4
ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လျက် ယော်ဒန်မြစ်မှပြန်ကြွပြီးလျှင် တော၌ရက်ပေါင်းလေးဆယ်တိုင်တိုင် ဝိညာဉ်တော်ပို့ဆောင်ရာလိုက်လျက် မာရ်နတ်စုံစမ်းခြင်းကိုခံတော်မူ၏။ ထိုနေ့ရက်များအတွင်း မည်သည်ကိုမျှသုံးဆောင်တော်မမူသဖြင့် ကုန်လွန်သည့်ကာလ ဆာမွတ်တော်မူရာ၊ မာရ်နတ်က၊ ဘုရားသခင့်သားတော်မှန်လျှင် ဤကျောက်ခဲကိုမုန့်ဖြစ်စေရန် အမိန့်ရှိတော်မူ ပါဟုလျှောက်သော်၊ ယေရှုက၊ လူသည်မုန့်ဖြင့်သာအသက်မွေးရမည်မဟုတ်ဟူသော ကျမ်းချက်ရှိသည်ဟု ပြန်၍မိန့် တော်မူ၏။ ထိုအခါ ကိုယ်တော်ကိုချီဆောင်၍၊ လောကနိုင်ငံရှိသမျှကို တစ်ခဏခြင်းတွင် ပြပြီးသော်၊ ထိုအခွင့်အာဏာခပ်သိမ်းကို ဘုန်းစည်းစိမ်ပါငါပေးမည်။ ငါသည်လွှဲအပ်ခံ၍ အလိုအတိုင်း ပေးနိုင်သည်နှင့်အညီ၊ ကိုယ်တော်သည် ငါ့ရှေ့ရှိခိုးလျှင် အလုံးစုံကိုအပိုင်ရမည်ဟု လျှောက်သော်၊ ယေရှုက၊ သင်၏ဘုရားသခင်ထာဝရဘုရားကိုသာ ရှိခိုးဝတ်ပြုရမည်ဟူသောကျမ်းချက်ရှိသည်ဟု ပြန်၍မိန့်တော်မူ၏။ 9-11 ထိုနောက် ကိုယ်တော်ကို ယေရုရှလင်မြို့သို့ပို့ဆောင်၍ ဗိမာန်တော်အထွဋ်တွင်ထားပြီးသော် ကိုယ်တော်ကိုစောင့်ထိန်းကြစေရန် စေတမန်တော်တို့အား မှာထားတော်မူမည်ဟူ၍လည်းကောင်း၊ ကျောက်ခဲနှင့်ခြေကို မခိုက်မိစေရန်ချီပင့်ရကြလိမ့်မည်ဟူ၍လည်းကောင်း ကျမ်းဆိုရှိသဖြင့် ဘုရားသခင့်သားတော်မှန်လျှင် ကိုယ်ကိုဤမှချလိုက်တော်မူပါဟုလျှောက်ရာ၊ 12 ယေရှုက၊ သင်၏ဘုရားသခင်ထာဝရဘုရားကိုအစုံအစမ်းမပြုရ၊ ကျမ်းဆိုရှိသည်ဟု ပြန်၍မိန့်တော်မူ၏။ 13 မာရ်နတ်လည်းစုံစမ်းခြင်းကို အပြီးသတ်၍ ကာလအတန်ကြာခွာသွားလေ၏။
14 ယေရှုသည် ဝိညာဉ်တော်၏တန်ခိုးတော်နှင့်၊ ဂါလိလဲနယ်သို့ပြန်ကြွ၍ ပတ်ဝန်းကျင်အရပ်ရပ်၌ ကိုယ်တော့်အကြောင်း သတင်းကြေငြာလျက်၊ 15 ဓမ္မာရုံများတွင်ဒေသနာပေးတော်မူရာ ရှိသမျှတို့က ဘုန်းတော်ကိုချီးမြှောက်ကြ၏။
16 ကြီးပွားတော်မူရာနာဇရက်မြို့သို့ရောက်သော် အလေ့တော်အတိုင်းဓမ္မာရုံအတွင်း ဥပုသ်နေ့၌ကြွဝင်၍ ဖတ်ရွတ်ရန်ထတော်မူသည့်ကာလ၊ 17 ပေးကမ်းကြသောပရောဖက်ဟေရှာယကျမ်းစာကို ဖွင့်တော်မူရာ၊ 18-19 သူဆင်းရဲတို့အား ဝမ်းမြောက်ဖွယ်သတင်းကို ကြော်ငြာစေခြင်းငှါလည်းကောင်း၊ အကျဥ်းသားတို့ ပွင့်လွတ်ခွင့်၊ မျက်မမြင်တို့အား မြင်ရခွင့်ကိုကြားပြောစေခြင်းငှါလည်းကောင်း၊ နှိပ်စက်ခံရသူတို့ကို အလွတ်ထားစေခြင်းငှါလည်းကောင်း၊ ထာဝရဘုရားလက်ခံတော်မူဖွယ်နှစ်ကာလကိုကြားပြောစေခြင်းငှါလည်းကောင်း ငါ့ကိုဘိသိက်သွန်း၍ စေလွှတ်တော်မူသည်နှင့်အညီ ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တွင်တည်နေလျက် ရှိသည်ဟူသောအချက်ကို တွေ့တော်မူ၏။ 20 ကျမ်းစာကိုပိတ်၍ အမှုဆောင်အားပေးလိုက်ပြီးနောက် ထိုင်တော်မူရာ ဓမ္မာရုံတွင်ရှိသမျှ သောသူတို့စိုက်ကြည့်ကြစဉ်၊ 21 ကိုယ်တော်က၊ ထိုကျမ်းချက်သည် ယနေ့သင်တို့ရှေ့မှောက်တွင်ပင် ပြည့်စုံလေပြီဟု မိန့်တော်မူ၏။ 22 ရှိသမျှသောသူတို့သည် ကိုယ်တော့်အကြောင်းကိုသက်သေခံ၍ ကျေးဇူးနှင့်ပြည့်စုံသော နှုတ်တော်ထွက်စကားများကိုအံ့သြလျက် ဤသူကား ယောသပ်၏သားမဟုတ်လောဟုဆိုကြရာ၊ 23 ကိုယ်တော်က၊ သင်တို့သည် ငါ့အား အချင်းဆေးသမား၊ ကိုယ်ကိုကျန်းမာစေလော့ဟူသောဆိုရိုးအလိုက်၊ ကပေရနောင်မြို့တွင်ပြုခဲ့ကြောင်း ငါတို့ကြားရသမျှကို နေရင်းမြို့၌လည်းပြုဦးလော့၊ ဆိုကောင်းဆိုကြလိမ့်မည်ဟု မိန့်တော်မူပြီးနောက်၊ 24 မည်သည့်ပရောဖက်မျှ နေရင်းမြို့တွင်မျက်နှာမရတတ် ငါအမှန်ဆို၏။ 25 ဧလိယလက်ထက် ကောင်းကင်ကိုသုံးနှစ်နှင့်ခြောက်လပိတ်ထား၍ ပြည်လုံးနှံ့အစာခေါင်း ပါးခြင်းဘေးရောက်လာသော် ဣသရေလလူမျိုးတွင် မုဆိုးမအများရှိသော်လည်း၊ 26 မည်သူ့ထံမျှ ဧလိယကိုစေလွှတ်တော်မူသည်မဟုတ်။ ဇိဒုန်ပြည်ဇရတ္ထမြို့ရှိ မုဆိုးမထံသာ စေလွှတ်တော်မူ၏။ 27 ၎င်းပြင်၊ ပရောဖက်ဧလိရှဲလက်ထက် ဣသရေလလူမျိုးတော်တွင် လူနူအများရှိသော်လည်း မည်သူမျှသန့်ခွင့်မရ။ ရှုရိလူမျိုးနေမန်သာရ၏။ ငါအမှန်ဆိုသည်ဟု မိန့်တော်မူသော်၊ 28 ဓမ္မာရုံ၌ရှိသမျှသောသူတို့ကြားသဖြင့် အမျက်ထွက်၍၊ 29 ထပြီးလျှင် မြို့တည်ရာကုန်းထိပ်စွန်းမှပစ်ချရန် ကိုယ်တော်ကိုမြို့ပြင်သို့ဆွဲထုတ်ကြ၏။ 30 ကိုယ်တော်မူကား သူတို့အလယ်မှေလျှာက်ကြွတော်မူ၏။
31 ဂါလိလဲနယ် ကပေရနောင်မြို့သို့ရောက်၍ ဥပုသ်နေ့တွင်ဒေသနာပေးတော်မူစဉ်၊ 32 အာဏာဒေသနာပေးသောကြောင့် အံ့သြကြ၏။ 33 ဓမ္မာရုံတွင်ရှိသော နတ်ဆိုးပူးသူတစ်ယောက်က၊ 34 ဪ နာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်မည်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးရန်ကြွလာတော်မူပြီလော။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူ ဖြစ်ကြောင်းကို အကျွန်ုပ်သိပါသည်ဟု အသံကျယ်စွာဟစ်သော်၊ 35 ယေရှုက၊ တိတ်လော့။ ထိုသူမှထွက်လော့ဟု ဆုံးမတော်မူသဖြင့် နတ်သည်ထိုသူ့ကိုအလယ် တွင်လှဲချပြီးလျှင်၊ 36 အန္တရာယ်မပြုဘဲထွက်ခွာ၏။ ရှိသမျှတို့လည်း အံ့သြ၍ ဤဒေသနာမှာမည်သို့နည်း။ နတ်ဆိုးများပင် အာဏာတန်ခိုးနှင့်အမိန့်ရှိက ထွက်ခွာရကြပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။ 37 ကိုယ်တော့်အကြောင်းသတင်းသည် ပတ်ဝန်းကျင်အရပ်ရပ်၌ ကြေငြာ၏။
38 ထိုဓမ္မာရုံမှထသွား၍ ရှိမုန့်အိမ်သို့ကြွဝင်တော်မူသော် ရှိမုန်၏ယောက္ခမမိန်းမသူသည်၊ အပြင်းအထန်အဖျားရောဂါစွဲကပ်ရှိနေကြောင်း လျှောက်တောင်းကြသည့်အတိုင်း၊ 39 အပါးတွင်ရပ်လျက် ရောဂါကိုဆုံးမတော်မူသဖြင့် ထိုမိန်းမသည်ရုတ်ခြင်းအဖျားပျောက်၍ ထပြီးလျှင် လုပ်ကျွေးသမှုပြုလေ၏။
40 နေဝင်ချိန်ရောက်သော်၊ တစ်စုံတစ်ရာရောဂါစွဲကပ်သောသူနာရှင်အပေါင်းတို့သည် အထံတော်သို့ဆောင်ခဲ့ကြရာ သူနာတိုင်းပေါ်တွင်လက်တော်တင်၍ ကျန်းမာစေတော်မူ၏။ 41 နတ်အများတို့လည်း ကိုယ်တော်သည် ဘုရားသခင့်သားတော်တည်းဟုဟစ်လျက် ပူးကပ်သူတို့အထဲမှ ထွက်ခွာကြရာ ခရစ်တော်ဖြစ်ကြောင်းသိကြသဖြင့် ပြောဆိုခွင့်မပြုဘဲ ဆုံးမတော်မူ၏။
42 မိုးလင်းသော် ကိုယ်တော်သည် တောအရပ်သို့ထွက်ကြွတော်မူသည်နှင့် လူအမြောက်အမြားတို့လိုက်ရှာရောက်လာ၍ ကြွသွားတော်မူစေရန် မြစ်တားလိုကြရာ၊ 43 ကိုယ်တော်က၊ ဘုရားသခင့်နိုင်ငံတော်ဆိုင်ရာသတင်းတော်မြတ်ကို အခြားသောမြို့ရွာများတွင်လည်း ငါကြားပြောရမည်။ ထိုအကြောင်းနှင့်ငါ့ကိုစေလွှတ်တော်မူလိုက်သည်ဟု မိန့်တော်မူပြီးနောက် 44 ယုဒပြည်ရှိဓမ္မာရုံများတွင် ဟောပြောလျက်နေတော်မူ၏။