လျှောက်ရာ၊ 23 တတ်နိုင်လျှင်ဟူ၍ဆိုရက်ပေစွ။ ယုံကြည်သောသူ့အား အရာခပ်သိမ်းကိုတတ်နိုင်သည်ဟု 24 ယေရှု မိန့်တော်မူသည်နှင့်တစ်ပြိုင်နက် သူငယ်၏အဘကယုံကြည်ပါသည်။ ကျွန်တော့်မယုံကြည်ခြင်းကို မစတော်မူပါဟု ဟစ်လျက်လျှောက်ထားလေ၏။ 25 လူအမြောက်အများတို့ အမြန်စုလာကြသည်ကိုမြင်တော်မူသည့်ကာလ ယေရှုကအချင်းနတ်အ၊ နတ်ပင်း၊ သူငယ်မှထွက်လော့။ နောက်ထပ်၍မဝင်နှင့်။ ငါအမိန့်ရှိသည်ဟု ဆုံးမမိန့်ဆိုတော်မူသည့်အတိုင်း၊ 26 နတ်ဆိုးအော်၍ သူငယ်ကိုပြင်းစွာတုန်တက်စေပြီးလျှင်ထွက်ခွာရာ သူငယ်သည် သေငယ်သေသဖြင့် အများကသေပြီဟုဆိုကြသော်လည်း၊ 27 လက်ကိုယေရှုကိုင်၍ ထူတော်မူသဖြင့် သူငယ်ထလေ၏။ 28 အိမ်သို့ဝင်တော်မူသော်တပည့်တော်တို့က အဘယ်ကြောင့်ထိုနတ်ကို တပည့်တော်တို့ မနှင်ထုတ်နိုင်ပါသနည်းဟု အသီးအခြားမေးလျှောက်ကြလျှင်၊ 29 ပဌနာပြုခြင်းမှတစ်ပါး မည်သည့်နည်းဖြင့်မျှ ထိုနတ်မျိုးကိုမထွက်စေနိုင်ဟုမိန့်တော်မူ၏။
30-31 ထိုအရပ်မှ ထွက်၍ ဂါလိလဲနယ်ကိုဖြတ်သွားကြရာ လူ့သားသည်လူတို့လက်သို့ပို့အပ်ခံရ၍ အသေသတ်ခြင်းခံရလိမ့်မည်။ သေပြီးနောက် သုံးရက်လည်လျှင် ရှင်ပြန်ထမြောက်ရလိမ့်မည့်အကြောင်းကို တပည့်တော်တို့အားပြသမိန့်ဆိုလျက်ရှိသဖြင့် သွားသည်ကိုမည်သူမျှသိစေလိုတော်မမူ။ 32 တပည့်တော်တို့ကား ထိုအမိန့်တော်ကိုနားမလည်။ ကိုယ်တော်ကိုလည်း မမေးမလျှောက်ဝံ့ကြချေ။
33 ကပေရနောင်မြို့သို့ရောက်ကြ၍ အိမ်တွင်ရှိနေတော်မူသော် ကိုယ်တော်ကခရီးအကြား မည်သည့်အရာကိုဆွေးနွေးကြသနည်းဟု မေးတော်မူရာ၊ 34 မည်သူအကြီးအမြတ်ဆုံးဖြစ်သည်ကို ခရီးအကြားအချင်းချင်းဆွေးနွေးမိသဖြင့် ဆိတ်ဆိတ်နေကြ၏။ 35 ထိုအခါ ကိုယ်တော်သည်ထိုင်၍ တစ်ဆယ့်နှစ်ပါးတို့ကိုခေါ်တော်မူပြီးလျှင် မည်သူမဆိုအဦးဆုံးကျလိုလျှင် အားလုံးတွင်နောက်ဆုံးကျ၍ အလုံးစုံတို့အစေကိုခံစေဟု မိန့်တော်မူ၏။ 36 ထိုနောက်သူငယ်တစ်ယောက်ကိုခေါ်၍ တပည့်တော်တို့အလယ်တွင်ထားပြီးလျှင် ပိုက်ပွေ့တော်မူလျက်၊ 37 မည်သူမဆိုငါ့နာမကိုထောက်၍ ဤသို့သောသူငယ်တစ်စုံတစ်ယောက်ကိုလက်ခံလျှင် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသူလည်း ငါ့ကိုသာမဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလက်ခံသည်ဟု မိန့်တော်မူ၏။
38 ထိုအခါ ယောဟန်က ဆရာ၊ တပည့်တော်တို့နောက်သို့မလိုက်သူတစ်ယောက်သည် ကိုယ်တော်၏နာမတော်နှင့် နတ်များနှင်ထုတ်နေသည်ကိုတွေ့မြင်၍ မလိုက်သောကြောင့် မြစ်တားခဲ့ကြပါသည်ဟုလျှောက်ရာ၊ 39 ယေရှုကမမြစ်တားကြနှင့်။ ငါ့နာမအားဖြင့်အမှုကြီးကိုပြုပြီးလျှင် ငါ့ကိုလျင်မြန်စွာ မကောင်းပြောဆိုမည့်သူမရှိ။ 40 ငါတို့တစ်ဘက်၌မရှိသူသည် ငါတို့ဘက်၌ရှိ၏။ 41 မည်သူမဆိုခရစ်တော့်တပည့်ဖြစ်သည်ကိုထောက်၍ သင်တို့အားရေတစ်ခွက်မျှတိုက်လျှင် အကျိုးမရဘဲ အလျှင်းမရှိရ။ ငါအမှန်ဆို၏။ 42 ယုံကြည်သော ဤသူငယ်တစ်ယောက်ယောက်ကို တိုက်လဲစေသောသူမူကား လည်တွင်ကြိတ်ဆုံကျောက်ဆွဲလျက် ပင်လယ်၌ပစ်ချခံရလျှင်ကောင်းသေး၏။ 43 သို့ဖြစ်၍ လက်ကသင့်ကိုတိုက်လဲစေလျှင် ဖြတ်လော့။ မငြိမ်းနိုင်သောငရဲမီးထဲသို့ လက်စုံလျက် ကျရသည်ထက် လက်ချို့လျက်အသက်ရှင်ရာသို့ဝင်ရသော် ကောင်းသေး၏။ 45 ခြေကတိုက်လဲစေလျှင် ဖြတ်လော့။ ခြေစုံလျက်ငရဲထဲသို့ပစ်ချခံရသည်ထက် ခြေချို့လျက် အသက်ရှင်ရာသို့ ဝင်ရသော်ကောင်းသေး၏။ 9.44ၒ-46 ေရှးကျမ်းေဟာင်းများ၌နံပါတ် ၄၄၊ ၄၆ မပါ၀င်ပါ။ 47-48 မျက်စိကတိုက်လဲစေလျှင် ထုတ်လော့။ ပိုးမသေမီးမငြိမ်းရာငရဲထဲသို့ မျက်စိနှစ်လုံးပါလျက် ပစ်ချခံရသည်ထက် မျက်စိတစ်လုံးနှင့်ဘုရားသခင့်နိုင်ငံတော်သို့ဝင်ရသော် ကောင်းသေး၏။ 49 အသို့ဆိုသော် လူတိုင်းပင် ဆားသဖွယ်မီးခတ်ခြင်းကိုခံရမည်။ 50 ဆားကား ကောင်းသည်မှန်သော်လည်း အငံကုန်လျှင် အဘယ်အရာဖြင့်ငံစေကြမည်နည်း။ သင်တို့တွင်ဆားရှိစေ၍ တစ်ယောက်နှင့်တစ်ယောက်အသင့်အတင့်နေကြလော့ဟု မိန့်တော်မူ၏။