5
အိုထာဝရဘုရား။ အကျွန်ုပ်တို့၌ အဖြစ်အပျက်များကိုသတိရလျက်။ ကဲ့ရဲ့ရာ အကြောင်းကိုလည်း။ ရှုကြည့်မှတ်ယူတော်မူပါ။ သူစိမ်းတို့သည်၊ အကျွန်ုပ်တို့ပိုင်မြေ။ လူမျိုးခြားတို့သည်၊ အကျွန်ုပ်တို့ပိုင်အိမ်များကို။ ခံယူရကြလေပြီ။ ။ အကျွန်ုပ်တို့သည် ဘသက်စိုး၊ မိခင်တို့လည်း မုတ်ဆိုးမအဖြစ်ရောက်ကြလေစွ။ ။ ရေကိုဝယ်မှ သောက်ခွင့်။ ထင်းကိုဝယ်မှ ဆိုက်ခွင့်ရကြ၏။ ။ ကုပ်ပေါ်တွင်လိုက်လံသူတို့စီးကြသဖြင့်။ အကျွန်ုပ်တို့သည်၊ ချမ်းသာမရ။ ပင်ပန်းလှပါ၏။ ။ အသက်မွေးရအံ့သောငှာ။ အိဂျစ်ပြည်၊ အာရှုရိပြည်သားတို့ထံ။ လက်အောက်ခံရကြပြီ။ ။ သေလွန်ပြီးသောဘိုးဘေးတို့ပြစ်မှုကြောင့်။ ဒုစရိုက်ဝန်ကိုထမ်းဆောင်ရကြ၏။ ။ ကျွန်ကပင်။ အကျွန်ုပ်တို့အပေါ်တွင်မင်းမူလျက်။ လက်တွင်းမှ ကယ်လွှတ်သူမရှိချေ။ ။ တောပုန်းထားပြတို့ကြောင့်။ စွန့်စား၍အသက်မွေးရကြ၏။ ။ 10 မွတ်သိပ်ခြင်းဆိုင်ရာ၊ ဒဟတေဇော်ကြောင့်။ အသားအရေသည် မီးဖိုနှင့် အမျှပူလောင်၏။ ။ 11 မိန်းမတို့သည် ဇိအုန်မြို့၌၎င်း၊ အပျိုတို့သည် ယုဒမြို့ရွာများ၌၎င်း၊ မုဒိမ်းကျင့်ခြင်း။ 12 မှူးမတ်တို့သည် လက်ကိုချည်ဆွဲခြင်း။ လူကြီးတို့သည် မထီလေးစားပြုခြင်းများကိုခံရကြလေစွ။ ။ 13 လူပျိုတို့သည် ကြိတ်ဆုံကိုထမ်းရလျက်။ သူငယ်တို့သည် ထင်းကို မနိုင်တနိုင်သယ်ရကြ၏။ 14 လူအိုတို့သည် မြို့တံခါး၌ထိုင်ခြင်း။ လူပျိုတို့သည် တီးမှုတ်သီဆိုခြင်းကို မပြုရကြ။ ။ 15-16 ဦးရစ်ကျ၍။ ရွှင်လန်းစိတ်ကုန်သော အကျွန်ုပ်တို့သည်။ ကပွဲအစား အသုဘကိုရှုရကြ၏။ ပြစ်မှားမိသောကြောင့်၊ အကျိုးနည်းလေစွတကား။ ။ 17-18 ခွေးအတို့လှည့်လည်ရာဖုန်းဆိုးကုန်းဖြစ်သော ဇိအုန်တောင်ကို ထောက်၍။ အကျွန်ုပ်တို့သည် စိတ်ပျက်လျက်၊ မျက်စိမှုံကြလေပြီ။ ။
19 ကာလအစဉ်ကိန်းဝပ်တော်မူလျက်။ လူမျိုးအဆက်ဆက် နန်းစံတော်မူသော၊ အိုထာဝရဘုရား။ 20 အကျွန်ုပ်တို့ကိုအစဉ်အမြဲမေ့လျော့၍ အဓွန့်ရှည်စွာ စွန့်ပယ်တော်မူသည်မှာ။ အသို့ပါနည်း။ ။ 21-22 အကျွန်ုပ်တို့ကို။ ကိုယ်တော့်ထံပြန်လာခွင့်ပြုတော်မူပါ။ ပြန်လာကြပါမည်။ အကယ်၍ စွန့်ပယ်စွန့်ပစ်ခြင်း၊ ပြင်းထန်သောအမျက်ထားခြင်း မရှိခဲ့ပါလျှင်။ ရှေးကာလကဲ့ သို့ ထပ်မံပြုပြင်တော်မူပါ။ အိုထာဝရဘုရား။