12
1-2 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ မိန်းမသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်သော် ရာသီရောက်ရာထုံးနည်းအတိုင်း မသန့်လျက် ခုနစ်ရက်ပတ်လုံးနေစေပြီးမှ၊ ရှစ်ရက်မြောက်သောနေ့တွင် အရေဖျားလှီးမင်္ဂလာကို သားအားပေးရမည်။ အသွေးဖြင့်သန့်အောင်၊ သုံးဆယ့်သုံးရက်တိုင်တိုင် ဆက်လက်နေလျက်၊ သန့်စေခြင်းဆိုင်ရာနေ့ရက်များမကုန်မချင်း၊ သီးသန့်သောအရာကိုထိခြင်း၊ သန့်ရှင်းရာဌာနတော်သို့တက်ခြင်း မပြုရ။ သားမိန်းမကိုဖွားမြင်လျှင်မူကား ရာသီရောက်ရာထုံးနည်းအတိုင်း မသန့်ဘဲ နှစ်သိတင်းပတ်လုံးနေရလျက် အသွေးဖြင့်သန့်အောင် ခြောက်ဆယ့်ခြောက်ရက်တိုင်တိုင် ဆက်လက်နေရမည်။ သားယောက်ျားအတွက်သော်လည်းကောင်း၊ သားမိန်းမအတွက်သော်လည်းကောင်း၊ သန့်စေခြင်းဆိုင်ရာနေ့ရက်များကုန်လွန်မှ မီးရှို့ရာသက္ကာအဖြစ် အခါလည်သောသိုးသားငယ်တစ်ကောင်၊ အပြစ်ဖြေရာသက္ကာအဖြစ် ခိုတစ်ကောင်ဖြစ်စေ၊ ချိုးတစ်ကောင်ဖြစ်စေ၊ တွေ့ဆုံရာတဲတော်မုတ်ဝအနီး ပရောဟိတ်ထံဆောင်သွားရာ၊ ပရောဟိတ်သည် ထာဝရဘုရားမျက်မှောက်တော်၌ဆက်ကပ်၍ မိန်းမအပြစ်အဖို့ဖြေခြင်းကိုပြုသဖြင့် သွေးသွန်ရာမှသန့်ရာရောက်လိမ့်မည်။ သားယောက်ျားသော်လည်းကောင်း၊ သားမိန်းမသော်လည်းကောင်း၊ ဖွားမြင်သောမိခင်ဆိုင်ရာဝတ္တရားကား ဤသို့တည်း။ သိုးလက်ဝယ်မရှိလျှင် မီးရှို့ရာသက္ကာအဖြစ်တစ်ကောင်၊ အပြစ်ဖြေရာသက္ကာအဖြစ်တစ်ကောင်၊ ချိုးနှစ်ကောင်ဖြစ်စေ၊ ခိုနှစ်ကောင်ဖြစ်စေ၊ ဆောင်သွင်းရာ ပရောဟိတ်သည် အပြစ်အဖို့ဖြေခြင်းကိုပြုသဖြင့် သန့်ရာရောက်လိမ့်မည့်အကြောင်း ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။