11
ယေရုရှလင်မြို့အနီး သံလွင်တောင်ခြေရင်းရှိ ဗက်ဖာဂေရွာ၊ ဗေသနိရွာများသို့ရောက်ကြသော်၊ တပည့်တော်နှစ်ပါးကိုစေလွှတ်လျက် ရှေ့ရွာသို့သွား၍ဝင်မိလျှင် မည်သူမျှမစီးဖူးသော မြည်းငယ်တစ်ကောင်ချည်ထားသည်ကို တွေ့လိမ့်မည်။ ဖြည်၍ဆွဲခဲ့ကြ။ အဘယ်ကြောင့်ထိုသို့ပြုသနည်းဟုမေးသူရှိလျှင် အရှင်ဘုရားအလိုတော်ရှိသည်။ ချက်ခြင်းပြန်ပို့တော်မူမည့်အကြောင်းဆိုကြဟု မှာတော်မူလိုက်သည့်အတိုင်း၊ တပည့်တော်တို့သွား၍ အိမ်တံခါးအနီး လမ်းတွင်ချည်ထားသည့်မြည်းငယ်တစ်ကောင်ကို တွေ့၍ ဖြည်ကြစဉ်၊ ရပ်နေသူအချို့က မြည်းငယ်ကိုအဘယ်ကြောင့်ဖြည်သနည်းဟု မေးကြသော်၊ ယေရှုမှာတော်မူလိုက်သည့်အလျောက်ပြန်ပြောသဖြင့် ယူသွားခွင့်ရကြ၏။ ထိုမြည်းငယ်ကို ယေရှုထံဆွဲခဲ့၍ ကျောပေါ်မှာခြုံထည်များကို တင်ကြပြီးနောက်၊ ကိုယ်တော်စီးတော်မူရာ လူအများတို့သည်ခြုံထည်များကို လမ်းတစ်လျှောက်ခင်းလျက် အချို့ကတောရှိ သစ်ရွက်များကို ခုတ်ယူစီခင်းကြ၏။ ရှေ့နောက်လိုက်ပါသူတို့ကလည်း အောင်သံပေးကြပါစေ။ ထာဝရဘုရား နာမတော်နှင့်ကြွလာသော အရှင်၌ မင်္ဂလာရှိပါစေသော။ 10 ငါတို့အဘ ဒါဝိဒ်မင်း၏ တည်လတ္တ္ံ့သော နိုင်ငံတော်လည်း မင်္ဂလာရှိပါစေသော။ ကောင်းကင်ဘဝဂ်ဝယ် အောင်သံပေးကြပါစေသတည်း ဟုကြွေးကြော်ကြကုန်၏။
11 ကိုယ်တော်သည် ယေရုရှလင်မြို့ရှိဗိမာန်တော်တွင်းသို့ဝင်၍ အရာခပ်သိမ်းကို လှည့်ကြည့်ပြီးနောက် ညနေချမ်းအချိန်ကျရောက်သဖြင့် တစ်ဆယ့်နှစ်ပါးတို့နှင့်တကွ ဗေသနိရွာသို့ထွက်ကြွတော်မူ၏။
12 နောက်နေ့ဗေသနိရွာမှထွက်လာကြစဉ် ကိုယ်တော်သည်ဆာမွတ်သဖြင့်၊ 13 အရွက်စည်ကားသောသဖန်းပင်ကို အဝေးကမြင်၍ အသီးတွေ့လိုတွေ့ညားကြွရောက်သော် သီးချိန်မတိုင်၍ အရွက်များကိုသာတွေ့တော်မူသည်နှင့်၊ 14 ယခုကစ၍ကာလအစဉ် မည်သူမျှသင်မှအသီးမစားရဟု မိန့်တော်မူရာ တပည့်တော်တို့ကြားကြ၏။
15 ယေရုရှလင်မြို့သို့ ရောက်ကြသော်ကိုယ်တော်သည်ဗိမာန်တော် အတွင်းဝင်ပြီးလျှင် ရောင်းဝယ်ရှိနေသူတို့ကိုနှင်ထုတ်၍ ကြေးငွေလဲလှယ်သူတို့၏ စားပွဲများနှင့်၊ ချိုးရောင်းသူတို့၏ထိုင်ခုံများကို မှောက်လှန်တော်မူသည့်ပြင်၊ 16 အသုံးအဆောင်ထမ်းယူဖြတ်သွားသူတို့ကို ဆီးတားလျက်၊ 17 ငါ့ဗိမာန်ကို လူအမျိုးမျိုးတို့ဆုတောင်းပဌနာပြုရာဗိမာန် ဟုသမုတ်ကြလိမ့်မည်။ ကျမ်းချက်ရှိသည် မဟုတ်လော။ သင်တို့မှာမူ ဓားပြအောင်းရာအရပ်ဖြစ်စေကြပြီတကားဟူ၍ ဆုံးမမိန့်ဆိုတော်မူ၏။ 18 ပရောဟိတ်ကြီးတို့နှင့် ကျမ်းတတ်ဆရာတို့သည်ကြားကြသော် ဒေသနာတော်ကိုလူပရိသတ်ရှိသမျှ အံ့သြကြသောကြောင့် ကိုယ်တော်ကိုကြောက်ရွံ့သဖြင့် မည်သို့ဖျက်ဆီးရမည့်အကြောင်းရှာကြံကြ၏။ 19 ကိုယ်တော်သည် ညနေချမ်းအချိန်ကျရောက်သော် မြို့မှထွက်ကြွတော်မူ၏။
20 နံနက်အခါ သဖန်းပင်ကို သီသွားကြစဉ် အမြစ်ပါသွေ့ခြောက်သည်ကိုမြင်ကြရာ၊ 21 ပေတရုသည်သတိရ၍ ဆရာတော်၊ အမင်္ဂလာခံရသောသဖန်းပင် သွေ့ခြောက်ပါပြီတကားဟု လျှောက်သော်၊ 22 ယေရှုကဘုရားသခင်ကို ယုံကြည်ခြင်းရှိကြလော့။ 23 မည်သူမဆို ကိုယ်ဆိုတိုင်းဖြစ်မည်ဟု သံသယစိတ်ကင်းသောယုံကြည်ခြင်းရှိလျှင် ဤတောင်အား နေရာရင်းမှကျွတ်၍ ပင်လယ်တွင်ကျလော့ဟုဆိုသော်ဆိုတိုင်းဖြစ်မည် ငါအမှန်ဆို၏။ 24 ထိုကြောင့်ငါဆိုပြန်သည်ကား သင်တို့လျှောက်တောင်းသမျှကိုရပြီဟု ယုံကြည်လော့။ ရကြလိမ့်မည်။ 25 သင်တို့သည်ရပ်တန့်လျက်ပဌနာပြုကြစဉ် သူတထူးအပေါ်၌ကျေနပ်စေရန် အကြောင်းရှိလျှင် ကောင်းကင်ဘုံစံသင်တို့အဘသည် သင်တို့ကျူးလွန်မှုများကို ဖြေလွှတ်တော်မူစေခြင်းငှာ ထိုအကြောင်းကိုဖြေလွှတ်လော့ဟုမိန့်တော်မူ၏။ 11.26 သင်တို့မဖြေလွှတ်လျှင်မူကားကောင်းကင်ဘုံစံသင်တို့အဘသည်၊ သင်တို့ကျူးလွန်မှုများကို ဖြေလွှတ်တော်မူမည်မဟုတ်ဟူေသာနံပါတ် ၂၆သည်ေရှးကျမ်းေဟာင်းအချၖို့၌ပါရှိ၏။
27 ယေရုရှလင်မြို့သို့လာရောက်ကြပြန်၍ ဗိမာန်တော်တွင်စင်္ကြံကြွတော်မူစဉ် ပရောဟိတ်ကြီးများ ကျမ်းတတ်ဆရာများနှင့် လူကြီးများတို့သည်ချဉ်းကပ်လျက်၊ 28 ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသနည်း။ ထိုသို့ပြုစေရန် မည်သူကအခွင့်အာဏာအပ်ပေးသနည်းဟု မေးကြရာ၊ 29 ယေရှုက သင်တို့ကိုပုစ္ဆာတစ်ချက်ငါမေးဦးမည်။ ဖြေဆိုကြလော့။ သို့မှ ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း ငါပြောမည်။ 30 ယောဟန်၏ဗတ္တိဇံမင်္ဂလာသည် ကောင်းကင်မှလော။ လူတို့မှလော။ ဖြေဆိုကြဟု မိန့်တော်မူသော်၊ 31 ထိုသူတို့က ကောင်းကင်မှဖြစ်လာသည် ငါတို့ဖြေလျှင် အဘယ်ကြောင့်ယောဟန်ကို မယုံကြသနည်းဟုမေးဦးမည်။ 32 လူတို့မှဖြစ်လာကြောင်း ဖြေကြကုန်အံ့ဟူ၍ အချင်းချင်းဆွေးနွေးတိုင်ပင်ကြသော်လည်း ယောဟန်သည် ပရောဖက်မှန်ကြောင်းရှိသမျှတို့ မှတ်ယူကြသည်နှင့် ပြည်သူပြည်သားတို့ကိုကြောက်ရွံ့သောကြောင့် ငါတို့မသိဟု ယေရှုအားဖြေဆိုကြ၏။ 33 ထိုအခါယေရှုက ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း ငါလည်းပြောမည် မဟုတ်ဟုမိန့်တော်မူ၏။