8
ထိုနေ့ရက်ကာလ ကြီးစွာသောလူပရိတ်သတ်စုလာပြန်ရာ စားရန်အစာမရှိကြသော် တပည့်တော်တို့ကိုခေါ်တော်မူ၍၊ ဤလူပရိတ်သတ်သည် ယခုတိုင်ငါနှင့် သုံးရက်ရှိနေလျက် စားရန်အစာ မရှိကြသောကြောင့်ငါသနားသည်။ အစာမစားရဘဲ အိမ်များသို့ငါလွှတ်လိုက်လျှင် လမ်းတွင်ပန်းကြလိမ့်မည်။ အချို့တို့ အဝေးကရောက်လာသည်ဟု မိန့်တော်မူသော်၊ တပည့်တော်တို့က ထိုသူတို့ဝလောက်အောင် ဤတောအရပ်တွင်အစာကို မည်သို့ရနိုင်ပါအံ့နည်းဟု ပြန်လျှောက်ကြလျှင်၊ မုန့်ဘယ်နှစ်လုံးပါရှိသနည်းဟု မေးတော်မူရာ ခုနစ်လုံးပါရှိပါသည်ဟု ပြန်လျှောက်ကြ၏။ ထိုအခါ ကိုယ်တော်သည် လူပရိတ်သတ်ကို မြေပေါ်တွင်ထိုင်ကြစေရန်မှာတော်မူပြီးနောက် မုန့်ခုနစ်လုံးကိုယူလျက် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှဖဲ့၍ ပရိသတ်ရှေ့တည်စေရန် တပည့်တော်တို့အားပေးတော်မူသည့်အတိုင်း တပည့်တော်တို့တည်ကြ၏။ ပါရှိသော ငါးကလေးအနည်းငယ်ကိုလည်း၊ ကောင်းကြီးပေးပြီးလျှင် တည်စေရန်အမိန့်ရှိတော်မူသည်နှင့်၊ ထိုသူတို့စား၍ ဝကြသည့်နောက် စားကြွင်းအကျိုးအပဲ့ကို ခုနစ်တောင်း ကောက်ရကြ၏။ စားသူတို့မှာ လေးထောင်ခန့်ရှိသတည်း။ ကိုယ်တော်သည် ထိုသူတို့ကို သွားစေတော်မူပြီးနောက် 10 တပည့်တော်တို့နှင့်အတူချက်ခြင်းလှေစီး၍ ဒါလမနုသနယ် သို့ကြွရောက်တော်မူ၏။
11 ထိုအခါဖာရိရှဲတို့သည် ထွက်လာ၍ စုံစမ်းခြင်းငှါမေးမြန်းပြောဆိုလျက် မိုးကောင်းကင်မှ နိမိတ်လက္ခဏာကို ကိုယ်တော့်ထံတောင်းကြသော်၊ 12 စိတ်တော်မသာလျက် ကိုယ်တော်က ယခုလူမျိုးသည် အဘယ်ကြောင့်နိမိတ်လက္ခဏာကို တောင်းကြသနည်း။ မည်သည့်နိမိတ်လက္ခဏာကိုမျှပြမည်မဟုတ်။ ငါအမှန်ဆိုသည်ဟု မိန့်တော်မူပြီးလျှင် 13 ထိုသူတို့ထံမှထွက်၍ လှေကိုပြန်စီးလျက် တစ်ဖက်ကမ်းသို့ကြွရောက်တော်မူ၏။
14 တပည့်တော်တို့သည် မုန့်ကိုမေ့လျော့၍ မယူမိသဖြင့် လှေတွင်မုန့်တစ်လုံးပြင် မပါကြ။ 15 ဖာရိရှဲတို့ တဆေး၊ ဟေရုဒ်မင်းတဆေးကို သတိနှင့်ကြဉ်ရှောင်ကြလော့ဟု မိန့်တော်မူသည့်အတွက်၊ 16 မုန့်မပါခဲ့သည့်အကြောင်း တပည့်တော်တို့အချင်းချင်းဆွေးနွေးကြသည်ကို သိတော်မူသည့်ကာလ၊ 17 ကိုယ်တော်က မုန့်မပါခဲ့သည့်အကြောင်းကိုအဘယ်ကြောင့်ဆွေးနွေးကြသနည်း။ ယခုတိုင်မသိမမြင် နားမလည်ကြသလော။ စိတ်ခဲယဉ်းကြသလော။ 18 မျက်စိရှိလျက်မမြင်၊ နားရှိလျက်မကြားဘဲနေကြသလော။ 19 မုန့်ငါးလုံးကိုငါဖဲ့၍ လူငါးထောင်အား ကျွေးသည့်ကာလ စားကြွင်းအကျိုးအပဲ့ဆွဲတောင်းရေ မည်မျှကောက်ခဲ့ကြသည်ကို သတိမရကြလောဟုမေးတော်မူသော် ဆယ့်နှစ်တောင်းဟုပြန်လျှောက်ကြ၏။ 20 လူလေးထောင်ကို မုန့်ခုနစ်လုံးနှင့်ကျွေးသည့်ကာလ စားကြွင်းအကျိုးအပဲ့တောင်းရေမည်မျှကောက်ခဲ့ကြသနည်းဟု မေးတော်မူပြန်သော် ခုနစ်တောင်းဟု ပြန်လျှောက်ကြသောအခါ၊ 21 ယခုတိုင်နားမလည်ကြလောဟုမိန့်တော်မူ၏။
22 ဗက်ဇဲဒမြို့သို့ရောက်သော် မျက်မမြင်တစ်ယောက်ကို ကိုယ်တော့်ထံခေါ်ခဲ့ကြပြီးလျှင် တို့တော်မူရန် တောင်းလျှောက်ကြရာ၊ 23 ကိုယ်တော်သည် မျက်မမြင်၏လက်ကိုကိုင်လျက် မြို့ပြင်သို့ခေါ်သွား၍ မျက်စိများပေါ်တွင်တံတွေးတော်ထွေးခြင်း၊ သူ့အပေါ်တွင်လက်တော်တင်ခြင်း၊ ပြုပြီးနောက် မြင်ရသလောဟုမေးတော်မူသော်၊ 24 သူသည်မျှေော်ကြည့်လျက် လျှောက်နေကြသောလူတို့ကို သစ်ပင်များကဲ့သို့ကြည့်၍မြင်ရပါသည်ဟုလျှောက်၏။ 25 တစ်ဖန် မျက်စိများပေါ်တွင်လက်တင်တော်မူသော် မျက်မမြင်သူ စေ့စေ့ကြည့်လျက် စက္ခုအာရုံ ပြန်ရသဖြင့် အရာခပ်သိမ်းကိုကြည်လင်စွာမြင်၏။ 26 ထိုကာလ ကိုယ်တော်က မြို့ထဲသို့ဝင်ရုံမျှမဝင်နှင့်ဟုမိန့်ဆိုလျက် အိမ်ကိုလွှတ်လိုက်တော်မူ၏။
27 ယေရှုသည် တပည့်တော်တို့နှင့်တကွထိုအရပ်မှထွက်၍ ကဲသရိဖိလိပ္ပိနယ်ရှိမြို့ရွာများသို့ ကြွတော်မူရာ ခရီးအကြား ငါသည်မည်သူဖြစ်သည်ဟုလူတို့ဆိုကြသနည်းဟူ၍ တပည့်တော်တို့အားမေးမြန်းတော်မူသည့်ကာလ၊ 28 အချို့က ဗတ္တိဇံဆရာယောဟန်၊ အချို့က ဧလိယ၊ အချို့ကရှေးပရောဖက်တစ်ပါးပါးဖြစ် ကြောင်းဆိုကြပါသည်ဟု တပည့်တော်တို့ပြန်လျှောက်ကြရာ၊ 29 သင်တို့ကား ငါသည်မည်သူဖြစ်သည်ဟုဆိုကြသနည်းဟူ၍ မေးတော်မူပြန်သည့်ကာလ ပေတရုကကိုယ်တော်သည် ခရစ်တော်တည်းဟု ပြန်လျှောက်၏။ 30 အကြောင်းတော်ကိုမည်သူ့အားမျှမကြားမပြောကြစေရန် မြစ်တားတော်မူပြီးမှ၊ 31 လူ့သားသည်ဒုက္ခများစွာခံရမည့်အကြောင်းလူကြီးများ၊ ပရောဟိတ်ကြီးများနှင့် ကျမ်းတတ်ဆရာများတို့ ငြင်းပယ်ခြင်းကိုခံရမည့်အကြောင်း၊ အသေခံပြီးနောက်သုံးရက်လည်လျှင် ရှင်ပြန်ထမြောက်ရမည့်အကြောင်းများကို တပည့်တော်တို့အားအတည့်အလင်းပြသမိန့်ဆိုတော်မူသဖြင့် 32 ပေတရုသည် ကိုယ်တော်ကိုပင့်ခေါ်လျက် ဆုံးမမည်ပြုသော်၊ 33 ကိုယ်တော်သည်လှည့်၍ တပည့်တော်တို့ကိုမြင်တော်မူလျက် အချင်းစာတန်၊ ဆုတ်သွားလော့။ ဘုရားသခင့်ဆိုင်ရာများကို သင်ဂရုမပြု။ လူ့ဆိုင်ရာများကိုသာဂရုပြုသည်ဟု ပေတရုအားဆုံးမတော်မူ၏။ 34 ထိုနောက်တပည့်တော်တို့နှင့်တကွ လူပရိသတ်ကိုခေါ်တော်မူလျက် မည်သူမဆိုငါ့နောက်လိုက်လိုလျှင် ကိုယ်ကိုငြင်းပယ်၍ ကိုယ့်ကားတိုင်ကိုထမ်းလျက်လိုက်စေ။ 35 ကိုယ့်အသက်ကိုကယ်လိုသူတိုင်း အသက်ရှုံးလိမ့်မည်။ ငါ့အတွက်နှင့်သတင်းတော်မြတ်အတွက်ကြောင့် အသက်ရှုံးသူတိုင်းကား အသက်ကိုကယ်လိမ့်မည်။ 36 လူသည် တစ်လောကလုံးကိုအပိုင်ရ၍အသက်ရှုံးလျှင် မည်သည့်အကျိုးနည်း။ 37 ကိုယ့်အသက်ကို မည်သည့်အရာနှင့်လဲလှယ်အံ့နည်း။ 38 မျောက်မထား၍ ပြစ်မှားတတ်သောယခုလူမျိုးတွင် မည်သူမဆိုငါနှင့်ငါမိန့်ဆိုချက်ကြောင့် ရှက်လျှင် လူ့သားသည်ခမည်းတော်၏ဘုန်းတော်ကိုဆောင်လျက် သန့်ရှင်းသော စေတမန်တော်တို့နှင့်တကွကြွလာသည့်ကာလ ထိုသူကြောင့်ရှက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။