2
အရှင်ဘုရားသည်၊ သတို့သမီးဇိအုန်ကို အမျက်တော်တိမ်တိုက်ဖြင့်ဖုံးလွှမ်းတော်မူလေစွ။ အမျက်တော်ထားရာနေ့ရက်၌၊ ခြေတော်တင်ရာကိုသတိမရဘဲ၊ ဣသရေလ လူမျိုး၏ တင့်တယ်ခြင်းကို၊ မိုးမှမြေသို့ပစ်ချတော်မူလေပြီ။ အရှင်ဘုရားသည်၊ ညှာတာတော်မမူဘဲ၊ ယာကုပ်လူမျိုး၏ စားကျက်ရှိသမျှကို ဖျက်ဆီးလျက်၊ သတို့သမီးယုဒ၏ခံတပ်များကို၊ အမျက်တော်ဖြင့် ဖြိုလှဲပစ်ချလျက်၊ တိုင်းနိုင်ငံကို၊ မှူးမတ်တို့ပါ၊ ရှုတ်ချတော်မူလေပြီ။ ဣသရေလလူမျိုး၏ဦးချိုရှိသမျှကိုအမျက်တော်အရှိန်ဖြင့် ချိုးဖြတ်လျက်၊ ရန်သူတို့ရှေ့တွင်ပင်၊ ညာလက်ရုံးတော်ကို ရုပ်သိမ်းလျက်၊ အဘက်ဘက်တောက်သော မီးလျှံသဖွယ်၊ ယာကုပ်လူမျိုးကိုကျွမ်းလောင်တော်မူလေပြီ။ သူသဖွယ်လေးတော်ကိုတင်ခြင်း၊ ရန်ဘက်သဖွယ် ညာလက်ရုံးတော်ကို ဆန့်လျက်ရပ်တန့်ခြင်း၊ သတို့သမီးဇိအုန်၏တဲတွင်၊ နှစ်သက်ဖွယ်သူအပေါင်းတို့ကို လုပ်ကြံခြင်း၊ အမျက်တော်ကိုမီးကဲ့သို့သွန်းလောင်းခြင်းများကိုပြုတော်မူလေပြီ။ အရှင်ဘုရားသည်၊ ဣသရေလလူမျိုးကို၊ ရန်သူသဖွယ်ဖျက်ဆီးတော်မူရာ၊ ရှိသမျှသောဘုံဗိမာန်များကိုဖျက်ဆီးခြင်း၊ ခံတပ်များကို ဖြိုလှဲခြင်းပြုသဖြင့်၊ သတို့သမီး ယုဒ၌များစွာညည်းညူညည်းတွားစေတော်မူ၏။ ထာဝရဘုရားသည်၊ စံရာတော်ကိုယာကဲ့သို့ လက်လွှတ်ခြင်း၊ တွေ့ဆုံရာတော်ကိုဖျက်ဆီးခြင်းပြုလျက်၊ ဇိအုန်မြို့၌ပြုမြဲပွဲနေ့၊ ဥပုသ်နေ့များကို၊ သတိလစ်စေသည့်ပြင်၊ အမျက်ဒေါသအလျောက်၊ ဘုရင်မင်းနှင့် ပရောဟိတ်တို့ကို၊ မထီလေးစားပြုတော်မူလေပြီ။ အရှင်ဘုရားသည်၊ ပူဇော်ရာပလ္လင်တော်ကိုစွန့်ပယ်လျက်၊ သန့်ရှင်းရာ ဌာနတော်ကို ရွံရှာလျက်၊ ဗိမာန်တော်၌ အောင်သံကို ပွဲသဘင်သံကဲ့သို့၊ ရန်သူတို့ပြုရသည့် တိုင်အောင်၊ ဘုံဗိမာန်များကို၊ မဟာရံပါ၊ အပ်နှင်းတော်မူလေပြီ။ ထာဝရဘုရားသည်၊ သတို့သမီး ဇိအုန်၏မြို့ရိုးကို ဖျက်ဆီးမည့်အကြံနှင့်၊ ဖြိုလှဲသောလက်ရုံးတော်ကိုရုပ်သိမ်းတော်မမူဘဲ၊ တာကြိုးဆွဲသဖြင့်၊ မြို့ရိုးနှင့်မီးကာပါ၊ မြည်တမ်းအားလျော့ကြလေစွ။ မင်းထုပ်များကိုချိုးဖျက်တော်မူသည့်အလျောက်၊ မြို့တံခါးများသည် မြေတွင်နစ်မြုပ်လျက်၊ ဘုရင်မင်းနှင့်မှူးမတ်တို့သည်၊ လူမျိုးခြားဘောင်တွင် နေလျက်၊ တရားတော်သည်၊ ပပျောက်လျက်၊ ပရောဖက်တို့သည်၊ ထာဝရဘုရားထံရူပါရုံမဲ့လျက်၊ နေကြသည်တကား။ 10 ဦးခေါင်းထက်မြေမှုန့်ကိုကြဲ၍၊ လျှော်တေဝတ်ဆင်သောသတို့သမီး ဇိအုန်၏ လူကြီးတို့သည်၊ မြေပေါ်တွင် ဆိတ်ဆိတ်ထိုင်လျက်၊ ယေရုရှလင်မြို့သူအပျိုတို့လည်း၊ မြေသို့ဦးစိုက်လျက်နေကြ၏။
11 နို့စို့နိုၙ့ညှာသူငယ်တို့သည်၊ မြို့လမ်းများ၌ မြောနေကြသောကြောင့်၊ လူမျိုးချင်း သတို့သမီး၏အနာကိုထောက်၍၊ ငါသည် မျက်ရည်ကျလျက်စက္ခုကွယ်ခြင်း၊ ဝမ်းနည်းခြင်း၊ အသည်းအဆုပ်အရည်ပျော်ဆင်းခြင်းခံရပြီတကား။ 12 မြို့လမ်းများတွင်၊ လုပ်ကြံခံရသူတို့ကဲ့သို့မြောနေကြသူ၊ မိခင်တို့ရင်ခွင်၌ သေအံ့ဆဲ ထိုသူငယ်တို့က၊ အစားအသောက်မရှိပါလောဟုမေးရှာကြလေစွ။ 13 အိုသတို့သမီးယေရုရှလင်၊ ငါသည် သင်နှင့် ပုံဆောင်လျက်၊ မည်သို့နှိုးဆော်ရမည်နည်း။ အိုသတို့သမီးကညာဇိအုန်၊ သင်နှင့်နှိုင်းယှဉ်လျက်၊ မည်သို့နှစ်သိမ့်စေရမည် နည်း။ သင်၏ဒဏ်ရာသည်၊ သမုဒ္ဒရာနှင့်အမျှကျယ်၍၊ မည်သူကုသနိုင်မည်နည်း။ 14 သင်၏ပရောဖက်တို့သည်၊ သုံ့ပန်းခံရခြင်းကိုလွှဲဖယ်အံ့သောငှာ၊ သင်၏ဒုစရိုက်ကိုမဖော်ပြဘဲ၊ အကျိုးမဲ့အချည်းနှီးဖြစ်သော ရူပါရုံများကိုလည်းေကာင်း၊ သွေးဆောင်၍ အကျိုးမဲ့သောဗျာဒိတ်များကိုလည်းေကာင်း၊ မြော်မြင်ဟောပြောကြလေပြီ။ 15 သီသွားသူအပေါင်းတို့သည်၊ လက်ပမ်းပေါက်ခတ်ခြင်း၊ ဦးခေါင်းလှုပ်ခါခြင်းပြုလျက်၊ အင်္ဂါမယွင်းအဆင်းလှရာ၊ မြေတပြင်လုံးရွှင်လန်းရာဟူ၍၊ သမုတ်ကြသော မြို့တော်ကား၊ ဤမြို့ပင်လောဟု၊ သတို့သမီးယေရုရှလင်ကို ပြက်ရယ်ပြုကြလေစွ။ 16 ရန်သူအပေါင်းတို့သည် နှုတ်ဟခြင်း၊ ပြက်ရယ်ခြင်း၊ အံခဲခြင်းများကိုပြုလျက်၊ ငါတို့မျိုစားကြပြီ။ ငါတို့မြော်စောခဲ့သည့်အတိုင်း ဤယနေ့ကို ငါတို့တွေ့မြင်ရပြီဟု ဝါကြွားကြ၏။ 17 ထာဝရဘုရားသည် ပြဋ္ဌာန်းခဲ့သောအချက်၊ ရှေးကာလ၌ မိန့်မှာခဲ့သောအချက်ကို၊ အပြီးသတ်စီရင်တော်မူသည့်အတိုင်း၊ မညှာတာဘဲဖြိုလှဲခြင်း၊ သင့်အပေါ်တွင် ရန်သူအောင်သံလွှင့်ခြင်း၊ ရန်ဘက်တို့ဦးချိုမြှောက်ခြင်းများကိုပြုတော်မူပြီ။
18 အိုသတို့သမီးဇိအုန်၏ မြို့ရိုး၊ ထာဝရဘုရားထံစိတ်ပါကိုယ်ရောက် ဟစ်လေ့ရှိသည်နှင့်အညီ၊ ညောင်းညာခြင်း၊ စက္ခုသူငယ်အိမ်နားနေခြင်းကင်း၍၊ နေ့ညဉ့်မဟူ၊ မြစ်ရေစီးသကဲ့သို့၊ မျက်ရည်ကျစေလော့။ 19 လမ်းဆုံရှိသမျှတွင် မွတ်သိပ်၍ မြောနေသောသူငယ်တို့ အသက်ချမ်းသာရစေခြင်းငှာ၊ ညဉ့်ဦးယံတိုင်း၌ထ၍ဟစ်ခြင်း၊ ထာဝရဘုရား၏မျက်မှောက်တော်တွင်မေတ္တာရေသွန်းလောင်းခြင်း၊ လက်အုပ်ချီခြင်းများကိုပြုလော့။
20 အိုထာဝရဘုရား၊ မည်သူ၌ စီရင်တော်မူသည်ကို ရှုကြည့်မှတ်ယူတော်မူပါ။ မိန်းမတို့သည် ချီပွေ့သောရင်သွေးသူငယ်တို့ကို စားကြရမည်လော။ ပရောဟိတ်နှင့် ပရောဖက်တို့သည်၊ အရှင်ဘုရားဘုရား၏ သန့်ရှင်းရာဌာနတော်၌၊ လုပ်ကြံခံကြရမည်လော။ 21 ပျိုရွယ်သူနှင့်အိုမင်းသူတို့သည်၊ လမ်းပေါ်တွင်လဲလျက်၊ အပျိုနှင့်လူပျိုတို့သည်၊ ဓားဖြင့်ကျဆုံးလျက် နေကြလေစွ။ ကိုယ်တော်သည်၊ အမျက်တော်ထားရာနေ့ရက်၌၊ မညှာတာဘဲလုပ်ကြံကွပ်မျက်တော်မူလေပြီ။ 22 ကိုယ်တော်သည်၊ အဘက်ဘက်က ကြောက်လန့်ဖွယ်ရာ ဘေးများကို၊ ပွဲသဘင်နေ့ဖိတ်သကဲ့သို့၊ ခေါ်တော်မူသည့်အတိုင်း၊ ထာဝရဘုရားအမျက်တော်ထားရာ နေ့၌၊ ဘေးလွတ်၍ကြွင်းကြံသူ တစ်ဦးမျှမရှိချေ။ အကျွန်ုပ်ချီပွေ့ကျွေးမွေးသောသူငယ်တို့ကိုပင်၊ ရန်သူတို့ကုန်ဆုံးစေကြပြီတကား။