15
နံနက်မိုးသောက်သော် ပရောဟိတ်ကြီးများ၊ လူကြီးများ၊ ကျမ်းတတ်ဆရာများနှင့် လွှတ်တော်အရာရှိ အပေါင်းတို့သည်တိုင်ပင်ပြီးလျှင် ယေရှုကိုချည်နှောင်ယူသွား၍ ပိလတ်မင်းထံပို့အပ်ကြ၏။ ထိုအခါပိလတ်မင်းက သင်သည် ယုဒလူမျိုးတို့ဘုရင်လောဟုမေးရာ သင်ဆိုသည့်အတိုင်းတည်းဟု ပြန်၍ မိန့်တော်မူ၏။ ထိုနောက်ပရောဟိတ်ကြီးတို့သည် အပြစ်များစွာစွဲဆိုကြသည့်ကာလ၊ ပိလတ်မင်းက တစ်ခွန်းတစ်ပါဒမျှမထုချေလော။ သင့်အပေါ်မှာမည်မျှအပြစ်စွဲဆိုကြသည်ကို မှတ်သားလော့ဟု မိန့်ဆိုပြန်သော်၊ ယေရှုသည် တစ်ခွန်းတစ်ပါဒမျှမိန့်ပြန်တော်မမူသောကြောင့် ပိလတ်မင်းအံ့သြ၏။
ဘုရင်ခံမင်းသည် လူပရိတ်သတ်လျှောက်တောင်းရာအကျဉ်းသားတစ်ယောက်ကို ထိုပွဲအခါတွင် လွှတ်မြဲဖြစ်သည့်အတိုင်း၊ အတွင်းမီးထရာ လူသတ်မှုကျူးလွန်သူတို့နှင့်တကွ ဗာရဗ္ဗခေါ်အကျဉ်းသားတစ်ယောက်ရှိသဖြင့် ထုံးစံရှိသည့်အလျောက်၊ သနားပါမည့်အကြောင်း တိုးဝင်လျှောက်တောင်းကြ၏။ 9-10 ပိလတ်မင်းသည် ပရောဟိတ်ကြီးတို့ငြူစူ၍ ပို့အပ်ကြသည်ကိုသိမြင်သောကြောင့် ယုဒလူမျိုးတို့ ဘုရင်ကို လွှတ်စေလိုသလောဟု မေးပြီးလျှင်၊ 11 ဗာရဗ္ဗကို လွှတ်ခွင့်တောင်းကြစေရန် လူပရိသတ်အားပရောဟိတ်ကြီးတို့ တိုက်တွန်းကြသဖြင့်၊ 12 ယုဒလူမျိုးတို့ဘုရင်ဟု သင်တို့ခေါ်သောသူ့ကိုမည်သို့ပြုရမည်နည်းဟု ပိလတ်မင်းမေးပြန်ရာ၊ 13 ကားတင်ပါဟု ဟစ်ပြန်ကြ၏။ 14 ပိလတ်မင်းကလည်း အဘယ်ကြောင့်နည်း။ အဘယ်ဆိုးသွမ်းမှုကိုပြုသနည်းဟု မေးပြန်ရာ ကားတင်ပါဟု အလွန်ပြင်းစွာဟစ်ကြသဖြင့်၊ 15 ပိလတ်မင်းသည် လူပရိတ်သတ်ကိုကျေနပ်စေလိုသည်နှင့် ဗာရဗ္ဗကိုလွှတ်၍ ယေရှုကို ရိုက်ဒဏ်ခတ်ပြီးလျှင် ကားတင်စေရန်အပ်လိုက်၏။
16 စစ်သည်တို့လည်း ကိုယ်တော်ကိုပရဲတောရိခေါ်ရုံးတော်တံတိုင်းအတွင်း ယူသွား၍ တစ်တပ်လုံးစုရုံးစေပြီးလျှင်၊ 17 ကမ္ပလာနီကို ဆင်ယင်ခြင်း၊ ဆူးဦးရစ်ရက်၍ ဆောင်းစေခြင်း၊ 18 ယုဒလူမျိုးတို့ ဘုရင်၌မင်္ဂလာရှိပါစေသောဟု သြဘာဆက်ခြင်း၊ 19 ဦးခေါင်းတော်ကိုကျူလုံးနှင့်ရိုက်ခြင်း၊ ကိုယ်တော်ကိုတံတွေးတွေးခြင်း၊ ဒူးတုပ်ရှိခိုးခြင်းများကို ပြုကြ၏။ 20 ထိုသို့ပြောင်လှောင်ပြီးနောက် ကမ္ပလာနီကိုလဲလျက် အဝတ်တော်ကိုဆင်ယင်ပြီးလျှင် ကားတင်ရန်ထုတ်သွားကြ၏။
21 ကျေးတောမှလာသောခရီးသည် ကုရေနေပြည်သားအလေဇန္ဒြုနှင့်ရုဖုတို့အဖရှိမုန်ကို အနိုင့်အထက် ကားတိုင်ထမ်းခိုင်းလျက်၊ 22 ဦးခေါင်းခွံဟူ၍ဆိုလိုသော ဂေါလဂေါသအရပ်သို့ ကိုယ်တော်ကိုထုတ်သွားကြသော်၊ 23 မုရန်ဆေးစပ်ထားသော စပျစ်ရည်ကိုပေးကြရာ မယူဘဲနေတော်မူ၏။ 24 ကားတင်ကြပြီးလျှင် အသီးသီးတို့ယူရစေရန် အဝတ်တော်များကိုမဲချ၍ ခွဲဝေကောက်ယူကြ၏။ 25-26 ယုဒလူမျိုးတို့ဘုရင်ဟူသော စွဲဆိုချက်ကမ္ပည်းကို ဆွဲထားလျက် နံနက်ကိုးနာရီအချိန် ကားတင်ကြရာ၊ 27 ကိုယ်တော်နှင့်အတူ ဝဲယာတော်၌တစ်ယောက်စီ ဓားပြနှစ်ယောက်ကိုလည်း ကားတင်ကြ၏။ 15.28 လွန်ကျူးသူတို့စာရင်းသွင်းသည်ဟူေသာကျမ်းချက်အတိုင်းထိုသို့ပြည့်စုံသတည်းဟူေသာနံပါတ် ၂၈သည်ကျမ်းေဟာင်းအချၖို့၌ပါရှိ၏။ 29 သီသွားသူတို့သည် ဦးခေါင်းလှုပ်ခါလျက် ဟေ့၊ ဗိမာန်တော်ကိုဖြိုဖျက်၍သုံးရက်နှင့်တည်ဆောက်သော အချင်းလူ၊ 30 ကိုယ်ကိုကယ်၍ကားတိုင်မှဆင်းလာလော့ဟု ကဲ့ရဲ့ကြ၏။ 31 ထိုနည်းတူ ပရောဟိတ်ကြီးတို့နှင့်ကျမ်းတတ်ဆရာတို့က သူတထူးကိုသူကယ်သည်။ ကိုယ်ကိုမကယ်နိုင်ပါတကား၊ 32 ဣသရေလလူမျိုးတို့ဘုရင်မင်း ခရစ်တော်သည် ငါတို့မြင်၍ယုံကြည်စေရန် ကားတိုင်မှယခု ဆင်းလာပါစေဟု အချင်းချင်းပြောဆိုလျက် သရော်ကြ၏။ ကိုယ်တော်နှင့်အတူ ကားတင်ခံရသူတို့ကလည်း ကဲ့ရဲ့ကြ၏။
33 မွန်းတည့်အချိန်ရောက်သော် တစ်ပြည်လုံးမှောင်ကျ၍ မွန်းလွဲသုံးနာရီတိုင်ရှိနေ၏။ 34 မွန်းလွဲသုံးနာရီအချိန်တွင် ယေရှုက အကျွန်ုပ်ဘုရားသခင်၊ အကျွန်ုပ်ဘုရားသခင်အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ထားတော်မူပါသနည်းဟု ဆိုလိုသောဧလောအိ၊ ဧလောအိ၊ လာမာရှဗတ်ခသာနိဟူ၍ ကျယ်သောအသံနှင့်ဟစ်တော်မူရာ၊ 35 ရပ်နေသူအချို့တို့ကြားသော်၊ နားထောင်ကြ၊ ဧလိယကိုခေါ်သည်ဟု ဆိုကြသည်နှင့်၊ 36 လူတစ်ယောက်သည်ပြေး၍ ရေမှိုတစ်ပွင့်ကို ပုန်းရည်နှင့်ပြည့်စေပြီးလျှင် ကျူလုံးတွင် တပ်လျက်တိုက်စဉ် ရှိပါလေစေ။ သူ့ကိုချယူအံ့သောငှာ ဧလိယလာမည်၊ မလာမည်ကိုကြည့်ကြကုန်အံ့ဟုဆို၏။ 37 ထိုနောက်ယေရှုသည် ကျယ်သောအသံနှင့်ကြွေးကြော်ပြီးလျှင် အသက်စွန့်တော်မူ၏။ 38 ဗိမာန်တော်ရှိကန့်လန့်ကာသည် အထက်ကအောက်တိုင် နှစ်ဖြာစုတ်ကွဲ၍၊ 39 ကိုယ်တော့်ရှေ့ရပ်နေသူတပ်မှုးသည် ထိုသို့အသက်စွန့်တော်မူသည်ကိုမြင်သော် ဤသူကားစင်စစ် ဘုရားသခင့်သားတော်ပေတည်းဟု ဆိုလေ၏။ 40-41 ဂါလိလဲနယ်တွင်ရှိနေတော်မူစဉ် နောက်တော်ကလိုက်လျက် လုပ်ကျွေးသမှုပြုသူ မာဂဒလမာရိ၊ ယာကုပ်ငယ်နှင့်ယောသေတို့အမိမာရိ၊ ရှာလုံတို့ပြင် ယေရုရှလင်မြိုသို့လိုက်လာကြသော ဒါယကာမအများလည်း အဝေးက ကြည့်ရှုလျက်နေကြ၏။
42 ညနေချမ်းအချိန်ရောက်သော် ဥပုသ်အဖိတ်နေ့ဖြစ်၍၊ 43 ဘုရားသခင့်နိုင်ငံတော်ကိုစောင့်မျှော်သူ ကျက်သရေဆောင်လွှတ်တော်အရာရှိ အရိမသဲမြို့သား ယောသပ်သည်လာ၍ ပိလတ်မင်းထံတိုးဝင်ပြီးလျှင် ယေရှု၏အလောင်းတော်ကိုတောင်းရာ၊ 44 ပိလတ်မင်းသည် သေပြီးသည်ကိုအံ့သြ၍ တပ်မှူးကိုခေါ်လျက်သေသည်မှာကြာပြီလောဟု မေးလျှင်၊ 45 တပ်မှူးစကားဖြင့် ကြားသိသည့်ကာလ အလောင်းတော်ကိုယောသပ်အား ပေးလိုက်၏။ 46 ထိုအခါယောသပ်သည် ပိတ်ထည်ဝယ်ပြီးလျှင် အလောင်းတော်ကိုချယူ၍ ပတ်လျက်ကျောက်တောင်၌ ထွင်းထားသောသင်္ချၖိုင်းဂူတွင်သွင်း၍ အဝကိုကျောက်လုံးနှင့်လှိမ့်ပိတ်လေ၏။ 47 သွင်းရာအရပ်ကို မာဂဒလမာရိနှင့် ယောသေအမိမာရိတို့လည်း ကြည့်မှတ်ကြ၏။