8
ထိုနောက် မကြာမီ ကိုယ်တော်သည် ဘုရားသခင့်နိုင်ငံတော်ဆိုင်ရာ သတင်းတော်မြတ်ကို ကြော်ငြာဟောပြောလျက် ဆယ့်နှစ်ပါးတို့နှင့်တကွ မြို့ရွာအရပ်ရပ်သို့လှည့်လည်တော်မူရာ၊ နတ်ဆိုးခုနစ်ကောင်ထွက်ခွာဖူးသော မာဂဒလခေါ်မာရိ၊ ဟေရုဒ်မင်းဘဏ္ဍာစိုးဥဇာ၏မယားယောဟန္န၊ ရှုရှန္နတို့နှင့် နတ်ဆိုးပူးခြင်း၊ အနာရောဂါကပ်ခြင်းမှကင်းစေတော်မူဘူးသော အခြားဒါယကာမအများသည် ကိုယ့်စရိတ်နှင့်လုပ်ကျွေးသမှုပြုလျက် လိုက်ပါကြ၏။
ကြီးစွာသောလူပရိတ်သတ်သည် အမြို့မြို့မှ အထံတော်သို့စုရုံးရောက်လာကြသော် ဥပမာဆောင်၍ မိန့်တော်မူသည်မှာ၊ မျိုးကြဲသူတစ်ယောက်သည် မျိုးကြဲရန်ထွက်သွားလျက် ကြဲသည့်ကာလ၊ မျိုးစေ့အချို့သည်လမ်းပေါ်တွင် ကျသဖြင့် လူကျော်နင်း၍ လေသတ္တဝါများကောက်စားကြ၏။ အချို့သည် ကျောက်ပေါ်တွင်ကျ၍ပေါက်သော် ရေမရှိသောကြောင့် ညှိုးနွမ်းသေပျောက်၏။ အချို့မှာ ဆူးကြားတွင်ကျ၍ ဆူးပင်များသည် အတူပေါက်လျက်ဖိစီးသဖြင့်သေ၏။ အချို့မူကား မြေကောင်းရာတွင်ကျ၍ပေါက်ပြီးမှ အသီးအဆတစ်ရာထွက်သည်ဟု မိန့်တော်မူပြီးနောက် ကြားနာရန် နားရှိသူကြားနာစေဟု ကြွေးကြော်တော်မူ၏။
ထိုဥပမာအဓိပ္ပါယ်ကို တပည့်တော်တို့မေးလျှောက်ကြသော်၊ 10 ကိုယ်တော်က သင်တို့မှာ ဘုရားသခင့်နိုင်ငံတော်နှင့်စပ်လျဉ်းသည့် နက်နဲရာများကိုသိခွင့်ရကြ၏။ ကျန်ကြွင်းသူတို့ကိုကား ကြည့်လျက်ပင်သိမြင်ခြင်း၊ ကြားလျက်ပင်နားလည်ခြင်းကင်းစေရန် ဥပမာများဖြင့်ဟောပြောရ၏။ 11 ဆိုခဲ့သောဥပမာအဓိပ္ပါယ်ကား မျိုးစေ့သည်ဘုရားသခင့် တရားတော်ဖြစ်၏။ 12 လမ်းပေါ်တွင်ကျသူတို့မှာ ကြားနာပြီးနောက်ယုံကြည်၍ ကယ်တင်ခြင်းသို့မရောက်စေရန် စိတ်နှလုံးထဲက တရားတော်ကို မာရ်နတ်လာ၍နုတ်ယူတတ်၏။ 13 ကျောက်ပေါ်တွင်ကျသူတို့မှာ တရားတော်ကိုကြားသော် ရွှင်လန်းစွာနာယူသော်လည်း အမြစ်မစွဲသဖြင့် ခဏမျှသာယုံကြည်၍ စုံစမ်းခြင်းခံရသည့်ကာလ ဖောက်ပြန်သူများဖြစ်၏။ 14 ဆူးကြားတွင်ကျသည့်အစေ့မှာ ကြားနာပြီးနောက်သွားလာရာတွင် ဤဘဝသောကရှိခြင်း၊ စည်းစိမ်ကြီးရှိခြင်း၊ ပျော်မွေ့ခြင်းများဖိစီးသဖြင့် အောင်မာစွာအသီးမသီးသောသူများဖြစ်၏။ 15 ကောင်းသောမြေတွင်ကျသည့်အစေ့မူကား၊ ရိုးဖြောင့်ကောင်းမွန်သောစိတ်နှလုံးနှင့်တရားတော်ကို ကြားနာစွဲကိုင်လျက် တည်ကြည်စွာအသီးသီးသူများဖြစ်၏။
16 မီးထွန်းပြီးနောက် အိုးနှင့်ဖုံးခြင်း၊ ခုတင်အောက်၌ထားခြင်းကို မည်သူမျှမပြုတတ်။ အလင်းကိုဝင်လာသူတို့မြင်နိုင်ရန် ခုံပေါ်တွင်သာတင်ထားတတ်၏။ 17 မထင်ရှားနိုင်အောင် ဝှက်ထားသောအရာပေါ်၍ မသိနိုင်အောင်ဖုံးထားသောအရာမရှိချေ။ 18 ထို့ကြောင့် မည်သို့ကြားနာသည်ကိုသတိပြုကြလော့။ ရရှိသောသူ့အားထပ်၍ပေးလိမ့်မည်။ မရမရှိသောသူမှမူကား ရှိသည်ဟူ၍ထင်သမျှကိုပင် နုတ်ယူလိမ့်မည်ဟုမိန့်တော်မူ၏။
19 ထိုနောက် မယ်တော်နှင့်ညီတော်တို့သည်ရောက်လာ၍ ပရိသတ်ထူထပ်သောကြောင့် အထံတော်သို့မချဉ်းမကပ်နိုင်ကြရာ၊ 20 မယ်​ေတာ်နှင့်ညီတော်တို့သည် ကိုယ်တော်ကိုတွေ့လို၍ ပြင်မှာရပ်နေပါသည်ဟု ကြားလျှောက်ကြသည့်ကာလ၊ 21 ကိုယ်တော်က ဘုရားသခင့်တရားတော်ကိုကြားလျက် လိုက်နာသောဤသူတို့ကား ငါ့အမိ၊ ငါ့ညီတို့တည်းဟု ပြန်၍မိန့်တော်မူ၏။
22 တစ်နေ့သ၌ ကိုယ်တော်သည် တပည့်တော်တို့နှင့်တကွ လှေပေါ်သို့တက်ပြီးလျှင် အိုင်တစ်ဘက်ကမ်းသို့ကူးသွားကြကုန်အံ့ဟု မိန့်တော်မူသည့်အတိုင်း ထွက်ခွာစီးသွားကြစဉ်၊ 23 စက်တော်ခေါ်တော်မူ၏။ ထိုအခါ အိုင်၌လေမုန်တိုင်းကျ၍ လှေတွင်ရေပြည့်သဖြင့် ဘေးတွေ့ကြရာ၊ 24 တပည့်တော်တို့ချဉ်းကပ်ပြီးလျှင် သခင်၊ သခင်၊ သေဆုံးရပါတော့မည်ဟုလျှောက်ဆိုလျက်နှိုးကြသော် ကိုယ်တော်သည်ထ၍ လေနှင့်လှိုင်းတံပိုးကိုဆုံးမတော်မူသဖြင့် ရပ်စဲငြိမ်ဝပ်ရလေ၏။ 25 ကိုယ်တော်ကလည်း သင်တို့ယုံကြည်ခြင်းသည် အဘယ်မှာနည်းဟုမေးတော်မူရာ ကြောက်ရွံ့အံ့သြ၍ ဤသူကားမည်သူနည်း။ လေနှင့်ရေပင်အမိန့်ရှိက နားထောင်ရပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။
26 ဂါလိလဲနယ်တစ်ဘက်ကမ်းရှိ ဂေရသေနနယ်သို့ ဆိုက်ရောက်ကြပြီးလျှင်၊ 27 ကုန်းပေါ်သို့တက်ကြွတော်မူခိုက် နတ်အများပူး၍ ကာလရှည်စွာအဝတ်မကပ်ဘဲ အိမ်တွင်မနေ၊ သင်္ချၖိုင်းဂူများတွင်သာနေထိုင်သော ထိုမြို့သားတစ်ယောက် ဆီးကြိုလေ၏။ 28-29 ထိုသူကား ကြိမ်​ဖန်များစွာနတ်ဖမ်းစားသဖြင့် သံကြိုးများ၊ ခြေချင်းများနှင့်တုတ်နှောင် စောင့်ကြပ်ကြသော်လည်း အတုပ်အနှောင်ကိုချိုးဖြတ်၍ နတ်လွှင့်ရာတောသို့သွားရသတည်း။ သူသည်ယေရှုကိုမြင်သော် အော်ဟစ်ပျပ်ဝပ်လျက် နတ်ဆိုးထွက်ခွာစေရန်မိန့်မှာတော် မူသောကိုယ်တော်အား မြင့်မြတ်သောဘုရားသခင့်သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကိုမညှဥ်းပန်းစေရန် တောင်းပန်ပါသည်ဟု ကျယ်စွာလျှောက်ထားလျှင်၊ 30 ယေရှုက သင့်အမည်ကားမည်သို့နည်း ဟုမေးတော်မူသော် နတ်အများဝင်နေသောကြောင့် သောင်းတပ်ဟုလျှောက်ဆိုပြီးနောက်၊ ထိုနတ်ဆိုးတို့သည်၊ 31 ငရဲထဲသို့နှင်တော်မမူစေရန် တောင်းပန်ကြ၏။ 32 ထိုအခါတောင်စောင်းမှာ ဝက်အုပ်ကြီးကျက်စားလျက်ရှိသဖြင့် ဝက်အုပ်ထဲသို့ဝင်ခွင့်တောင်းကြသည့်အတိုင်း ခွင့်ပြုတော်မူ၏။ 33 နတ်များသည် ထိုသူမှထွက်ခွာပြီးလျှင် ဝက်အုပ်ထဲသို့ဝင်ကြသဖြင့် ထိုဝက်အုပ်သည်ကမ်း​ေစာက်ကို တစ်ဟုန်တည်းပြေးဆင်း၍ အိုင်တွင်နစ်မွန်းသေဆုံးကြ၏။ 34 ထိုသို့ ဖြစ်ပျက်သည်ကို ဝက်ကျောင်းတို့မြင်ကြသော် ထွက်ပြေး၍မြို့ရွာများ၌ သတင်းကြားပြောကြသည့်ကာလ၊ 35 ထိုအဖြစ်အပျက်များကို သိမြင်ရန်ထွက်လာသူတို့သည် ယေရှုထံတော်သို့ရောက်ရာ နတ်များထွက်ခွာပြီးသူသည် အဝတ်ဝတ်ဆင်လျက်၊ စိတ်ကောင်းပြန်လျက်၊ ယေရှုခြေတော်ရင်းတွင် ထိုင်နေသည်ကိုတွေ့မြင်သော် ကြောက်ရွံ့ကြ၏။ 36 နတ်ပူးသူသည် မည်သို့ကျန်းမာကြောင်းကို ဒိဋ္ဌမြင်ခဲ့သူတို့ကြားပြောကြရာ၊ 37 ပတ်ဝန်းကျင်ရှိ ဂေရသေနနယ်သူနယ်သားအပေါင်းတို့သည် အလွန်ကြောက်ရွံ့၍ ထွက်ကြွတော်မူစေရန် တောင်းပန်ကြသည့်အလျောက် လှေပေါ်သို့တက်လျက် ပြန်ကြွမည်ပြုတော်မူစဉ်၊ 38 နတ်များထွက်ခွာပြီးသူသည် အပါးတော်တွင်နေရပါမည့်အကြောင်းတောင်းလျှောက်သော်၊ 39 ကိုယ်တော်က အိမ်သို့ပြန်လျက် ဘုရားသခင်သည်မည်မျှကျေးဇူးပြုတော်မူကြောင်းဖော်ပြလော့ဟု မိန့်မှာ၍ လွှတ်လိုက်တော်မူသည့်အတိုင်း ထိုသူသွား၍ မည်မျှကျေးဇူးကို ယေရှုပြုတော်မူကြောင်း မြို့လုံးနှံ့ကြော်ငြာလေ၏။
40 ယေရှုပြန်ရောက်တော်မူသော် လူပရိသတ်ရှိသမျှသည် ကိုယ်တော်ကိုစောင့်ေမျှာ်ကြသည့် အလျောက် လက်ခံကြစဉ်၊ 41-42 ယာဣရုအမည်ရှိသော ဓမ္မာရုံအုပ်တစ်ဦးသည်လာ၍ ယေရှုခြေတော်ရင်းတွင်ပျပ်ဝပ်လျက် အသက်တစ်ဆယ့်နှစ်နှစ်ရှိသော ဧကဓီတ သမီးသေအံ့ဆဲရှိနေသောကြောင့် အိမ်သို့ကြွတော်မူရန် တောင်းလျှောက်သဖြင့် လူပရိသတ်တိုးဝှေ့လျက် လိုက်ကြွတော်မူ၏။
43 ထိုအခါ တစ်ဆယ့်နှစ်နှစ်တိုင် သွေးသွန်နာစွဲလျက် မည်သူမျှကုသ၍မရသောမိန်းမတစ်ယောက်သည်၊ 44 နောက်ကလာ၍ အဝတ်တော်ပန်းပွားကိုတို့လျှင်တို့ခြင်း သွေးသွန်နာရပ်လေ၏။ 45 ယေရှုကလည်း ငါ့ကိုတို့သောသူမည်သူနည်းဟုမေးတော်မူရာ ရှိသမျှတို့ငြင်းကြဆိုသည့်ကာလ ပေတရုက သခင်၊ လူပရိသတ်သည် ကိုယ်တော်ကိုတိုးဝှေ့ညှပ်မိလျက် ရှိပါသည်တကားဟု လျှောက်သော်လည်း ငါ့ကိုတစ်ယောက်ယောက်တို့ပြီ။ 46 တန်ခိုးတော်ထွက်ကြောင်း ငါသိသည်ဟု ယေရှုမိန့်တော်မူပြန်သော် ထိုမိန်းမသည်တုန်လှုပ်လျက်၊ 47 ပုန်းကွယ်၍မနေနိုင်ကြောင်းကိုသိသဖြင့် ချဉ်းကပ်ပျပ်ဝပ်ပြီးလျှင်၊ ကိုယ်တော်ကိုမည်သည့်အတွက်တို့ကြောင်း၊ တို့သည့်ခဏခြင်းတွင်ကျန်းမာရကြောင်းများကို အားလုံးရှေ့ကြားလျှောက်၏။ 48 ထိုအခါ ကိုယ်တော်က ငါ့သမီး၊ စိတ်ဧလျက်သွားတော့၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီဟု မိန့်တော်မူ၏။
49 ထိုသို့မိန့်တော်မူစဉ် ဓမ္မာရုံအုပ်အိမ်မှလူတစ်ယောက်လာ၍ အရှင့်သမီးသေဆုံးပြီ။ ဆရာကိုဆက်လက် ပင်ပန်းမရှာပါနှင့်တော့ ဟုပြောသောစကားကိုကြားတော်မူသော်၊ 50 ယေရှုကမကြောက်လင့်၊ ယုံကြည်ခြင်းသာရှိလော့၊ သူငယ်မကျန်းမာလိမ့်မည်ဟုမိန့်တော်မူပြီးလျှင်၊ 51 အိမ်သို့ကြွရောက်ရာ ပေတရု၊ ယောဟန်၊ ယာကုပ်တို့နှင့် သူငယ်မ၏မိဘတို့ပြင် မည်သူ့ကိုမျှ ဝင်လိုက်ခွင့်ပြုတော်မမူ။ 52 ရှိသမျှတို့ငိုကြွေးရင်တီးလျက်နေကြစဉ် မငိုကြွေးကြနှင့်၊ သူငယ်မသေသည်မဟုတ်။ အိပ်နေသည်ဟုမိန့်တော်မူလျှင်၊ 53 သူငယ်မသေကြောင်းကိုသိသည့်အလျောက် ကိုယ်တော်ကိုပြက်ရယ်ပြုကြ၏။ 54 ကိုယ်တော်မူကား သူငယ်မလက်ကိုကိုင်လျက် သူငယ်မထလော့ဟု ကျယ်စွာမိန့်တော်မူသဖြင့် အသက်ပြန်ဝင်၍၊ 55 သူငယ်မရှောင်တခင်ထလေ၏။ သူငယ်မအားစားဖွယ်ကြွေးရန် အမိန့်ရှိတော်မူပြီးနောက်၊ 56 ထိုအဖြစ်အပျက်ကို မည်သူ့အားမျှမကြားပြောကြစေရန် အံ့အားသင့်သောမိဘတို့ကို မိန့်မှာတော်မူ၏။