4
အိုင်နားတွင်ဒေသနာပေးတော်မူပြန်သော် အလွန်ကြီးစွာသော လူပရိတ်သတ်စုရုံးလာရောက်ကြသဖြင့် ကိုယ်တော်သည် အိုင်ထဲရှိလှေတစ်စင်းပေါ်သို့တက်၍ ထိုင်တော်မူရာ အိုင်ကမ်းပေါ်တွင်ရှိနေသောလူပရိတ်သတ်တို့အား၊ အကြောင်းအရာများကို ဥပမာဖြင့်သွန်သင်၍ မိန့်တော်မူသည်မှာ၊ နားထောင်ကြလော့၊ မျိုးကြဲသူတစ်ယောက်သည်၊ မျိုးကြဲရန်ထွက်သွားလျက် ကြဲသည့်ကာလ မျိုးစေ့အချို့သည် လမ်းပေါ်တွင်ကျ၍ ငှက်များလာပြီးလျှင် ကောက်စားကြ၏။ အချို့သည် ကျောက်ခံသောမြေပါးရာတွင်ကျ၍ မြေတိမ်သောကြောင့် ချက်ခြင်း အေညှာက်ပေါက်သဖြင့်၊ နေထွက်သောအခါ အပူလောင်၍ အမြစ်မစွဲသည့်အတွက် ညှိုးနွမ်းသေပျောက်၏။ အချို့မှာ ဆူးကြားတွင်ကျ၍ ဆူးပင်များသည်ကြီးပွားလျက် ဖိစီးသဖြင့် အသီးမသီးရှိနေ၏။ အချို့မူကား မြေကောင်းရာတွင်ကျ၍ ကြီးပွားတိုးတက်လျက် အသီးသီးသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာထွက်၏။ ကြားနာရန် နားရှိသူ ကြားနာစေဟု မိန့်တော်မူ၏။
10 ထိုနောက်တစ်ပါးတည်းရှိတော်မူစဉ် တစ်ဆယ့်နှစ်ပါးတို့နှင့်တကွအပါးတော်တွင် ရှိနေသူတို့က ဥပမာများအကြောင်းမေးလျှောက်ကြသော်၊ 11-12 ကိုယ်တော်ကဘုရားသခင့်နိုင်ငံတော်နှင့်စပ်လျဉ်းသည့် နက်နဲရာကို သင်တို့ရရှိသည်မှန်၏။ ပြင်ပလူတို့မူကားကြည့်လျက်ပင်သိမြင်ခြင်း၊ ကြားလျက်ပင်နားလည်ခြင်းကင်း၍ အပြစ်ပြေလွတ်ခြင်းရရန် ပြန်လာခွင့်မရှိစေအံ့သောငှါ ဥပမာများဖြင့်သာ သွန်သင်ခံရကြသည်ဟုမိန့်တော်မူ၏။ 13 ထိုနောက်ကိုယ်တော်က ဤဥပမာကိုသင်တို့နားမလည်သည်မှန်လျှင် ဥပမာခပ်သိမ်းကို မည်သို့နားလည်ကြမည်နည်း။ 14 မျိုးကြဲသူသည် တရားတော်ကိုကြဲရာ၊ 15 လမ်းပေါ်တွင်ကြဲထားသူတို့မှာ တရားတော်ကိုကြားသည့်ကာလ သူတို့၌ ကြဲထားသည့်တရားကို စာတန်ချက်ခြင်းလာ၍ နုတ်ယူတတ်၏။ 16 ထိုနည်းတူကျောက်ခံမြေတွင် ကြဲထားသူတို့မှာ တရားတော်ကိုကြားလျှင်ကြားချင်း ရွှင်လန်းစွာနာယူသော်လည်း၊ 17 အမြစ်မစွဲသဖြင့်ခဏမျှသာ တည်ကြည်၍ တရားတော်ကြောင့် ဒုက္ခရောက်ခြင်း၊ ညှဉ်းပန်းခြင်းနှင့် တွေ့ကြုံသည့်ကာလ ချက်ခြင်းတိုက်လဲသူများ ဖြစ်၏။ 18 ဆူးကြားတွင် ကြဲထားသူတို့မှာလည်း တရားတော်ကိုကြားနာပြီးနောက်၊ 19 ယခုဘဝသောကမှစသောစည်းစိမ်လှည့်ဖျားခြင်းနှင့် တပ်မက်ခြင်းအမျိုးမျိုးဝင်လာ၍ တရားတော်ကိုဖိစီးသဖြင့် အသီးမသီးသော သူများဖြစ်၏။ 20 ကောင်းသောမြေတွင် ကြဲထားသူတို့မူကား တရားတော်ကိုကြားနာခံယူလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာအသီးသီးသောသူများဖြစ်သည်ဟုမိန့်တော်မူ၏။
21 ထိုနောက်ကိုယ်တော်က မီးခွက်ကိုတောင်းအောက်၌ ဖြစ်စေ၊ ခုတင်အောက်၌ဖြစ်စေ၊ ထားရန်ယူလာတတ်သလော။ ခုံပေါ်တွင်တင်ထားရန်မဟုတ်လော။ 22 ထင်ရှားစေရန်မှတစ်ပါးဝှက်ထားသောအရာ၊ ဖော်ပြရန်မှတစ်ပါးဖုံးထားသောအရာမရှိချေ။ 23 ကြားနာရန်နားရှိသူ ကြားနာစေဟု မိန့်တော်မူ၏။ 24 ၎င်းပြင်ကိုယ်တော်က ကြားနာသည့်အရာကို သတိပြုကြလော့။ ကိုယ်ချိန်ပေးသည့် ပမာဏအတိုင်းပေးခြင်းကိုခံရ၍ ပိုမိုရလိမ့်မည်။ 25 ရရှိသောသူ့အား ထပ်၍ပေးလိမ့်မည်။ မရမရှိသောသူ့မှမူကား ရှိသမျှကိုပင်နုတ်ယူလိမ့် မည်ဟု မိန့်တော်မူ၏။ 26 ကိုယ်တော်ကလည်းဘုရားသခင့်နိုင်ငံတော်သည် မြေတွင်လူတစ်ဦးမျိုးကြဲခြင်းနှင့်တူ၏။ 27-28 ကြဲပြီးနောက် နေ့ညဉ့်မပြတ်အိပ်လျက်၊ ထလျက်နေစဉ်၊ မြေကြီးသည်အလျောက်ဘာသာ၊ အစ၌ အ​ေညှာက်၊ နောက်အနှံ၊ နောက်အနှံတွင်အောင်မာသောအသီး သီးတတ်သည်အတိုင်း အကြောင်းကိုထိုသူ မမြော်မြင်ဘဲ မျိုးစေ့ပေါက်ရောက်ကြီးပွားပြီးမှ၊ 29 မှည့်လျှင်မှည့်ချင်း ရိတ်သိမ်းချိန်ရောက်သဖြင့် တံစဉ်ကျော့တတ်သည်ဟုမိန့်တော်မူ၏။ 30 တစ်ဖန် ကိုယ်တော်က ဘုရားသခင့်နိုင်ငံတော်ကိုမည်သို့ပုံနှိုင်းရအံ့နည်း။ မည်သည့်ဥပမာဖြင့် ဖော်ပြရအံ့နည်း။ 31 မုံညင်းစေ့နှင့်တူ၏။ ထိုအစေ့သည် မြေ၌စိုက်ပျိုးသောအခါ ဤမြေကြီးပေါ်တွင်မျိုးစေ့ရှိသမျှထက် ငယ်သော်လည်း၊ 32 စိုက်ပျိုးပြီးမှပေါက်ပွား၍ ဟင်းသီးဟင်းရွက်ပင်ရှိသမျှထက်ကြီးလျက် အရိပ်အောက်တွင် လေသတ္တဝါတို့နားနေလောက်သော အခက်ကြီးများ ထွက်သည်ဟုမိန့်တော်မူ၏။ 33 ထိုသို့သောဥပမာအများဖြင့် တရားတော်ကိုထိုသူတို့ ကြားနာနိုင်သမျှ ဟောပြောတော်မူ၏။ 34 ဥပမာမဆောင်ဘဲ ဟောပြောတော်မူသည်မဟုတ်။ တပည့်တော်ရင်းတို့အားမူကား အရာခပ်သိမ်းကို အသီးအခြားဖွင့်ပြတော်မူ၏။
35 ထိုနေ့ညနေချမ်းအချိန်ရောက်သော် တစ်ဘက်ကမ်းသို့ ကူးသွားကြကုန်အံ့ဟုမိန့်တော်မူသည့်အတိုင်း၊ 36 လူပရိတ်သတ်ရှိရာမှ ထွက်သွား၍ လှေတွင်ရှိနှင့်တော်မူသည့်အလျောက် အခြားသောလှေများပါလျက် ကိုယ်တော်ကိုဆောင်သွားကြစဉ်၊ 37 ပြင်းထန်သော လေမုန်တိုင်းကျ၍ လှိုင်းခတ်လျက်ဝင်သောကြောင့်လှေတွင်ရေပြည့်လုပြီ။ 38 ကိုယ်တော်မူကားပဲ့ပိုင်းရှိ ဖုံပေါ်တွင်စက်တော်ခေါ်လျက်နေတော်မူ၏။ တပည့်တော်တို့သည်ကိုယ်တော်ကိုနှိုး၍ ဆရာ၊ အကျွန်ုပ်တို့သေဆုံးတော့မည်ကို လျစ်လျူရှုတော်မူသလောဟု လျှောက်ဆိုကြသော်၊ 39 ကိုယ်တော်သည် ထ၍လေကိုဆုံးမလျက် ရေကိုလည်း ရပ်စေ၊ ငြိမ်စေဟု မိန့်တော်မူသဖြင့် လေတိတ်၍ အလွန်ငြိမ်ဝပ်ရလေ၏။ 40 ကိုယ်တော်ကလည်း အဘယ်ကြောင့်ကြောက်သနည်း။ ယုံကြည်ခြင်းကင်းကြသေး သလောဟုမေးတော်မူရာ၊ 41 အလွန်ကြောက်ရွံ့၍ ဤသူကားမည်သူနည်း။ လေနှင့်ရေပင် အမိန့်တော်ကိုနားထောင်ရပါ သည်တကားဟု အချင်းချင်းပြောဆိုကြ၏။