19
1-2 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ ဣသရေလအမျိုးသားအပေါင်းပရိသတ်အား ဆင့်ဆိုရမည့်အချက်ဟူမူကား သင်တို့ဘုရားသခင်ငါထာဝရဘုရားသည် သန့်ရှင်းသည်နှင့်အညီ သင်တို့လည်း သန့်ရှင်းကြရမည်။ အသီးအသီးတို့သည် ကိုယ့်မိဘကိုခန့်ညားခြင်း၊ ငါ့ဥပုသ်နေ့ကိုစောင့်ခြင်းပြုကြလော့။ ငါသည် သင်တို့ဘုရားသခင် ထာဝရဘုရားပေတည်း။ ရုပ်ပွားဆင်းတုများသို့မလွှဲရ။ ဘုရားရုပ်များကို မသွန်းမလုပ်ကြရ။ ငါသည်သင်တို့ဘုရားသခင် ထာဝရဘုရားပေတည်း။ ထာဝရဘုရားထံ မိတ်သဟာယပူဇော်သက္ကာကိုဆက်ကပ်သော် စိတ်တော်နှင့်တွေ့ရန် ပူဇော်နည်းဟူမူကား၊ ပူဇော်သောနေ့ချင်းနှင့်နောက်နေ့၌ စားခွင့်ရလျက် တတိယနေ့တိုင် ကျန်သမျှကိုကျွမ်းလောင်စေ။ တတိယနေ့၌စားလျှင် ရွံရှာဖွယ်ဖြစ်သည့်အလျောက် စိတ်တော်နှင့်တွေ့မည်မဟုတ်ချေ။ စားမိသောသူတိုင်း ထာဝရဘုရား၏သီးသန့်ရာကိုညှိုးပုပ်စေသဖြင့် ဒုစရိုက်ဝန်ကိုထမ်းလျက် အမျိုးမှပယ်ရှားခံရမည်။
သင်တို့နေပြည်တွင် စပါးရိတ်သိမ်းကြသည့်ကာလ၊ လယ်လုံးကျွတ်အစွန်းပါရိတ်ခြင်း၊ ကောက်သင်းကောက်ခြင်းမပြုရ။ 10 စပျစ်ခြံ၌လည်း ကောက်သင်းကောက်ခြင်း၊ အသီးကြွေကိုကောက်ခြင်းမပြုဘဲ ဆင်းရဲသားနှင့်ဝင်နေသူတို့အဖို့ ချန်ထားလော့။ ငါသည်သင်တို့ ဘုရားသခင်ထာဝရဘုရားပေတည်း။ 11 အချင်းချင်းခိုးယူခြင်း၊ လှည့်ဖြားခြင်း၊ မုသာသုံးခြင်းမပြုရ။ 12 သင့်ဘုရားသခင်၏နာမညှိုးပုပ်အောင် နာမတော်ကိုတိုင်တည်လျက် မုသာမကျိန်မဆိုရ။ ငါသည်ထာဝရဘုရားပေတည်း။ 13 သူတစ်ပါးမှလုယက်ခြင်း၊ အတင်းယူခြင်းမပြုရ။ သူရင်းငှါးခကို နံနက်တိုင်မဆိုင်းရ။ 14 နားပင်းသူ့ကိုဆဲဆိုခြင်း၊ မျက်မမြင်ရှေ့ခလုတ်ထားခြင်းမပြုရ။ သင့်ဘုရားသခင်ကြောင့် ကြောက်ရွံ့လော့။ ငါသည်ထာဝရဘုရားပေတည်း။ 15 တရားမလွဲရ။ နွမ်းပါးသူ့မျက်နှာကိုမညှာ၊ ကြီးမြင့်သူ့မျက်နှာကိုမငဲ့ဘဲ သူ့အမှုကို တရားနှင့်အညီစီရင်လော့။ 16 သင့်အမျိုးအတွင်းလှည့်လည်ကုန်းချောခြင်း၊ သူတစ်ပါးအပေါ်တွင် သေဘေးသင့်စေခြင်းမပြုရ။ ငါသည်ထာဝရဘုရားပေတည်း။ 17 ညီအစ်ကိုချင်းကို မုန်းထားစိတ်မရှိရ။ အပေါင်းအဖော်၏အပြစ်မကူးစက်စေရန် ဆုံးမလော့။ 18 အမျိုးသားချင်းတို့ကို လက်စားမချေ၊ အညှိုးမထားရ။ ငါသည်ထာဝရဘုရားပေတည်း။ 19 ငါ့ထုံးဖွဲ့ချက်များကို စောင့်ရှောက်ကြလော့။ တိရိစ္ဆာန်မျိုးခြားကိုမိတ်လိုက်စေခြင်း၊ လယ်တွင်မျိုးနှစ်မျိုးကြဲခြင်း၊ ကိုယ်၌ချည်နှစ်မျိုးရက်ထည်ကို ဝတ်ခြင်းမပြုရ။ 20 လူတစ်ဦးသည် မရွေးမလွတ်သေးသော၊ ကြောင်းလမ်းပြီးကျွန်မိန်းမနှင့်အိပ်စက်လျှင် စစ်ဆေးစီရင်ခြင်းခံရမည်။ အလွတ်မိန်းမမဟုတ်သောကြောင့် သေဒဏ်မခံကြရ။ 21 ထိုသူသည် တွေ့ဆုံရာတဲတော်မုတ်ဝအနီး၊ ထာဝရဘုရားထံ အပြစ်ဒဏ်ပြေရာသက္ကာအဖြစ် သိုးထီးတစ်ကောင်ကိုတင်သွင်းရာ၊ 22 ပရောဟိတ်သည် ပြစ်ဒဏ်ပြေရာသက္ကာသိုးဖြင့် မှားမိသောအပြစ်အဖို့ ထာဝရဘုရားရှေ့ဖြေခြင်းကိုပြုသည့်အတိုင်း ချမ်းသာရလိမ့်မည်။ 23 သင်တို့နေပြည်သို့ရောက်၍ သီးစားပင်အမျိုးမျိုးကိုစိုက်ပြီးနောက် သုံးနှစ်ပတ်လုံး လှီးဖြတ်ခြင်းမင်္ဂလာမခံသေးသဖွယ်မှတ်လျက် အသီးကိုမစားကြရ။ 24 လေးနှစ်မြောက်သော် သီးသမျှသောအသီးသည် ထာဝရဘုရားအား သြဘာဆက်ရာအဖြစ်သီးသန့်လိမ့်မည်။ 25 ငါးနှစ်မြောက်မူကား သီးသောအသီးသည် သင်တို့ပိုင်ပင်ထွက်ဖြစ်ထိုက်သည့်အလျောက် စားခွင့်ရကြမည်။ ငါသည်သင်တို့ဘုရားသခင် ထာဝရဘုရားပေတည်း။ 26 အသွေးပါသောအစာကို မစားရ။ ဇော်ဂနီအတတ်၊ ဗေဒင်အတတ်ကို မလေ့လာကြရ။ 27 နဖူးထိပ်ဆံရိတ်ခြင်း၊ ပါးမြိုင်းဖြတ်ခြင်းမပြုကြရ။ 28 သူသေတို့အတွက် အသားအရေကိုမလှီးရ။ ဆေးမင်မထိုးကြရ။ ငါသည်ထာဝရဘုရားပေတည်း။ 29 နေပြည်သည်ပြည်တန်ဆာကြောင့် အဗြဟ္မမှုနှင့်မပြည့်စေရန်၊ သင့်သမီးကိုပြည်တန်ဆာအဖြစ်မရှုတ်ချရ။ 30 ငါ့ဥပုသ်နေ့ကိုစောင့်ရှောက်ခြင်း၊ သန့်ရှင်းရာဌာနကို ခန့်ညားခြင်းပြုကြလော့၊ ငါသည်ထာဝရဘုရားပေတည်း။ 31 ကဝေနှင့်မှော်ဆရာများသို့မလွှဲနှင့်။ ညစ်ညူးရာမရောက်ရန် သူတို့ကိုမလိုက်မရှာကြရ။ ငါသည်သင်တို့ဘုရားသခင် ထာဝရဘုရားပေတည်း။ 32 ဆံဖြူသူ့ရှေ့ရပ်ခြင်း၊ အသက်ကြီးသူ၏မျက်နှာကိုရိုသေခြင်း၊ သင့်ဘုရားသခင်ကိုကြောက်ရွံ့ခြင်းပြုလော့။ 33 ငါသည်ထာဝရဘုရားပေတည်း။ နေပြည်တွင် သင့်ထံဝင်နေသူလူမျိုးခြားကို မလုမယက်ရ။ 34 သင်တို့သည် အိဂျစ်ပြည်တွင်ဝင်နေသူအဖြစ်နှင့် နေခဲ့ရဖူးသည်နှင့်အညီ ဝင်နေသူ့ကို သင်တို့တိုင်းရင်းသားကဲ့သို့မှတ်၍ ကိုယ်နှင့်အမျှချစ်ကြရမည်။ ငါသည်သင်တို့ဘုရားသခင် ထာဝရဘုရားပေတည်း။ 35 စီရင်မှု၊ တိုင်းတာမှု၊ ချိန်စက်မှု၊ ခင်တွယ်မှုများ၌ စဉ်းလဲခြင်းမပြုကြရ။ 36 မှန်သောချိန်ခွင်၊ မှန်သောအလေး၊ မှန်သောတင်း၊ မှန်သောခြင့်ခွက်များကို သုံးပြရမည်။ ငါသည်အိဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်ခဲ့သောသင် တို့ဘုရားသခင်ထာဝရဘုရားပေတည်း။ 37 ငါ့ထုံးဖွဲ့ချက်၊ ဆုံးဖြတ်ချက်ရှိသမျှကို စောင့်ရှောက်ပြုကျင့်ကြလော့။ ငါသည်ထာဝရဘုရားပေတည်းဟူ၍ ဆင့်ဆိုလော့ဟုမိန့်တော်မူ၏။