13
ဗိမာန်တော်မှထွက်ကြွတော်မူစဉ် တပည့်တော်တစ်ယောက်က ဆရာ၊ ဤကျောက်နှင့်အဆောင်များ မည်မျှကြီးသည်ကိုကြည့်တော်မူပါဟု လျှောက်သော်၊ ယေရှုက ဤအဆောင်ကြီးများကိုမြင်သလော၊ မဖြိုမချဘဲ ကျောက်တစ်ချပ်ပေါ်မှာတစ်ချပ်တင်လျက် ကျန်ကြွင်းရမည်မဟုတ်ဟု မိန့်တော်မူ၏။
ဗိမာန်တော်ရှေ့ သံလွင်တောင်ပေါ်တွင်ထိုင်နေတော်မူသော် ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေတို့က၊ မည်သည့်အခါတွင် ထိုသို့ဖြစ်ပျက်မည်ကိုလည်းေကာင်း၊ ထိုအရာခပ်သိမ်းပြည့်စုံချိန် နိမိတ်လက္ခဏာများကိုလည်းေကာင်းမိန့်တော်မူပါဟု အသီးအခြားမေးလျှောက်ကြရာ၊ ယေရှုက မည်သူမျှသင်တို့ကိုမဖြားယောင်းစေရန် သတိမူကြလော့။ များစွာသောသူတို့က ငါဖြစ်သည်ဟုဆိုလျက် ငါ့နာမနှင့်ရောက်လာပြီးလျှင် အများကို ဖြားယောင်းကြလိမ့်မည်။ စစ်ဖြစ်ဆဲ သတင်း၊ စစ်ဖြစ်မည့်သတင်းများကိုကြားရသော် မကြောက်ကြနှင့်။ ထိုသို့ဖြစ်ပျက်သော်လည်းအဆုံးမတိုင်သေး။ လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံရန်ဘက်ပြုသည့်ပြင် အရပ်ရပ်တွင်ငလျင်လှုပ်ခြင်း၊ အစာခေါင်းပါးခြင်းများဖြစ်လျက်ပင် ဒုက္ခဦးသာတည်း။
ကိုယ်ကိုသတိမူကြလော့။ လွှတ်ရုံးများသို့ပို့အပ်ခြင်း၊ ဓမ္မာရုံများတွင်ရိုက်ခတ်ခြင်း၊ ဘုရင်မင်းနှင့် ဘုရင်ခံမင်းတို့ရှေ့ရပ်တန့်ခြင်းများကို သက်သေအဖြစ် ငါ့အတွက်ကြောင့် သင်တို့ခံရကြလိမ့်မည်။ 10 သို့ရာတွင် အဆုံးမတိုင်မီလူအမျိုးမျိုးသည် သတင်းတော်မြတ်ကြားပြောခြင်းကို ခံရကြလိမ့်မည်။ 11 သင်တို့သည်ဆွဲငင်ပို့အပ်ခံရကြသည့်ကာလ မည်သို့ဆိုရမည့်အကြောင်းတင်ကူး၍ မစိုးရိမ်ကြနှင့်။ ထိုအချိန်နာရီတွင်ပင် ရသမျှကိုဆိုကြလော့။ ဆိုသူမှာ သင်တို့မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်တည်း။ 12 ညီအစ်ကိုသည် ညီအစ်ကိုချင်းကိုလည်းေကာင်း၊ အဘသည်သားသမီးကိုလည်းေကာင်း၊ သေစေရန်ပို့အပ်ကြမည့်ပြင် သားသမီးတို့လည်း မိဘကိုရန်ဘက်ပြု၍ အသေသတ်စေကြလိမ့်မည်။ 13 ငါ့နာမအတွက်ကြောင့် သင်တို့ကိုလူခပ်သိမ်းမုန်းထားကြလိမ့်မည်။ အဆုံးတိုင်အောင်တည်ကြည်သူကား ကယ်တင်ခြင်းသို့ရောက်လတ္တံ့။
14 ကျမ်းစာဖတ်သူ နားလည်ရမည်မှာ ဆိတ်ညံရာဖြစ်စေသောရွံရှာဖွယ်သည် မရှိသင့်သည့်အရပ်၌ တည်သည်ကိုသင်တို့မြင်ကြသော် ယုဒပြည်တွင်နေထိုင်သူတို့သည် တောင်တန်းသို့ပြေးကြစေ။ 15 အိမ်မိုးပေါ်တွင်ရှိနေသူသည် တစ်စုံတစ်ရာယူရန် အိမ်တွင်းသို့ဆင်းဝင်ခြင်း၊ 16 လယ်တွင်ရှိနေသူသည် အဝတ်ယူရန် ပြန်ဝင်ခြင်းကို မပြုစေလင့်။ 17 ထိုနေ့ရက်ကာလတွင် ကိုယ်ဝန်ဆောင်မိန်းမနှင့်နို့ငင်မိန်းမတို့ အကျိုးနည်းလေစွ။ 18-19 ဘုရားသခင်ဖန်ဆင်းတော်မူရင်းအစကယခုတိုင် မဖြစ်စဘူး၊ နောင်၌လည်း မဖြစ်လတ္တံ့သော ဆင်းရဲဒုက္ခကာလရောက်အံ့သောကြောင့် ဆောင်းရာသီတွင် ထိုကာလမကျမရောက်စေခြင်းငှာ၊ တောင်းလျှောက်ကြလော့။ 20 ထိုရက်တာကို ထာဝရဘုရားကျုံ့စေတော်မမူလျှင် မည်သူမျှဘေးလွတ်မည်မဟုတ်။ သို့သော်လည်းရွေးချယ်ကောက်ထားတော်မူသောသူတို့အတွက် ကျုံ့စေတော်မူပြီ။ 21 ထိုကာလကြည့်လော့။ ခရစ်တော်သည် ဤတွင် ထိုတွင်ရှိသည်ဟု တစ်စုံတစ်ယောက်ဆိုလျှင် မယုံကြနှင့်။ 22 မိစ္ဆာခရစ်၊ မိစ္ဆာပရောဖက်များသည်ပေါ်လာ၍ ရွေးကောက်တော်မူသောသူတို့ကို ဖြားယောင်း၍ ရနိုင်လျှင် ရလောက်အောင်နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ရာများကိုပြကြလိမ့်မည်။ 23 သင်တို့ကား သတိမူကြလော့။ အရာခပ်သိမ်းကို ငါတင်ကူးပြောထားနှင့်ပြီဟု မိန့်တော်မူ၏။
24 ထိုနေ့ရက်ကာလ ဒုက္ခကုန်လျှင်နေမိုက်၍ လရောင်မထွန်း၊ မိုးကောင်းကင်မှကြယ်များကျလျက်၊ 25 ကမ္ဘာ့တန်ဆာများလည်း တုန်လှုပ်ရလိမ့်မည်။ 26 ထိုအခါ မဟာဘုန်းတန်ခိုးတော်ကိုဆောင်လျက် တိမ်တိုက်ပေါ်တွင်စကြာဖြန့်လာသော လူ့သားကိုမြင်ကြရာ၊ 27 လူ့သားသည်စေတမန်တော်တို့ကိုလွှတ်၍ ရွေးကောက်တော်မူသောသူတို့ကို မြေကြီးအစွန်းက ကောင်းကင်အစွန်းတိုင် လေးမျက်နှာမှစုရုံးစေတော်မူလိမ့်မည်။
28 သဖန်းပင်ဆိုင်ရာဥပမာကို သင်ကြားကြဦးလော့။ အခက်အလက်နု၍ အရွက်ထွက်သည့်ကာလ နွေရာသီနီးကြောင်းကိုသင်တို့သိကြသည့်နည်းတူ၊ 29 ဆိုခဲ့သောအခြင်းအရာများကိုမြင်ကြသော် လူ့သားသည်နီးလှ၍ တံခါးဝတိုင်ရောက်ကြောင်း သိမှတ်ကြလော့။ 30 ထိုအခြင်းအရာအလုံးစုံမဖြစ်မီ ယခုလူမျိုးမကွယ်မလွန်ရ ငါအမှန်ဆို၏။ 31 ကောင်းကင်နှင့်မြေကြီး ပျောက်ပျက်ရမည်။ ငါဟောချက်မူကား ပျောက်ပျက်မည်မဟုတ်။ 32 သို့ရာတွင်ထိုနေ့ရက်နာရီကို မည်သူမျှမသိ။ ကောင်းကင်ဘုံရှိစေတမန်တော်များမသိ။ သားတော်လည်းမသိ၊ ခမည်းတော်သာ သိတော်မူ၏။ 33 သတိမလစ်ဘဲ စောင့်နေကြလော့။ ထိုအချိန်ကို သင်တို့မသိကြ။ 34 အိမ်ကိုထားခဲ့၍ အခြားပြည်သို့ ထွက်သွားသော် ကျွန်တို့အား အသီးအသီးတာဝန်ဆိုင်ရာ အခွင့်အာဏာအပ်နှင်းသည့်ပြင် တံခါးစောင့်အားလည်းစောင့်နေစေရန် မှာထားသူနှင့်တူသည်ဖြစ်၍၊ 35 ညနေအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦးတွန်ချိန်၊ နံနက်အချိန်တွင် အိမ့်ရှင့်ပြန်ရောက်မည်ကို သင်တို့မသိသဖြင့် မမြော်မမြင်ခိုက်ရောက်လာလျှင်၊ 36 အိပ်ပျော်နေကြသည်ကိုတွေ့မည်စိုး၍ စောင့်နေကြလော့။ 37 စောင့်နေကြဟူ၍ သင်တို့အားငါမှာထားသည့်နည်းတူ လူခပ်သိမ်းတို့အားငါမှာထားသည်ဟု မိန့်တော်မူ၏။