14
ထိုနောက်တဆေးမဲ့မုန့်ပွဲနှင့် ပသခါပွဲမတိုင်မီနှစ်ရက်တွင် ပရောဟိတ်ကြီးတို့နှင့်ကျမ်းတတ်ဆရာတို့သည် ပရိယာယ်အားဖြင့် ကိုယ်တော်ကိုမည်သို့ဖမ်းဆီးကွပ်မျက်ရမည့်အကြောင်း ရှာကြံသော်လည်း၊ ပွဲအခါတွင်မဖမ်းသင့်။ ပြည်သူပြည်သားတို့ ရုန်းရင်းခတ်ပြုကောင်းပြုလိမ့်မည်ဟု ဆိုကြ၏။
ကိုယ်တော်သည် ဗေသနိရွာနေ လူနူရှိမုန့်အိမ်တွင်စားပွဲထိုင်တော်မူစဉ် မိန်းမတစ်ယောက်သည် အဖိုးထိုက်သောနာဒုနံ့သာဆီစစ်ကို ကျောက်ဖြူဘူးနှင့်ယူလာ၍၊ ဘူးကိုခွဲဖွင့်ပြီးလျှင် ဦးခေါင်းတော်ပေါ်သို့သွန်းလောင်းရာ အချို့တို့သည်အမျက်ထွက်၍ ထိုနံ့သာဆီကို ဖြုန်းတီးသည်မှာ အသို့ကြောင့်နည်း။ ငွေသုံးရာကျော်နှင့်ရောင်းပြီးလျှင် သူဆင်းရဲများအားပေးကမ်းနိုင်လေပြီဟု အချင်းချင်းပြောဆိုလျက် ထိုမိန်းမကိုဆုံးမကြ၏။ သို့ရာတွင်ယေရှုက ဤမိန်းမကိုရှိစေလော့။ အဘယ်ကြောင့်နှောင့်ယှက်ကြသနည်း။ ငါ၌ ကောင်းသောအမှုကိုပြုလေပြီ။ သူဆင်းရဲများသည် သင်တို့နှင့်အစဉ်ရှိ၍ သင်တို့အလိုရှိတိုင်းကျေးဇူးပြုနိုင်ကြသည်။ ငါမူကား သင်တို့နှင့်အစဉ်နေသည်မဟုတ်။ ထိုမိန်းမသည် တတ်အားသရွေ့ပြုလျက် ဆီလိမ်းကျံသဖြင့် တင်ကူး၍ငါ့ကိုသေခမ်းသေနား ပြင်ဆင်လေသတည်း။ သတင်းတော်မြတ်ကို တစ်လောကလုံးဟောပြောသမျှအရပ်ရပ်၌ ထိုမိန်းမကိုသတိရစေရန် ပြုဖူးသော ဤအမှုကိုလည်း ကြားပြောရကြလိမ့်မည်။ ငါအမှန်ဆိုသည်ဟု မိန့်တော်မူ၏။
10 ထိုနောက်တစ်ဆယ့်နှစ်ပါးအပါအဝင် ယုဒဣရှကာရုတ်သည် ပရောဟိတ်ကြီးတို့ထံသို့သွား၍ ကိုယ်တော်ကိုပို့အပ်မည်ပြုရာ၊ 11 ထိုသူတို့ကြားနာဝမ်းမြောက်၍ ငွေပေးမည်ဟုကတိထားကြသဖြင့် ပို့အပ်ရန်အချိန်အခွင့်ကို ယုဒ ရှာကြံလျက်နေ၏။
12 ပသခါယဇ်ကို စီရင်လေ့ရှိသောတဆေးမဲ့မုန့်ပွဲပဌမနေ့တွင် တပည့်တော်တို့က ပသခါပွဲကို စားတော်ခေါ်ရန် မည်သည့်အရပ်သို့သွား၍ ပြင်ဆင်စေတော်မူလိုပါသနည်းဟု မေးလျှောက်ကြရာ၊ 13 တပည့်တော်နှစ်ပါးကိုစေလွှတ်တော်မူလျက် မြို့တွင်းသို့ဝင်မိလျှင် ရေအိုးထမ်းသွားသူ တစ်ယောက်ကိုတွေ့ကြလိမ့်မည်။ 14 လိုက်သွား၍ဝင်ရာ အိမ့်ရှင်အား ဆရာကတပည့်တို့နှင့်တကွပသခါပွဲကို ငါသုံးဆောင်ရမည့် ဧည့်ခန်းအဘယ်မှာနည်းဟူ၍မေးလိုက်ကြောင်း ကြားပြောကြလော့။ 15 အသင့်ခင်းကျင်းထားသော အထက်ခန်းကြီးကို ပြလိမ့်မည်။ ငါတို့အဖို့ ပြင်ဆင်ကြ ဟုမိန့်တော်မူ၏။ 16 တပည့်တော်တို့သည်သွားလျက် မြို့တွင်းသို့ရောက်သော် မိန့်တော်မူလိုက်သည့်အတိုင်းတွေ့ကြ၏။ ပသခါပွဲကို ပြင်ဆင်ကြပြီးနောက်၊ 17 ညနေချမ်းအချိန် တစ်ဆယ့်နှစ်ပါးတို့နှင့်တကွကြွရောက်တော်မူ၍၊ 18 စားပွဲထိုင်လျက်သုံးဆောင်နေကြစဉ် ယေရှုကငါနှင့်အတူစားသူ သင်တို့အနက် တစ်ယောက်ယောက်သည် ငါ့ကိုပို့အပ်လိမ့်မည်။ ငါအမှန်ဆိုသည်ဟု မိန့်တော်မူလျှင်၊ 19 ဝမ်းနည်းကြသဖြင့် တစ်ယောက်နောက်တစ်ယောက်တပည့်တော်လောဟု မေးလျှောက်ကြသော်၊ 20 ပန်းကန်တွင် ငါနှင့်အတူနှိုက်သူ၊ တစ်ဆယ့်နှစ်ပါးပါဝင်သူဖြစ်သတည်း။ 21 စပ်လျဉ်းသောကျမ်းချက်အတိုင်း လူ့သားသည်သွားရမည်မှန်သော်လည်း လူ့သားကိုပို့အပ်သူ၌ အမင်္ဂလာရှိ၏။ ထိုသူမဖွားခဲ့လျှင် ကောင်းသည်ဟုမိန့်တော်မူ၏။
22 သုံးဆောင်လျက်နေသေးစဉ် ကိုယ်တော်သည်မုန့်ကိုယူ၍ ကောင်းကြီးပေးပြီးလျှင် ဖဲ့တော်မူလျက် ခံယူကြလော့။ ဤကားငါ့ကိုယ်ခန္ဓာတည်းဟုမိန့်ဆို၍ တပည့်တော်တို့အားပေးတော်မူ၏။ 23 ဖလားကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးလျှင်ပေးတော်မူရာ သူတို့ရှိသမျှသောက်ကြ၏။ 24 ကိုယ်တော်ကလည်း ဤကား လူအများအဖို့သွန်းသော ပဋိညာဉ်တော်ဆိုင်ရာငါ့အသွေးတည်း။ 25 ငါမူကား ဘုရားသခင့်နိုင်ငံတော်တွင် စပျစ်ရည်သစ်သောက်သည့်နေ့မတိုင်မီ ယခုမှတစ်ပါး သောက်တော့မည်မဟုတ်။ ငါအမှန်ဆိုသည်ဟု မိန့်တော်မူ၏။ 26 ထိုနောက်သီချင်းဆိုပြီးလျှင် သံလွင်တောင်သို့ ထွက်သွားကြ၏။
27 ထိုအခါတပည့်တော်တို့အား ယေရှုက အထိန်းအကျောင်းကို ငါသတ်သဖြင့် သိုးများကွဲလွင့်ရကြလတ္တံ့ဟူသောကျမ်းချက်အတိုင်း သင်တို့ရှိသမျှသည် တိုက်လဲကြလိမ့်မည်။ 28 သို့ရာတွင်ငါသည် ရှင်ပြန်ထမြောက်ပြီးနောက်ဂါလိလဲနယ်သို့ သင်တို့အရင်သွားနှင့်မည်ဟု မိန့်တော်မူ၏။ 29 ထိုကာလ ပေတရုကရှိသမျှတို့သည် တိုက်လဲကြသော်လည်း တပည့်တော်တိုက်လဲမည်မဟုတ်ပါဟု ပြန်လျှောက်လေသော်၊ 30 ယေရှုကငါအမှန်ဆိုသည်ကား၊ သင်သည် ယနေ့ညဉ့်ပင် ကြက်နှစ်ကြိမ်မတွန်မီ ငါ့ကိုသုံးကြိမ်တိုင် ငြင်းဆိုလိမ့်မည်ဟု မိန့်တော်မူသဖြင့်၊ 31 ပေတရုကတပည့်တော်သည် ကိုယ်တော်နှင့်အတူသေရမည်ဖြစ်စေ၊ ငြင်းဆိုမည်မဟုတ်ပါဟု အထူးလျှောက်ဆို၏။ ရှိသမျှတို့လည်း ထိုနည်းတူလျှောက်ဆိုကြ၏။
32 ဂေသရှေမန်ခေါ် အရပ်သို့ရောက်ကြသော်တပည့်တော်တို့အားကိုယ်တော်က ငါပဌနာပြုစဉ် ဤတွင်ထိုင်နေကြဟု မိန့်တော်မူ၍၊ 33 ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်သွားပြီးလျှင် အံ့အားသင့်ခြင်း၊ ပူဆွေးခြင်း ဖြစ်သဖြင့်၊ 34 ငါ့စိတ်ဝိညာဉ်သေလောက်အောင်ညှိုးငယ်သည်။ ဤတွင်နေရစ်၍ စောင့်ကြဟု မိန့်တော်မူပြီးသော်၊ 35 ရှေ့သို့အနည်းငယ်ကြွသွားပျပ်ဝပ်လျက် ထိုအချိန်နာရီသည် ကိုယ်မှလွန်သွားနိုင်လျှင်သွားစေရန် ပဌနာပြုသည်မှာ၊ 36 အဗ္ဗအဘ၊ ကိုယ်တော်သည် အရာခပ်သိမ်းကို တတ်နိုင်တော်မူပါသည်။ ဤခွက်ကိုအကျွန်ုပ်မှ ရုပ်သိမ်းတော်မူပါ။ သို့သော်လည်းအကျွန်ုပ်အလိုအတိုင်းမဟုတ်။ အလိုတော်အတိုင်း ဖြစ်စေတော်မူပါဟု လျှောက်တော်မူ၏။ 37 ပြန်ကြွသော်တပည့်တော်တို့ အိပ်နေကြသည်ကိုတွေ့၍ ပေတရုအား အို ရှိမုန်၊ အိပ်နေသလော၊ တစ်နာရီမျှမစောင့်နိုင်လော။ 38 စုံစမ်းရာမလိုက်မပါအံ့သောငှာ စောင့်နေ၍ တောင်းလျှောက်ကြလော့။ စိတ်အားကြီးသော်လည်း ကိုယ်ခန္ဓာအားနည်းစွတကားဟု မိန့်တော်မူပြီးနောက်၊ 39 တစ်ဖန် ထွက်ကြွ၍ အထက်နည်းအတိုင်းပဌနာပြုလျက် တောင်းလျှောက်တော်မူ၏။ 40 ပြန်ကြွသည့်ကာလ တပည့်တော်တို့မျက်စိအလွန်လေးသဖြင့် အိပ်နေကြသည်ကိုတွေ့တော်မူရာ မည်သို့လျှောက်ရမည်ကို မသိကြချေ။ 41 တတိယအကြိမ် ပြန်ကြွသည့်ကာလ ကိုယ်တော်က ယခု အိပ်စက်နားနေကြတော့။ တော်လှပြီ။ အချိန် နာရီရောက်ပြီ။ လူ့သားသည်အပြစ်သားတို့လက်သို့ပို့အပ်ခံရပြီ။ 42 ထကြလော့။ သွားကြကုန်အံ့။ ငါ့ကိုပို့အပ်သူရောက်လာပြီဟု မိန့်တော်မူ၏။
43 ထိုသို့မိန့်တော်မူရာ ခဏချင်းတွင် တစ်ဆယ့်နှစ်ပါးပါဝင်သူယုဒသည် ရောက်လာ၍ ဓား၊ တုတ်၊ လက်နက်စွဲကိုင်သော လူအမြောက်အမြားလည်း ပရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများ လူကြီးများတို့ထံမှလိုက်ကြ၏။ 44 ပို့အပ်သူက ငါနမ်းမည့်သူသည်ထိုသူဖြစ်၏။ မလွတ်အောင်ဖမ်းဆီးယူသွားကြဟူ၍ အမှတ်ပေးထားခဲ့သည့်အတိုင်း၊ 45 ကိုယ်တော့်ထံ ရုတ်ချင်းရောက်လာချဉ်းကပ်၍ ဆရာတော်ဟုဆိုလျက် နမ်းရှုပ်သော်၊ 46 လိုက်ပါသူတို့သည် ကိုယ်တော်ကိုလက်ရဖမ်းဆီးကြ၏။ 47 ထိုအခါ ရပ်နေသူတစ်ယောက်သည် ဓားကိုချွတ်ပြီးလျှင်ပရောဟိတ်မင်း၏ ကျွန်ကိုခုတ်၍ နားရွက်ပြတ်လေ၏။ 48 ယေရှုကလည်း သင်တို့သည်ဓား၊ တုတ်လက်နက်စွဲကိုင်လျက် ဓားပြဖမ်းထွက်သလို ငါ့ကိုဖမ်းဆီးရန် လာကြသလော။ 49 ငါသည် သင်တို့ရှေ့ဗိမာန်တော်တွင် နေ့တိုင်းဒေသနာပေးလျက်ထိုင်နေစဉ် မဖမ်းကြပါတကား၊ ဤအခြင်းအရာမှာ ကျမ်းချက်များပြည့်စုံစေခြင်းငှာတည်းဟု မိန့်တော်မူ၏။ 50 ထိုနောက်တပည့်တော်ရှိသမျှတို့သည် ကိုယ်တော်ကိုစွန့်ပစ်၍ ထွက်ပြေးကြရာ၊ 51 ပိတ်ထည်ကိုသာခြုံသော ပျိုရွယ်သူတစ်ယောက်သည် နောက်တော်ကလိုက်စဉ် ဖမ်းဆီးကြပြန်သော်၊ 52 ပိတ်ထည်ကို ချွတ်ပစ်၍ ကိုယ်လွတ်ထွက်ပြေး၏။
53 ယေရှုကို ပရောဟိတ်မင်းထံယူသွားကြသော် ပရောဟိတ်ကြီးများ၊ လူကြီးများနှင့်ကျမ်းတတ်ဆရာ ရှိသမျှတို့လည်း စုရုံးလာရောက်ကြ၏။ 54 ပေတရုသည် ပရောဟိတ်မင်း၏ကျောင်းတော့်တံတိုင်းအတွင်းတိုင်အောင် အဝေးကလိုက်၍ မင်းမှုထမ်းတို့နှင့်အတူ မီးလှုံလျက်ထိုင်နေ၏။ 55 ထိုအခါ ပရောဟိတ်ကြီးတို့နှင့်လွှတ်တော်အရာရှိအပေါင်းတို့သည် ယေရှုကိုကွပ်မျက်ရစေရန် သက်သေရှာ၍၊ 56 အများပင် မုသာသက်သေခံကြသော်လည်း ထွက်ချက်မညီမညွတ်သောကြောင့်မရနိုင်ကြ။ 57-58 ထိုနောက်အချို့တို့သည်ထလျက် ဤသူကလက်လုပ်ဖြစ်သောဗိမာန်တော်ကိုငါဖြိုဖျက်ပြီးလျှင် လက်လုပ်မဟုတ်သောဗိမာန်တစ်ဆောင်ကို သုံးရက်နှင့်တည်ဆောက်မည်ဟူ၍ဆိုသည်ကို ကျွန်တော်တို့ကြားရပါသည်ဟု မုသာသက်သေခံကြရာ ထွက်ချက်မညီမညွတ်ချေ။ 59-60 ထိုအခါ ပရောဟိတ်မင်းသည် အလယ်၌ထ၍သင်သည် တစ်ခွန်းတစ်ပါဒမျှမထုချေလော။ ဤသူတို့ သက်သေခံချက်မှာ မည်သို့နည်းဟုမေးသော်လည်း၊ 61 ယေရှုသည် တစ်ခွန်းတစ်ပါဒမျှမထုချေဘဲ ဆိတ်ဆိတ်နေတော်မူ၏။ တစ်ဖန် ပရောဟိတ်မင်းက သင်သည် ထောမနာခံထိုက်ရာအရှင်၏ သားတော်တည်းဟူသောခရစ်တော်လောဟု မေးပြန်သော်၊ 62 ယေရှုကငါဖြစ်၏။ လူ့သားသည်တန်ခိုးတော်ရှင်၏ ယာဘက်တော်တွင်စံလျက် မိုးတိမ်များနှင့်တကွ စကြာဖြန့်လာတော်မူသည်ကို သင်တို့မြင်ကြရလတ္တံ့ဟု မိန့်တော်မူသဖြင့်၊ 63 ပရောဟိတ်မင်းသည် ကိုယ်ရုံကိုဆုတ်လျက် မည်သည့်သက်သေလိုတော့သနည်း။ 64 ပုတ်ခတ်မှုစကားကို သင်တို့ကြားကြပြီ။ မည်သို့ထင်မှတ်ကြသနည်းဟုမေးရာ သေဒဏ်ခံထိုက်ပါသည်ဟု ရှိသမျှတို့ ကောက်ယူကြပြီးလျှင်၊ 65 အချို့တို့သည်ကိုယ်တော်ကိုတံတွေးထွေးခြင်း၊ မျက်နှာတော်ကိုဖုံး၍ လက်သီးနှင့်ထိုးခြင်းပြုလျက် ဟောလော့ဟု ဆိုကြ၏။ မင်းမှုထမ်းတို့လည်း လက်ဝါးနှင့်ရိုက်၍လွှဲအပ်ခံယူကြ၏။
66 ပေတရုသည် ကျောင်းတော့်အောက်တံတိုင်းအတွင်းရှိနေစဉ် ပရောဟိတ်မင်း၏ ကျွန်မတစ်ယောက်လာ၍၊ 67 ပေတရုမီးလှုံနေသည်ကိုမြင်လျှင် စိုက်ကြည့်လျက် သင်လည်း နာဇရက်မြို့သားယေရှုနှင့်လိုက်ပါသူ ဖြစ်သည်ဟုဆိုသော်၊ 68 သင်ပြောသည်ကို ငါမသိ။ နားလည်းမလည်ဟု ငြင်းဆို၏။ ထိုနောက် ပြင်မုတ်ဆောင်သို့ ထွက်သည့်ကာလ အထက်ကျွန်မမြင်ပြန်၍၊ 69 ဤသူသည် ထိုသူတို့အပေါင်းပါဖြစ်သည်ဟု ရပ်နေသူတို့အားဆိုသော် ပေတရုငြင်းဆိုပြန်၏။ 70 ခဏကြာသော်ရပ်နေသူတို့က ပေတရုအား သင်သည်ဂါလိလဲနယ်သားဖြစ်သည့်အလျောက် ထိုသူတို့အပေါင်းပါစင်စစ်ဖြစ်သည်ဟု ဆိုကြရာ၊ 71 သင်တို့ပြောသောသူ့ကို ငါမသိဟု ပေတရုတိုင်းထွာ၍ ကျိန်ဆိုလျှင်ဆိုချင်း၊ 72 ဒုတိယအကြိမ် ကြက်တွန်လေ၏။ ကြက်နှစ်ကြိမ်မတွန်မီ ငါ့ကိုသုံးကြိမ်တိုင် သင်ငြင်းဆိုလိမ့်မည်ဟူသော ယေရှုမိန့်တော်မူချက်ကို ပေတရုသတိရ၍ စဉ်းစားမိသော် ငိုကြွေးလေ၏။