3
ကဲသာတိဗေရိဘုရင်မင်း နန်းစံတစ်ဆယ့်ငါးနှစ်တွင် ယုဒနယ်၌ပုန္တိပိလတ်၊ ဂါလိလဲနယ်၌ဟေရုဒ်၊ ဣတုရဲနယ်၊ တရာခေါနိတ်နယ်များ၌ ဟေရုဒ်ညီဖိလိပ္ပု၊ အဘိလင်နယ်၌လုသာနိတို့သည် ဘုရင်ခံမင်းဖြစ်ကြစဉ်၊ အန္နတ်နှင့်ကာယဖတို့သည် ပရောဟိတ်မင်းဖြစ်ကြသည့်ကာလ ဇာခရိသားယောဟန်သို့ တောတွင်ဘုရားသခင်၏ဗျာဒိတ်တော်ရောက်လာသည့်အတိုင်း၊ ယောဟန်သည်ယော်ဒန်မြစ်ကမ်းပြင်တစ်ေလျှာက် လှည့်လည်၍ အပြစ်ပြေလွတ်ခြင်းအလို့ငှါ နောင်တရခြင်းဆိုင်ရာ ဗတ္တိဇံတရားကိုဟောပြောလေ၏။ 4-6 ဟောပြောခြင်းကား သဲတော၌ကြွေးကြော်သူ၏စကားသံမှာ ထာဝရဘုရားကြွတော်မူရာ လမ်းကိုပြုပြင်ကြလော့။ လမ်းတော်များကိုညီညွတ်စေကြလော့။ ချိုင့်ရှိသမျှသည် ဖို့ခြင်း၊ တောင်ကုန်းရှိသမျှသည် ဖြိုခြင်း၊ ကောက်ရာသည် ဖြောင့်ခြင်း၊ ကြမ်းရာသည် ချောခြင်းများကိုခံရသဖြင့် ဘုရားသခင်၏ကယ်တင်မှုကို လူအပေါင်းတို့ဖူးမြင်ရကြလတ္တံ့ဟူ၍ ပရောဖက်ဟေရှာယ ကျမ်းတွင်ပါရှိသည်နှင့်အညီဖြစ်သတည်း။ ထိုကြောင့် ဗတ္တိဇံမင်္ဂလာခံရန်ထွက်လာသောလူအမြောက်အများတို့အား ယောဟန်က၊ အချင်းမြွေဆိုးသားတို့၊ ရောက်လတ္တံ့သောအမျက်တော်ဒဏ်မှရှောင်ပြေးကြရန် မည်သူသတိပေးခဲ့သနည်း။ နောင်တရခြင်းနှင့်ထိုက်လျော်သောအသီးကိုသီးကြလော့။ ငါတို့၌အဘအာဗြဟံရှိပြီဟု မအောက်မေ့ကြနှင့်။ ဤကျောက်ခဲများဖြင့် အာဗြဟံအဖို့သားသမီးတို့ကို ဘုရားသခင်ဖန်ဆင်းတော်မူနိုင်သည်ငါဆို၏။ သစ်ပင်ရင်းများမှာ ပုဆိန် ယခုကပ်ထားလျက်ရှိသဖြင့် အသီးကောင်းမသီးသောအပင်တိုင်းကို ခုတ်လှဲ၍မီးထဲသို့ပစ်ချရသည်ဟုဟောပြောရာ၊ 10 လူပရိသတ်က သို့ဖြစ်လျှင် ကျွန်တော်တို့မည်သို့ပြုလုပ်ရပါမည်နည်းဟုမေးကြလျှင်၊ 11 အင်္ကျီနှစ်ထည်ရှိသူသည် မရှိသူ့အား ဝေမျှစေ။ စားဖွယ်သောက်ရာရှိသူလည်း ထိုနည်းတူပြုစေ ဟုပြန်ဆို၏။ 12 အခွန်ကောက်တို့လည်း ဗိတ္တိဇံမင်္ဂလာခံရန်လာ၍ ဆရာ၊ ကျွန်တော်တို့မည်သို့ပြုလုပ်ရပါ မည်နည်းဟုမေးကြလျှင်၊ 13 ပြဌာန်းသည်ထက်တိုး၍မကောက်ခံကြနှင့်ဟု ပြန်ဆို၏။ 14 ကျွန်တော်တို့လည်း မည်သို့ပြုလုပ်ရပါမည်နည်းဟု စစ်သည်တို့မေးကြလျှင် မည်သူ့ကိုမျှ နိုင်ထက်စီးနင်းပြု၍ မလျှပ်ဖြတ်ကြနှင့်။ ကိုယ့်ရိက္ခာနှင့်ရောင့်ရဲကြလော့ဟု ပြန်ဆို၏။
15 လူပရိသတ်စောင့်ေမျှာ်လျက်၊ ခရစ်တော်ဟုတ်သလောဟု ယောဟန်နှင့်စပ်လျဉ်း၍၊ ရှိသမျှတို့ တွေးဆဆင်ခြင်ကြရာ၊ 16 ယောဟန်က၊ ငါသည်သင်တို့ကိုရေနှင့်ဗတ္တိဇံမင်္ဂလာပေးသည်မှန်၏။ ငါ့ထက်တန်ခိုးကြီး၍ ဖိနပ်တော်ကြိုးကိုမျှ ငါမဖြည်ထိုက်သောအရှင်သည် ကြွလာပြီးလျှင် သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း၊ မီးနှင့်လည်းကောင်း ဗတ္တိဇံမင်္ဂလာပေးတော်မူလိမ့်မည်။ 17 ကောက်နယ်တလင်းတော်ကို သန့်စင်စေခြင်း၊ အဖျင်းကိုမငြိမ်းနိုင်သောမီးနှင့်ကျွမ်းလောင်စေလျက် စပါးတော်ကိုကျီသွင်းခြင်းပြုရန် လက်တော်တွင်ဆန်ကောပါသည်ဟု ပြန်ဆိုသည့်ပြင်၊ 18 အခြားသောနှိုးဆော်ချက်များနှင့်တကွ လူပရိသတ်အား၊ သတင်းတော်မြတ်ကိုဟောပြောလေ၏။ 19 သို့ရာတွင်ဘုရင်ခံမင်းဟေရုဒ်သည် မရီးတော်ဟေရောဒိအတွက်နှင့် ကိုယ်တိုင်ပြုဘူးသမျှသော ဆိုးသွမ်းမှုများအတွက် ယောဟန်၏ဆုံးမပြစ်တင်ခြင်းကိုခံရသောကြောင့် ထိုပြစ်မှုခပ်သိမ်းအပေါ်တွင် ထပ်ဆင့်လျက်၊ 20 ယောဟန်ကိုထောင်ချလေ၏။
21 လူပရိသတ်လုံးဗတ္တိဇံမင်္ဂလာခံပြီးနောက် ယေရှုသည် ဗတ္တိဇံမင်္ဂလာခံ၍ ပဌနာပြုတော်မူစဉ်၊ 22 ကောင်းကင်ပွင့်လျက် သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်အဆင်းသဏ္ဌာန်နှင့် ကိုယ် တော့်အပေါ်သို့ဆင်းသက်သော် သင်ကား ငါနှစ်သက်မြတ်နိုးရာ ချစ်သားပေတည်းဟု ကောင်းကင်မှဗျာဒိတ်တော်သံရောက်လာ၏။
23 အမှုတော်ကိုဆောင်ရွက်စပြုသောယေရှုသည် အသက်တော်သုံးဆယ်ခန့်ရှိ၏။ ကိုယ်တော်သည် လူတို့အထင်အမြင်အတိုင်း ယောသပ်သားဖြစ်၏။ 24 ယောသပ်သည်ဧလိသား၊ ဧလိသည် မဿတ်သား၊ မဿတ်သည် လေဝိသား၊ လေဝိသည် မေလခိသား၊ မေလခိသည် ယန္နသား၊ ယန္နသည် ယောသပ်သား။ 25 ယောသပ်သည် မတ္တသိသား၊ မတ္တသိသည် အာမုတ်သား၊ အာမုတ်သည် နာဟုံ့သား၊ နာဟုံသည် ဧသလိသား၊ ဧသလိသည် နဂ္ဂဲသား၊ နဂ္ဂဲသည် မာအတ်သား၊ 26 မာအတ်သည် မတ္တသိသား၊ မတ္တသိသည် ရှေမိန့်သား၊ ရှေမိန်သည် ယောသက်သား၊ ယောသက်သည် ယောဒသား။ 27 ယောဒသည် ယောဟန္နသား၊ ယောဟန္နသည် ရေသသား၊ ရေသသည် ဇေရုဗဗေလသား၊ ဇေရုဗဗေလသည် ရှာလသေလသား၊ ရှာလသေလသည် နေရိသား။ 28 နေရိသည် မေလခိသား၊ မေလခိသည် အဒ္ဒိသား၊ အဒ္ဒိသည် ကောသံ့သား၊ ကောသံသည် ဧလမောဒံ့သား။ 29 ဧလမောဒံသည် ဧရသား၊ ဧရသည် ယေရှုသား၊ ယေရှုသည် ဧလျာဇာ့သား၊ ဧလျာဇာသည် ယောရိမ့်သား၊ ယောရိမ်သည် မဿတ်သား၊ မဿတ်သည် လေဝိသား။ 30 လေဝိသည် ရှုမောင့်သား၊ ရှုမောင်သည် ယုဒသား၊ ယုဒသည် ယောသပ်သား၊ ယောသပ်သည် ယောနံ့သား၊ ယောနံသည် ဧလျာကိမ့်သား။ 31 ဧလျာကိမ်သည် မေလေ့သား၊ မေလေသည် မဲနာ့သား၊ မဲနာသည် မတ္တသသား၊ မတ္တသသည် နာသန့်သား၊ နာသန်သည် ဒါဝိဒ်သား။ 32 ဒါဝိဒ်သည် ယေရှဲသား၊ ယေရှဲသည် သြဗက်သား၊ သြဗက်သည် ဗောဇသား၊ ဗောဇသည် စာလမုန့်သား၊ စာလမုန်သည် နာရှုန့်သား။ 33 နာရှုန်သည် အမိနဒပ်သား၊ အမိနဒပ်သည် အဒ်မိန့်သား၊ အဒ်မိန်သည် အရံနိသား၊ အရံနိသည် ဟေဇရုံ့သား၊ ဟေဇရုံသည် ဖာရက်သား၊ ဖာရက်သည် ယုဒသား။ 34 ယုဒသည် ယာကုပ်သား၊ ယာကုပ်သည် ဣဇာက်သား၊ ဣဇာက်သည် အာဗြဟံ့သား၊ အာဗြဟံသည် တေရသား၊ တေရသည်နာခေါ့်သား။ 35 နာခေါ်သည် စေရောက်သား၊ စေရောက်သည် ရာဂေါ့သား၊ ရာဂေါသည် ဖာလက်သား၊ ဖာလက်သည် ဟေဗာ့သား၊ ဟေဗာသည် ရှာလသား။ 36 ရှာလသည် ကာဣနန့်သား၊ ကာဣနန်သည် အာဖာဇဒ်သား၊ အာဖာဇဒ်သည် ရှေမသား၊ ရှေမသည် နောဧသား။ 37 နောဧသည် လာမက်သား၊ လာမက်သည် မသုရှလသား၊ မသုရှလသည် ဧနောက်သား၊ ဧနောက်သည် ယာရက်သား၊ ယာရက်သည် မဟာလေလသား၊ မဟာလေလသည် ကာဣနန့်သား။ 38 ကာဣနန်သည် ဧနုတ်သား၊ ဧနုတ်သည် ရှေသသား၊ ရှေသသည် အာဒံ့သား၊ အာဒံသည် ဘုရားသခင့်သားဖြစ်သတည်း။