22
တစ်ဖန်မောရှေအား ထာဝရဘုရားမိန့်တော်မူသည်မှာ၊ သန့်ရှင်းသောနာမတော်ကို မညှိုးပုပ်ကြစေရန် ငါ့အဖို့ဣသရေလအမျိုးသားတို့ သီးသန့်ထားသောဝတ္ထုများကို သန့်သောအဖြစ်နှင့်သာသုံးဆောင်ကြရမည့်အကြောင်း အာရုန်နှင့်သားတို့အား ဆင့်ဆိုလော့။ ငါသည်ထာဝရဘုရားပေတည်း။ သင်တို့အမျိုးအနွယ်အစဉ်အဆက်အနက် အကြင်သူသည် ထာဝရဘုရားအဖို့ ဣသရေလအမျိုးသားတို့သီးသန့်ထားသောဝတ္ထုများကို မသန့်သောအဖြစ်နှင့်ချဉ်းကပ်အံ့။ ထိုသူသည် ငါ့မျက်မှောက်မှပယ်ရှားခံရမည်။ ငါသည် ထာဝရဘုရားပေတည်း။ အာရုန့်အမျိုးအနွယ်အနက် တစ်ဦးတစ်ယောက်သည် နူနာစွဲသည်ဖြစ်စေ၊ ရိယိုသည်ဖြစ်စေ၊ သန့်ရာမရောက်မချင်း ထိုဝတ္ထုများကိုမသုံးမဆောင်ရ။ အကြင်သူသည် သူသေအလောင်းကြောင့် မသန့်သူ့ကိုသော်လည်းကောင်း၊ သုတ်ယိုသူ့ကိုသောလည်းကောင်း၊ မသန့်ရာရောက်စေနိုင်သောပိုးမွှားကိုသော်လည်းကောင်း၊ မသန့်ခြင်းတစ်မျိုးမျိုး ကူးစေနိုင်သူ့ကိုသော်လည်းကောင်း ထိမိအံ့။ ထိုသူသည် ဆိုခဲ့သောတစ်စုံတစ်ရာကို ထိမိသည့်အလျောက် ညဉ့်ဦးတိုင်မသန့်လျက်နေရသည့်ပြင် ရေမချိုးမီထိုဝတ္ထုများကိုမသုံးဆောင်ရ။ နေဝင်ချိန်သန့်ရာရောက်ပြီးမှ ကိုယ့်ဆွမ်းဖြစ်သောဝတ္ထုကို သုံးဆောင်ခွင့်ရ၏။ အိုသေ၊ နာသေ၊ သားရဲကိုက်သေအကောင်ကိုသုံးဆောင်၍ ကိုယ်ကိုမသန့်အောင်မပြုရ။ ငါသည်ထာဝရဘုရားပေတည်း။ ငါ့မိန့်မှာချက်ကိုေဖာက်ကျော်သဖြင့် အပြစ်ဝန်ထမ်းလျက်သေကြမည်စိုး၍ ထိုအချက်ကိုစောင့်ရှောက်ကြစေ။ ငါသည်ထိုသူတို့ကိုသီးသန့်ထားသော ထာဝရဘုရားပေတည်း။ 10 ပရောဟိတ်ထံဝင်နေသူဖြစ်စေ၊ သူရင်းငှါးဖြစ်စေ၊ ပရောဟိတ်မျိုးမဟုတ်လျှင် ထိုဝတ္ထုကိုမစားရ။ 11 ပရောဟိတ်၏ငွေဝယ်လူနှင့် အိမ်ပေါက်သားတို့မူကား ပရောဟိတ်ဆွမ်းကိုစားခွင့်ရှိ၏။ 12 ပရောဟိတ်မျိုးမဟုတ်သူ၏မယားဖြစ်သော ပရောဟိတ်သမီးသည် မြှောက်ဆက်ပြီး ဝတ္ထုကိုမစားရ။ 13 သို့ရာတွင် သားသမီးမဲ့လျက် လင်သေ၊ လင်ကွာဖြစ်သောပရောဟိတ်သမီးသည် အဘအိမ်သို့ပြန်၍ ပျိုရွယ်စဉ်ကဲ့သို့နေလျှင် အဘဆွမ်းကိုစားခွင့်ရ၏။ မဆိုင်သူမစားရ။ 14 လူတစ်ဦးတစ်ယောက်သည် ထိုဝတ္ထုကိုမတော်တဆစားမိသော် ပရောဟိတ်အား ဝတ္ထုအစားဆပ်ပေးရာ။ ငါးဖို့တစ်ဖို့တိုး၍ပေးစေ။ 15-16 ပရောဟိတ်တို့သည် ထာဝရဘုရားထံ ဣသရေလအမျိုးသားတို့ မြှောက်ဆက်ကြသောဝထ္ထုများကို ညှိုးပုပ်စေအောင်သုံးဆောင်ကြသည့်အတွက် လူမျိုးအပေါ်တွင်ပြစ်ဒဏ်ခံထိုက်သော ဒုစရိုက်ဝန်မတင်ကြရ။ ငါသည်ထိုဝတ္ထုများကို သီးသန့်ထားသောထာဝရဘုရားပေတည်းဟု မိန့်တော်မူ၏။
17-18 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ အာရုန်နှင့်သားတို့မှစ၍ ဣသရေလအမျိုးသားအပေါင်းတို့အား ဆင့်ဆိုရမည့်အချက်ဟူမူကား၊ ဣသရေလအမျိုးသားတို့အနက်သော်လည်းကောင်း၊ ဝင်နေသူတို့အနက်သော်လည်းကောင်း၊ လူတစ်ဦးတစ်ယောက်သည် သစ္စာဝတ်အလျောက်ဖြစ်စေ၊ စေတနာအလျောက်ဖြစ်စေ၊ မီးရှို့ရာသက္ကာအဖြစ် ထာဝရဘုရားထံဆက်ကပ်လေ့ရှိသော အလှူဒါနတစ်မျိုးမျိုးကိုတင်သွင်းလျှင်၊ 19 နွား၊ သိုး၊ ဆိတ်အနက် စိတ်တော်နှင့်တွေ့ရန် ကြန်အင်စုံသောအထီးကိုသာတင်သွင်းစေ။ 20 ကြန်အင်ယွင်းသောအကောင်ကိုကား သင်တို့အဖို့လက်ခံဖွယ်မဟုတ်သောကြောင့် မတင်မသွင်းကြရ။ 21 လူတစ်ဦးတစ်ယောက်သည် အထူးသစ္စာဝတ်အလျောက်ဖြစ်စေ၊ စေတနာအလျောက်ဖြစ်စေ၊ ထာဝရဘုရားထံ နွား၊ သိုး၊ ဆိတ်အုပ်အနက် မိတ်သဟာယပူဇော်သက္ကာကို တင်သွင်းသော် ကြန်အင်မယွင်းဘဲ စုံလင်သောအကောင်သာလက်ခံဖွယ်ဖြစ်၏။ 22 အကန်း၊ အကျိုး၊ အၙင်္ဂၙါၙၙပျက်၊ ပြည်တည်နာ၊ ဝဲနာ၊ ကျောက်နာရှိသောအကောင်ကို ထာဝရဘုရားထံတင်သွင်းခြင်း၊ ပလ္လင်တော်ပေါ်တွင်မီးပူဇော်ခြင်း မပြုကြရ။ 23 စေတနာအလျောက်ဖြစ်လျှင်၊ အၙင်္ဂၙါၙၙတိုရှည်သောနွား၊ သိုး၊ ဆိတ်ကိုတင်သွင်းခွင့်ရှိသော်လည်း သစ္စာဝတ်အလျောက်မူကား လက်ခံဖွယ်မဟုတ်ချေ။ 24 ဆုံးမပြီးအကောင်ကို ထာဝရဘုရားထံမတင်မသွင်းရ။ နေပြည်တွင်မဆက်ကပ်ကြရ။ 25 အကယ်၍လူမျိုးခြားတို့ပေးကမ်းလျှင် ထိုသို့သောအကောင်များအနက် သင်တို့ဘုရားသခင်ဆိုင်ရာအစာအာဟာရကို မတင်မသွင်းကြရ။ ကြန်အင်ယွင်းသည့်အလျောက် ပျက်စီးခြင်းလက္ခဏာပါသောကြောင့် သင်တို့အဖို့လက်ခံဖွယ်မဟုတ်ကြောင်း ဆင့်ဆိုလော့ဟုမိန့်တော်မူ၏။
26 တစ်ဖန်မောရှေအား ထာဝရဘုရားမိန့်တော်မူသည်မှာ၊ 27 နွား၊ သိုး၊ ဆိတ်၊ သားငယ်ပေါက်ဖွားသော် အမိနှင့်ခုနစ်ရက်နေစေပြီးလျှင် အဌမနေ့ကစ၍ ထာဝရဘုရားထံ မီးပူဇော်ရာအလှူဒါနအဖြစ် လက်ခံဖွယ်ဖြစ်လိမ့်မည်။ 28 နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ သားအမိနှစ်ကောင်လုံးကို နေ့ချင်းမစီရင်ကြရ။ 29 ထာဝရဘုရားထံ ချီးမွမ်းရာပူဇော်သက္ကာကို ဆက်ကပ်သောအခါ စိတ်တော်နှင့်တွေ့ရန် ပူဇော်နည်းဟူမူကား၊ နံနက်တိုင်မည်ရွေ့မည်မျှမချန်ဘဲ၊ 30 နေ့ချင်းစားကြလော့။ ငါသည်ထာဝရဘုရားပေတည်း။ 31 ငါ့ပညတ်များကို စောင့်ရှောက်ပြုကျင့်ကြလော့။ ငါသည်ထာဝရဘုရားပေတည်း။ 32-33 ငါသည်သင်တို့ဘုရားသခင်ဖြစ်ခြင်းငှါ အိဂျစ်ပြည်မှသင်တို့ကို ထုတ်ဆောင်၍ သီးသန့်ထားသောထာဝရဘုရားဖြစ်သည့်အလျောက် ဣသရေလအမျိုးသားတို့ရှေ့ သီးသန့်ခြင်းခံလိုသောကြောင့် သန့်ရှင်းသောနာမတော်ညှိုးပုပ်အောင် သင်တို့မပြုကြရ။ ငါသည်ထာဝရဘုရားပေတည်းဟု မိန့်တော်မူ၏။