12
ထိုနောက်ကိုယ်တော်သည် ဥပမာဆောင်လျက်မိန့်တော်မူသည်မှာ လူတစ်ဦးသည် စပျစ်ဥယျာဉ် စိုက်ပျိုးစည်းရိုးဝိုင်းကာ၍ ဖိနင်းရာကျင်းကိုတူးဖော်၊ မျှော်စင်ကိုလည်းဆောက်လုပ်ပြီးနောက် ဥယျာဉ်သမားတို့အားအငှားချထား၍ အခြားပြည်သို့ထွက်သွား၏။ အချိန်တန်သည့်ကာလ ဥယျာဉ်သီးခွန်ကောက်ယူစေရန် ကျွန်တစ်ယောက်ကိုစေလွှတ်လိုက်ရာ၊ ဥယျာဉ်သမားတို့သည် ဖမ်းဆီးရိုက်နှက်ပြီးလျှင် လက်ချည်းပြန်လွှတ်ကြ၏။ တစ်ဖန်၊ ကျွန်တစ်ယောက်ကိုစေလွှတ်ပြန်ရာ ဦးခေါင်းကိုအနာတရပြု၍ ရှုတ်ချကြ၏။ အခြားတစ်ယောက်ကိုစေလွှတ်ပြန်ရာ သတ်ဖြတ်ကြ၏။ ၎င်းပြင်ကျွန်အများကို ထပ်မံစေလွှတ်သော် အချို့ကိုရိုက်နှက်၊ အချို့ကိုသတ်ဖြတ်ကြ၏။ ချစ်သားတစ်ယောက်ရှိသေးသည်ဖြစ်၍ ဥယျာဉ့်ရှင်က ငါ့သားကိုရိုသေကျိုးနွံကြလိမ့်မည်ဟု အောက်မေ့လျက် နောက်ဆုံးလွှတ်လိုက်ရာ၊ ထိုဥယျာဉ်သမားတို့က ဤသူကား အမွေခံဖြစ်သည်။ လာ၍သတ်ကြကုန်အံ့။ အမွေကိုငါတို့ အပိုင်ရကြလိမ့်မည်ဟု တိုင်ပင်လျက်၊ ဖမ်းဆီးသတ်ဖြတ်၍ ဥယျာဉ့်ပြင်သို့ထုတ်ပစ်ကြ၏။ သို့ဖြစ်လျှင်ဥယျာဉ့်ရှင်သည် မည်သို့ပြုမည်နည်း။ ဥယျာဉ်သမားတို့ကိုလာ၍ ဖျက်ဆီးပြီးမှ သူတထူးတို့အားစပျစ်ဥယျာဉ်ကို လွှဲအပ်လိမ့်မည်။ 10 တိုက်တည်ဆောက်သူတို့ ပယ်ထားသောကျောက်သည် ထောင့်စွန်းကျောက်ဖြစ်လာ၏။ 11 ထိုအမှုအရာသည် ထာဝရဘုရားထံတော်မှဖြစ်၍ ငါတို့မျက်မှောက်တွင် အံ့သြဖွယ်ဖြစ်သည်ဟူသောကျမ်းချက်ကို မဖတ်ဘူးကြသလောဟု မိန့်တော်မူရာ၊ 12 သူတို့နှင့်စပ်၍ ထိုဥပမာကို မိန့်တော်မူကြောင်းသိမြင်သည်နှင့် ဖမ်းဆီးရန်ရှာကြံသော်လည်း၊ လူပရိသတ်ကိုကြောက်ရွံ့သဖြင့် အထံတော်မှထွက်သွားကြ၏။
13 ထိုသူတို့စေလွှတ်သည့်အတိုင်း ကိုယ်တော်ကိုစကားအားဖြင့်ကျော့မိရန် ဖာရိရှဲတို့နှင့် ဟေရုဒ်မင်းဘက်တော်သားအချို့တို့ ရောက်ကြသော်၊ 14 ဆရာသည် သစ္စာစောင့်သူဖြစ်သည့်အလျောက် မည်သူ့ကိုမျှအမှုမထား၊ လူ့မျက်နှာကိုမထောက်ဘဲ ဘုရားသခင့်နည်းလမ်းတော်ကို သစ္စာနှင့်သွန်သင်ကြောင်းအကျွန်ုပ်တို့သိကြပါသည်။ ကဲသာမင်းအား အခွန်ဆက်အပ်သလော။ မဆက်အပ်သလော။ အကျွန်ုပ်တို့ဆက်ရမည်လော။ မဆက်ရလောဟု ပြောဆိုမေးမြန်းရာ၊ 15 ကိုယ်တော်သည် ထိုသူတို့၏ သီလကြောင်ခြင်းကိုသိမြင်၍ ငါ့ကိုအဘယ်ကြောင့်စုံစမ်းကြသနည်း။ ငွေတစ်ကျပ်ကိုယူပြကြဟု မိန့်တော်မူသဖြင့် ယူခဲ့ကြသော်၊ 16 ဤပုံနှင့်ကမ္ပည်းကား မည်သူ့ပုံ၊ မည်သူ့ကမ္ပည်းနည်းဟုမေးတော်မူလျှင် ကဲသာမင်း၏ပုံနှင့် ကမ္ပည်းဖြစ်ပါသည်ဟု ဖြေဆိုကြသည့်ကာလ၊ 17 ယေရှုက ကဲသာမင်းပိုင်ဆိုင်ရာများကို ကဲသာမင်းအားလည်းေကာင်း၊ ဘုရားသခင်ပိုင်ဆိုင်တော်မူရာများကို ဘုရားသခင်အားလည်းေကာင်း ဆက်ကြလော့ဟု မိန့်တော်မူသော် ကိုယ်တော်ကိုအလွန်အံ့သြကြ၏။
18 ရှင်ပြန်ထမြောက်ခြင်းမရှိဟု အယူယူသောဇဒ္ဒုကဲတို့လည်း ချဉ်းလာလျက်၊ 19 ဆရာ၊ မောရှေကအစ်ကိုဖြစ်သူသည် သားမရှိဘဲသေသဖြင့် မုဆိုးမကျန်ရစ်လျှင် မုဆိုးမကို ညီသိမ်းပိုက်၍ အစ်ကိုအဖို့အမျိုးအနွယ်ဖြစ်ပွားစေရမည့်အကြောင်း ရေးထားခဲ့ရာ၊ 20-21 ညီအစ်ကိုခုနစ်ယောက်ရှိဘူးပါသည်။ ပဌမလူသည် မယားယူ၍ သားမရှိဘဲသေသော် ဒုတိယလူသည် မုဆိုးမကိုသိမ်းပိုက်လျက် သားမရှိဘဲသေပြန်ပါသည်။ ထိုနည်းတူတတိယလူမှစ၍၊ 22 သတ္တမလူတိုင်အောင်သားမရဘဲပြုကြပါသည်။ နောက်ဆုံး၌ မိန်းမလည်းသေပါသည်။ 23 ရှင်ပြန်ရာကာလ၌ထမြောက်ကြသော် ခုနစ်ယောက်တိုင်သိမ်းပိုက်ဘူးသောထိုမိန်းမသည် မည်သူ့မယား ဖြစ်ပါမည်နည်းဟု ပြောဆိုမေးမြန်းကြလျှင်၊ 24 ယေရှုကသင်တို့သည်ကျမ်းစာကိုလည်းေကာင်း၊ ဘုရားသခင့်တန်ခိုးတော်ကိုလည်းေကာင်းမသိသဖြင့် မှောက်မှားကြသည်မဟုတ်လော။ 25 သူသေတို့အထဲမှရှင်ပြန်ထမြောက်ကြသောအခါ အိမ်ထောင်ခြင်း၊ ပေးစားခြင်းမရှိ။ ကောင်းကင်ဘုံရှိ စေတမန်တော်တို့ကဲ့သို့ဖြစ်ကြ၏။ 26 သူသေတို့ ရှင်ပြန်ထမြောက်ရကြသည့်အကြောင်းကိုဆိုလျှင် ငါသည်အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟူ၍ မောရှေအားဘုရားသခင်မိန့်တော်မူကြောင်းကို ချုံဆိုင်ရာမောရှေ၏ကျမ်းတွင် မဖတ်ဘူးကြလော။ 27 ကိုယ်တော်သည် သူသေတို့၏ဘုရားမဟုတ်။ သူရှင်တို့၏ဘုရားဖြစ်တော်မူသည်။ သင်တို့မှာ အမှားကြီးမှားကြသည်တကားဟုမိန့်တော်မူ၏။
28 ထိုဆွေးနွေးချက်ကိုကြား၍ လျှောက်ပတ်စွာဖြေဆိုတော်မူကြောင်းသိမြင်သော ကျမ်းတတ်ဆရာတစ်ယောက်သည်ချဉ်းလာလျက် ပညတ်ရှိသမျှတွင် ပညတ်ဦးကား မည်သည့်ပညတ်ပါနည်းဟုမေးရာ၊ 29 ယေရှုကအိုဣသရေလလူမျိုး၊ နားထောင်ကြဦး။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် တစ်ဆူတည်းသော ထာဝရဘုရားပေတည်း။ 30 သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံး၊ အသက်ဝိညာဉ်၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိ အကြွင်းမဲ့ချစ်လော့ဟူသောအချက်သည် ပညတ်ဦးဖြစ်သည်။ 31 အပေါင်းအဖော်ကို ကိုယ်နှင့်အမျှချစ်လော့ဟူသောအချက်သည် ဒုတိယပညတ်ဖြစ်သည်။ ထိုပညတ်များထက်ကြီးသောပညတ်မရှိဟု မိန့်တော်မူ၏။ 32 ထိုအခါ ကျမ်းတတ်ဆရာက လျောက်ပတ်ပေသည်ဆရာ၊ တစ်ဆူတည်းရှိတော်မူ၍ ကိုယ်တော့်အပြင် အခြားမရှိဟုဆိုသည်မှာ ဟုတ်မှန်ပါသည်။ 33 ကိုယ်တော်ကို စိတ်နှလုံး၊ ဉာဏ်ပဋိဘာန်၊ အစွမ်းသတ္တိ အကြွင်းမဲ့ချစ်ခြင်း၊ အပေါင်းအဖော်ကို ကိုယ်နှင့်အမျှချစ်ခြင်းသည် ကောင်လုံးမီးရှို့ရာသက္ကာမှစသော ပူဇော်သက္ကာ အမျိုးမျိုးထက် မြတ်ပါသည်ဟု ဝန်ခံရာ၊ 34 ပညာသတိနှင့်ဖြေကြောင်းကိုယေရှုသိမြင်တော်မူသော် သင်သည်ကောင်းကင်နိုင်ငံတော်နှင့် ဝေးသည်မဟုတ်ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်ကို မည်သူမျှထပ်မံမမေးမစမ်းဝံ့ချေ။
35 ဗိမာန်တော်တွင် ဒေသနာပေးတော်မူစဉ် ယေရှုကခရစ်တော်သည် ဒါဝိဒ်မင်းသားတော်ဖြစ်ကြောင်း ကျမ်းတတ်ဆရာတို့ အသို့ဆိုကြသနည်း။ 36 ထာဝရဘုရားက သင်၏ရန်သူတို့ကို သင့်ခြေအောက် ငါမချမီအတွင်း ငါ့လက်ျာဘက်မှာ စံနေလော့ဟူ၍ ငါ့အရှင်ဘုရားအားမိန့်တော်မူကြောင်း သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဒါဝိဒ်ကိုယ်တိုင်မြွက်ဆို၏။ 37 ခရစ်တော်ကိုအရှင်ဘုရားဟူ၍ဒါဝိဒ်ကိုယ်တိုင်ခေါ်သဖြင့် မည်သို့သူ့သားဖြစ်မည်နည်းဟု မိန့်တော်မူ၏။ ကြီးစွာသောလူပရိသတ်မူကား အားရဝမ်းမြောက်စွာ ကြားနာကြ၏။
38 ၎င်းပြင်ဒေသနာပေးတော်မူစဉ် ကိုယ်တော်က ကျမ်းတတ်ဆရာတို့ကို ကြဉ်ရှောင်ကြလော့။ 39 ထိုသူတို့သည် ဝတ်လုံဆင်လျက် သွားလာခြင်း၊ စျေးများတွင်နှုတ်ဆက်ခံခြင်း ဓမ္မာရုံများ ပွဲလမ်းသဘင်များတွင် မြင့်မြတ်သောနေရာ၌ထိုင်ခြင်းကို အလိုရှိသည့်ပြင်၊ 40 ဟန်ဆောင်လျက် ရှည်လျားသောပဌနာများကိုရွတ်ဖတ်စဉ်ပင် မုဆိုးမတို့အိမ်များကို သုံးစားသဖြင့် သာ၍ကြီးလေးသော အပြစ်စီရင်ခြင်းကိုခံရကြလတ္တံ့ဟု မိန့်တော်မူ၏။
41 ထိုနောက်အလှူတိုက်ရှေ့တွင်ထိုင်၍ လူပရိသတ်ကြေးငွေထည့်သွင်းကြသည်ကို ရှုကြည့်တော်မူစဉ် ကြွယ်ဝသူအများသည် များစွာထည့်သွင်းကြရာ၊ 42 ဆင်းရဲသောမုဆိုးမတစ်ယောက်လာ၍ ပိုက်ဆံတစ်ပြားတန် ကြေးပြားငယ်နှစ်ပြားကို ထည့်သွင်းသဖြင့်၊ 43 တပည့်တော်တို့ကိုခေါ်တော်မူ၍ ဤဆင်းရဲသောမုဆိုးမသည် အလှူတိုက်တွင် ထည့်သွင်းသူရှိသမျှထက် ထည့်သွင်းလေပြီ၊ ငါအမှန်ဆို၏။ 44 ထိုသူအပေါင်းတို့သည် စည်းစိမ်ပိုမိုရာမှထည့်သွင်းကြ၏။ ဤမိန်းမမူကား ဆင်းရဲငတ်မွတ်ရာမှ ကိုယ်ပိုင်သမျှ အသက်မွေးရန်ရှိသမျှကိုပင် ထည့်သွင်းပြီတကားဟု မိန့်တော်မူ၏။