18
1-2 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည့်အချက်ဟူမူကား ငါသည်သင်တို့ဘုရားသခင် ထာဝရဘုရားပေတည်း။ သင်တို့နေထိုင်ခဲ့သော အိဂျစ်ပြည်အကျင့်ဓလေ့အလိုက်လည်းကောင်း၊ ငါပို့ဆောင်မည့် ခါနာန်ပြည်အကျင့်ဓလေ့အလိုက်လည်းကောင်း သင်တို့မပြုမကျင့်ရ။ ၎င်းအထုံးအဖွဲ့များအတိုင်း မလျှောက်မလိုက်ကြရ။ ငါ့ဆုံးဖြတ်ချက်၊ ထုံးဖွဲ့ချက်များကိုပြုကျင့်စောင့်ထိန်းလျက် လျှောက်လိုက်ကြလော့။ ငါသည်သင်တို့ဘုရားသခင် ထာဝရဘုရားပေတည်း။ ပြုကျင့်သူတိုင်း အသက်တည်ရာတည်ကြောင်းဖြစ်သော ငါ့ထုံးဖွဲ့ချက်၊ ဆုံးဖြတ်ချက်များကို စောင့်ရှောက်ကြလော့။ ငါသည်ထာဝရဘုရားပေတည်း။
သင်တို့အနက်မည်သူမျှ ဆွေမျိုးနီးစပ်သူ့ကိုဆက်ဆံရန်မချဉ်းရ။ ငါသည်ထာဝရဘုရားပေတည်း။ သင့်အဘကာမပိုင်ဖြစ်သော သင့်အမိကို မဆက်ဆံရ။ အမိဖြစ်သောကြောင့် မဆက်ဆံအပ်။ သင့်အဘကာမပိုင် နှောင်းမယားကိုမဆက်ဆံရ။ နှမရင်းကိုဖြစ်စေ၊ မိတူဖကွဲနှမကိုဖြစ်စေ မဆက်ဆံရ။ 10 သင့်ရင်သွေးဖြစ်သောမြေးမကို မဆက်ဆံရ။ 11 ဖတူမိကွဲနှမကို မဆက်ဆံရ။ 12 အဘအူတုံဆင်းဖြစ်သူ၊ အဘ၏နှမကို မဆက်ဆံရ။ 13 အမိအူတုံဆင်းဖြစ်သူ၊ အမိ၏ညီမကို မဆက်ဆံရ။ 14 ဘကြီးဘထွေးကာမပိုင်မယားကို မချဉ်းရ။ မဆက်ဆံရ။ သင့်အရီးဖြစ်၏။ 15 သင်ချွေးမကိုမဆက်ဆံရ။ သား၏မယားဖြစ်သောကြောင့် မဆက်ဆံအပ်။ 16 ညီအစ်ကို၏ကာမပိုင်မယားကို မဆက်ဆံရ။ 17 မယားပါသမီးကိုလည်းကောင်း၊ မြေးမကိုလည်းကောင်း မဆက်ဆံရ။ နီးစပ်သူဖြစ်၍ အဗြဟ္မမှုဖြစ်၏။ 18 သင့်မယားအသက်ရှင်သမျှကာလပတ်လုံး ခယ်မကိုမယားငယ်အဖြစ်မသိမ်းရ။ မဆက်ဆံရ။ 19 ရာသီရောက်၍ မသန့်ရာကာလအတွင်း မိန်းမကိုဆက်ဆံရန်မချဉ်းရ။ 20 သူတစ်ပါး၏မယားနှင့်အိပ်စက်၍ ကိုယ်ကိုမညစ်ညူးစေရ။ 21 သင့်အမျိုးအနွယ်အနက် မည်သူ့ကိုမျှမောလုတ်နတ်အားဆက်ကပ်၍ သင်၏ဘုရားသခင့်နာမကို မညှိုးမပုပ်စေရ။ ငါသည်ထာဝရဘုရားပေတည်း။ 22 မိန်းမနှင့်အိပ်စက်သည့်နည်းတူ ယောက်ျားချင်းမအိပ်စက်ရ။ ရွံရှာဖွယ်ဖြစ်၏။ 23 ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ တိရစ္ဆာန်နှင့်ဆက်ဆံ၍ ကိုယ်ကိုမညစ်ညူးစေရ။ ဓမ္မတာတရားနှင့် ဆန့်ကျင့်ဘက်ဖြစ်သတည်း။
24-25 ထိုအပြုအကျင့်များကြောင့် ကိုယ်ကိုမညစ်ညူးစေကြရ။ သင်တို့ရှေ့က ငါနှင်ထုတ်လိုက်သောလူမျိုးခြားတို့နှင့် နေပြည်ပါ ထိုအပြုအကျင့်များကြောင့် ညစ်ညူးရာရောက်သဖြင့် ဒုစရိုက်ကိုငါဆပ်ပေးသည့်အလျောက် ပြည်သည်နေထိုင်သူများကို အန်ထုတ်လေ၏။ 26-28 သင်တို့မဝင်မီပြည်သားတို့ပြုကျင့်သော ရွံရှာဖွယ်ဟူသမျှကြောင့် နေပြည်ညစ်ညူးရာရောက်သဖြင့် ထိုလူမျိုးကိုအန်ထုတ်သည့်နည်းတူ သင်တို့လည်းညစ်ညူးစေ၍ အန်ထုတ်ခွင့်မရှိစေရန် သင်တို့အနက်တိုင်းရင်းသားဖြစ်စေ၊ ဝင်နေသူဖြစ်စေ၊ ဆိုခဲ့သည်ရွံရှာဖွယ်အမှုတစ်စုံတစ်ခုကိုမျှ မပြုကျင့်ဘဲလျက် ငါ့ထုံးဖွဲ့ချက်၊ ဆုံးဖြတ်ချက်များကို စောင့်ရှောက်ကြလော့။ 29 အကြင်သူသည် ထိုရွံရှာဖွယ်အမှုတစ်စုံတစ်ခုကိုပြုကျင့်အံ့။ ထိုသူသည် အမျိုးဘောင်မှပယ်ရှားခံရမည်ဖြစ်၍၊ 30 သင်တို့မဝင်မီပြုကျင့်နှင့်သော ရွံရှာဖွယ်အထုံးအဖွဲ့များကို ပြုကျင့်လျက် ကိုယ်ကိုညစ်ညူးရာမရောက်စေရန် ငါမိန့်မှာချက်ကိုစောင့်ရှောက်ကြလော့။ ငါသည် သင်တို့ဘုရားသခင် ထာဝရဘုရားပေတည်းဟူ၍ ဆင့်ဆိုလော့ဟုမိန့်တော်မူ၏။