ပရိဒေဝဂီတကျမ်း
1
စည်ပင်ခဲ့သောမြို့တော်သည်၊ ဆိတ်ညံစွာ နေလျက်၊ လူမျိုးခြားတို့တွင် ပြန့်ပြောခဲ့သောမြို့သည်၊ မုဆိုးမသဖွယ်ဖြစ်လျက်၊ ပြည်ထောင်တကာအထွဋ် တင်ခဲ့သော မြို့သည်၊ လမိုင်းအဖြစ်ရောက်လေစွတကား။ ထိုမြို့တော်သည်၊ ညဉ့်အခါ ငိုကြွေးလျက်၊ ပါးပြင်သို့မျက်ရည်ကျလေစွ။ မဟာမိတ်တို့အနက်၊ နှစ်သိမ့်စေသူမရှိ။ အပေါင်းအဖော်ဟူသမျှတို့သည်၊ သစ္စာပျက်၍ရန်မူ ကြသည်တကား။ ယုဒလူမျိုးသည်၊ ညှဉ်းပန်းခြင်း၊ အကြပ်အတည်းကျွန်စေစားခြင်းများကြောင့် ထွက်သွား၍၊ လူမျိုးခြားတို့တွင်၊ မချမ်းမသာ နေထိုင်ရ၏။ လိုက်လံသူတို့သည်ကျဉ်း မြောင်းရာ၌ မီခဲ့ကြလေစွ။ ပြုမြဲပွဲသို့လာရောက်သူမရှိသည့်အတွက်၊ ဇိအုန်မြို့လမ်းများသည် ခြောက်လျက်၊ တံခါးများသည် ခေါင်လျက်၊ ပရောဟိတ်တို့သည် ညည်းတွားလျက်၊ အပျိုတို့သည် လွမ်းဆွတ်လျက်၊ မြို့တော်သည် နစ်နာလျက်နေရှာလေ၏။ များပြားသောလွန်ကျူးမှုကြောင့်၊ ထာဝရဘုရားညှဉ်းပန်းတော်မူသည်နှင့်အညီ၊ ရန်ဘက်ရန်သူတို့သည်၊ ဥက္ကဋ္ဌဖြစ်လျက်အကြံမြောက်ရာ၊ သူငယ်တို့သည်၊ ဒုက္ခ အတွက်ထွက်သွားရကြသည့်ပြင်၊ သတို့သမီးဇိအုန်မှ၊ စည်းစိမ်ရှိသမျှကွယ်ပျောက်သဖြင့်၊ မှူးမတ်တို့သည်၊ စားကျက်မဲ့သောသမင်များကဲ့သို့၊ အမဲလိုက်သူတို့ရှေ့အားလျော့၍ ပြေးရကြ၏။ ယေရုရှလင်မြို့သည် ဒုက္ခရောက်၍၊ ရပ်တည်မရသောကာလ၌၊ ရှေးအထက် ကောင်းစားခဲ့လေရာရာကိုအောက်မေ့လေ၏။ မြို့သူမြို့သားတို့သည်၊ ထောက်ပံ့သူမဲ့၊ ရန်ဘက်တို့လက်တွင်းသို့ ကျရောက်ကြစဉ်၊ ထိုရန်ဘက်တို့သည်၊ ပျက်စီးရာကိုသိမြင်လျက် ပြောင်လှောင်ကြလေစွ။ ယေရုရှလင်မြို့သည်၊ ပြစ်မှားလွန်ကျူးပြီဖြစ်၍၊ ညစ်ညူးရာရောက်လေပြီ။ ရိုသေသူအပေါင်းတို့သည်၊ ရှက်ဖွယ်ရာကိုမြင်လျက်၊ ညည်းတွား၍ ကျောခိုင်းသော ထိုမြို့ကို၊ မထီလေးစားပြုကြသည်တကား။ ထမီညစ်နွမ်းသောထိုမြို့သည်၊ အကျိုးအပြစ်ကို မမြော်မြင်သည်နှင့်အညီ၊ နှစ်သိမ့်စေသူမဲ့လျက်၊ အံ့ဖွယ်သရဲလဲကျသည့်အလျောက်၊ အိုထာဝရဘုရား၊ ရန်သူ မောက်ကြွားသည့်အတွက် အကျွန်ုပ်၏ဒုက္ခကိုရှုကြည့်တော်မူပါဟု တောင်းလျှောက်လေ၏။ 10 သင်တို့အစည်းအဝေး၌မပါမဝင်ရဟု ကိုယ်တော်မိန့်မှာတော်မူခဲ့ရာ လူမျိုးခြားတို့သည်၊ ကိုယ့်သန့်ရှင်းရာဌာနထဲသို့ဝင်ခဲ့ကြကြောင်း၊ မြို့တော်မြင်ရသည့် အလျောက်၊ ရတနာတော်အမျိုးမျိုးကို၊ ရန်ဘက်တို့လက်ဝါးကြီးအုပ်လေပြီ။ 11 မြို့သူမြို့သားအပေါင်းတို့သည် ညည်းတွား၍၊ အစားအသောက်ကိုလိုက်ရှာလျက်၊ အသက်မွေးရန် ရိက္ခာအစား၊ ရတနာများကိုလဲလှယ်ကြသည့်အတိုင်း၊ အိုထာဝရ ဘုရား၊ အကျွန်ုပ်သည်၊ မထီလေးစားဖွယ်ရာရောက်ပါပြီ။ ရှုကြည့်မှတ်ယူတော်မူပါဟု၊ တောင်းလျှောက်ကြလေပြီ။
12 အိုသီသွားသူအပေါင်းတို့၊ အမျက်တော်ထားရာနေ့ရက်၌၊ ထာဝရဘုရားစီရင်၍ သင့်စေတော်မူသည့်အတိုင်း၊ ငါခံရသောဝေဒနာနှင့်အမျှ၊ ခံရသူရှိသည်မရှိသည်ကို စဉ်းစားကြဦး။ သင်တို့နှင့်မဆိုင်သလော။ 13 ကိုယ်တော်သည် ငါ့အရိုးများ၌ စွဲလောင်သောမီးဘေးကို၊ အထက်မှသင့်စေတော်မူပြီ။ ငါ့ခြေကိုကျော့မိစေခြင်းငှာ၊ ပိုက်ကွန်ဖြန့်ချ၍ ငါ့ကိုတွန်းလှန်လျက်၊ နေ့ရှိသမျှ အံ့ဩမူးမော်စေတော်မူပြီ။ 14 အရှင်ဘုရားသည် လက်တော်ဖြင့်ငါ့လွန်ကျူးမှုများကို၊ ထမ်းပိုးသဖွယ်ကုပ်ပေါ်တွင် ကျစ်လိမ်ဖွဲ့တင်လျက်၊ အားလျော့စေသည့်ပြင်၊ ခံရပ်၍မရသောသူတို့ လက်အ တွင်းသို့၊ ငါ့ကိုအပ်နှင်းတော်မူလေပြီ။ 15 အရှင်ဘုရားသည်၊ အတွင်းရှိသူရဲကောင်းခပ်သိမ်းတို့ကို ပြောင်လှောင်လျက်၊ လက်ရွေးအပေါင်းတို့ကို နှိမ်နှင်းရန်၊ အသင်းအပင်းကိုခေါ်၍သတို့သမီးကညာယုဒ ကိုလည်း၊ စပျစ်ကျင်းသဖွယ်ဖိနင်းတော်မူစွတကား။ 16 ထိုအဖြစ်အပျက်များကြောင့်၊ ငါသည် ငိုကြွေးလျက်၊ စိတ်ချမ်းသာအောင်နှစ်သိမ့်စေသူကင်းဝေးသောကြောင့်၊ မျက်ရည်ကျလျက်နေ၏။ ရန်သူတို့အောင်မြင်သဖြင့်၊ မြို့သူမြို့သားတို့အံ့အားသင့်ကြ၏။ 17 ဇိအုန်မြို့သည် လက်အုပ်ချီသော်လည်း၊ နှစ်သိမ့်စေသူမရှိချေ။ ယာကုပ်လူမျိုးကိုရည်လျက်၊ ထာဝရဘုရားသည် ပတ်ဝန်းကျင်ရှိလူမျိုးတို့ရန်မူကြစေခြင်းငှာ၊ မိန့်တော် မူသည့်အတိုင်း၊ ယေရုရှလင်မြို့ကိုညစ်ညူးဖွယ်ထင်မှတ်ကြ၏။ 18 ထာဝရဘုရားသည် ဖြောင့်မတ်တော်မူပါ၏။ ငါမူကား၊ အမိန့်တော်ကိုဖီဆန်မိပါပြီ။ အိုလူမျိုးတကာတို့၊ နားထောင်၍ ငါခံရာ ဝေဒနာကိုရှုကြည့်ကြလော့။ ငါ့အပျိုတို့နှင့် လူပျိုတို့သည်၊ သုံ့ပန်းခံရကြလေပြီ။ 19 မဟာမိတ်တို့ကိုငါခေါ်သော်လည်း၊ လှည့်စားကြသည်တကား။ ပရောဟိတ်နှင့်လူကြီးတို့သည်၊ အသက်မွေးရန် ရိက္ခာကိုလိုက်ရှာစဉ်၊ မြို့အတွင်းတွင် သေလွန်ကြ လေစွ။ 20 အိုထာဝရဘုရား၊ ရှုကြည့်တော်မူပါ။ အကျွန်ုပ်ဒုက္ခရောက်၍ဝမ်းနည်းပါ၏။ တော်လှန်ပုန်ကန်ခဲ့သော အကျွန်ုပ်သည်၊ စိတ်ပူလေ၏။ မြို့အပြင်တွင်ဓားဘေး၊ မြို့အတွင်း တွင် သေဘေးသင့်ရောက် လေစွတကား။ 21 အကျွန်ုပ်ညည်းတွားသံကိုကြားရကြသော်လည်း၊ နှစ်သိမ့်စေသူမရှိချေ။ အကျွန်ုပ်ဒုက္ခအကြောင်းကြားသောရန်သူအပေါင်းတို့သည်၊ ကိုယ်တော်စီရင်တော်မူသော ကြောင့် ရွှင်လန်းကြ၏။ သို့ရာတွင်၊ ကြော်ငြာတော်မူခဲ့သောနေ့ရက်ကိုသင့်ရောက်စေတော်မူသော်၊ အကျွန်ုပ်ကဲ့သို့ဖြစ်ကြလိမ့်မည်။ 22 သူတို့ဆိုးသွမ်းမှုခပ်သိမ်းကို၊ မျက်မှောက်ထားတော်မူ၍၊ ညည်းတွားခြင်း အမြောက်အမြားနှင့် စိတ်မူးမော်ခြင်းရှိသော အကျွန်ုပ်၏လွန်ကျူးမှုခပ်သိမ်းအတွက်၊ စီရင် တော်မူသည့်နည်းတူ၊ ထိုသူတို့၌ စီရင်တော်မူပါဦး။