လေဝိ၀တ်ထုံးကျမ်း
1
ထာဝရဘုရားသည် တွေ့ဆုံရာတဲတော်မှခေါ်၍၊ မောရှေအားမိန့်တော်မူသည်မှာ လူတစ်ဦးသည် ငါထာဝရဘုရားထံအလှူဒါနတင်သွင်းရာ နွားအုပ်မှသော်လည်းကောင်း၊ သိုးဆိတ်မှသော်လည်းကောင်း၊ တစ်ကောင်ကောင်ကိုဆက်ကပ်စေဟူ၍ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့။
နွားအုပ်မှမီးရှို့ရာအလှူကို လှူဒါန်းလျှင် ထာဝရဘုရားဘုရားစိတ်တော်နှင့် တွေ့အံ့သောငှါ တွေ့ဆုံရာတဲတော်မုတ်ဝအနီး ကြန်အင်စုံသောအထီးကိုတင်သွင်းစေ။ မီးရှို့ရန်နွားဦးခေါင်းပေါ်တွင်လက်တင်သဖြင့် အပြစ်ဖြေခြင်းအဖြစ် လက်ခံတော်မူလိမ့်မည်။ 5-6 ထာဝရဘုရားရှေ့ ထိုနွားကိုစီရင်ခြင်း၊ အရေခွါခြင်း၊ အပိုင်းပိုင်းဖြတ်ခြင်း၊ ပြုပြီးလျှင်၊ အာရုန့်သားပရောဟိတ်ဖြစ်သူတို့သည် အသွေးကိုဆက်ကပ်ရာ တွေ့ဆုံရာတဲတော်မုတ်ဝအနီးရှိ ပူဇော်ရာပလ္လင်တော်ဘေးပတ်လည်၌သွန်းပက်၍၊ ပလ္လင်တော်ပေါ်တွင်မီး၊ မီးပေါ်တွင်ထင်းကိုခင်းစီလျက်၊ 8-9 ဝမ်းတွင်းသားနှင့်ခြေများကို ဆေးကြော၍ သားတစ်၊ ဦးခေါင်း၊ ဆီဥပါ ထင်းမီးပေါ်၌စီတင်ကြပြီးမှ ပရောဟိတ်သည် ထာဝရဘုရားစိတ်တော်ပြေဖွယ်ရနံ့အဖြစ်၊ မီးပူဇော်ရာအဖြစ်၊ မီးရှို့ရာသက္ကာအဖြစ်ဖြင့် တစ်ပုံလုံးကို ပလ္လင်တော်ပေါ်မှာပူဇော်ရမည်။
10 သိုးဆိတ်အုပ်မှမီးရှို့ရာအလှူကို လှူဒါန်းလျှင် ကြန်အင်စုံသောအထီးကို ဆက်ကပ်စေ။ 11-13 ထာဝရဘုရားရှေ့၊ ပူဇော်ရာပလ္လင်တော်မြောက်မျက်နှာတွင် စီရင်ခြင်း၊ အပိုင်းပိုင်းဖြတ်ခြင်းပြုပြီးလျှင် အသွေးကိုပလ္လင်တော်ဘေးပတ်လည်၌ အာရုန့်သားပရောဟိတ်ဖြစ်သူတို့ သွန်းပက်ကြပြီးမှ ပရောဟိတ်သည် ဝမ်းတွင်းသားနှင့်ခြေများကို ဆေးကြော၍ သားတစ်၊ ဦးခေါင်း၊ ဆီဥပါ၊ ပလ္လင်တော်ထက်ရှိ မီးထင်းပေါ်၌စီတင်လျက် တစ်ပုံလုံးကိုပူဇော်ဆက်ကပ်ရမည်။ ထာဝရဘုရားစိတ်တော်ပြေဖွယ်ရနံ့၊ မီးပူဇော်ရာမီးရှို့ရာသက္ကာဖြစ်သတည်း။
14 ကြက်ငှက်အုပ်မှ ထာဝရဘုရားထံမီးရှို့ရာအလှူကိုလှူဒါန်းလျှင် ချိုးဖြစ်စေ၊ ခိုဖြစ်စေ၊ လှူဒါန်းတင်သွင်းစေ။ 15 ပရောဟိတ်သည် ပူဇော်ရာပလ္လင်တော်အနီးကပ်ခြင်း၊ ဦးခေါင်းကိုလိမ်ဖြတ်၍ ပလ္လင်တော်ပေါ်မှာမီးရှို့ခြင်း၊ အသွေးကိုပလ္လင်တော်ဘေး၌ ညှစ်ချခြင်း၊ 16 စာလုပ်နှင့်အမွေးကိုနုတ်ယူ၍ ပလ္လင်တော်ရှေ့မျက်နှာပြာပုံရာ၌ ပစ်လိုက်ခြင်း၊ 17 အကောင်ကိုမခွဲဘဲ တောင်ပံကိုဆွဲဖြတ်ခြင်းပြုပြီးမှ ပလ္လင်တော်ထက်ရှိမီးထင်းပေါ်တွင် ပူဇော်ရမည်။ ထာဝရဘုရားစိတ်တော်ပြေဖွယ်ရနံ့၊ မီးပူဇော်ရာ၊ မီးရှို့ရာသက္ကာဖြစ်သတည်း။