24
ပညတ်တော်အတိုင်း ဥပုသ်နေ့တွင်နားနေပြီးမှ ခုနစ်ရက်တွင်ပဌမနေ့မိုးမသောက်မီ ကိုယ်ပြင်ဆင်သောနံ့သာများကိုယူလျက် သင်္ချၖိုင်းဂူတော်သို့လာရောက်ကြရာ၊ 2-3 ဂူဝကကျောက်လုံးကို လှိမ့်ဖယ်ပြီးတွေ့၍ဝင်သော် အရှင်ယေရှု၏အလောင်းတော်ကို မတွေ့မမြင်ကြ။ ထိုအခြင်းအရာကြောင့်စိတ်ရှုပ်ထွေးလျက်ရှိနေကြစဉ် တောက်ပသောဖွဲ့ဖြူဆင်ယင်သူနှစ်ပါးတို့သည် ထင်ရှားပြီးလျှင်၊ ကြောက်ရွံ့၍ပျပ်ဝပ်သောထိုမိန်းမတို့အား သူရှင်ကိုသူသေတို့ဘောင်တွင် အဘယ့်ကြောင့်ရှာကြသနည်း။ 6-7 ကိုယ်တော်သည် ဤတွင်မရှိ။ ရှင်ပြန်ထမြောက်တော်မူပြီ။ ဂါလိလဲနယ်၌ရှိနေတော်မူသေးစဉ် လူ့သားသည် အပြစ်သားတို့လက်သို့ပို့အပ်ခံရ၍ ကားတင်ခံရလိမ့်မည်။ သုံးရက်လည်သောနေ့တွင် ရှင်ပြန်ထမြောက်ရလိမ့်မည်ဟူသော မိန့်တော်မူချက်ကို သတိရကြလော့ဟုဆိုကြသည့်အတိုင်း၊ ထိုမိန့်တော်မူချက်ကိုသတိရ၍ သင်္ချၖိုင်းဂူတော်မှပြန်သွားလျှင်၊ အရာခပ်သိမ်းကို တစ်ဆယ့်တစ်ပါးတို့မှစသောတပည့်တော်အပေါင်းတို့အား ပြန်ကြားကြ၏။ 10 တမန်တော်တို့အားပြန်ကြားသူတို့မှာ မာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်အမိမာရိပြင် လိုက်သွားသူတပည့်တော်မတို့တည်း။ 11 တမန်တော်တို့မူကား စကားဖျင်းကဲ့သို့ထင်မှတ်၍ မယုံဘဲနေကြရာတွင်၊ 12 ပေတရုထလျက် သင်္ချၖိုင်းဂူတော်သို့ပြေးသွားငုံ့ကြည့်ရာ ပိတ်ထည်ကိုသာမြင်သဖြင့် အဖြစ်အပျက်ကို အံ့သြလျက် အိမ်သို့ပြန်လေ၏။
 
13 ထိုနေ့ချင်းတွင် ယေရုရှလင်မြို့နှင့်ခရီးသုံးတိုင်ခန့်ကွာသော ဧမောက်ခေါ်ရွာသို့တပည့်တော်နှစ်ယောက်သွားကြရာ၊ 14 ထိုဖြစ်ပျက်သမျှအကြောင်း အချင်းချင်းဆွေးနွေးကြ၏။ 15 ထိုသို့ဆွေးနွေးပြောဆိုကြစဉ် ယေရှုကိုယ်တော်တိုင်ချဉ်းကပ်၍ လိုက်ကြွတော်မူရာ၊ 16 မျက်စိချုပ်ထားသဖြင့် ကိုယ်တော်မှန်းမသိကြချေ။ 17 ကိုယ်တော်က ခရီးသွားစဉ် အချင်းချင်းတုံ့ပြန်သောစကားများမှာ အသို့နည်းဟုမေးတော်မူသော် မျက်နှာညှိုးလျက်ရပ်တန့်ပြီးနောက်၊ 18 ကလောဖအမည်ရှိသူက သင်သည်ယေရုရှလင်မြို့တွင် တစ်ကိုယ်တည်းအာဂန္တုဖြစ်လျက်ပင် ယခုနေ့ရက်ကာလ ထိုမြို့တွင်အဖြစ်အပျက်များကိုမကြားမသိလောဟု ပြန်ဆိုလျှင်၊ 19 မည်သည့်အဖြစ်အပျက်နည်းဟုမေးတော်မူပြန်သော် ဘုရားသခင့်ရှေ့၊ ပြည်သူပြည်သားတို့ရှေ့၊ လက်သတ္တိ နှုတ်သတ္တိနှင့်ပြည့်စုံသောပရောဖက်ဖြစ်သူ နာဇရက်မြို့သားယေရှုအကြောင်း၊ 20 ထိုသူ့ကိုသေဒဏ်ခံရန် အကျွန်ုပ်တို့၏ပရောဟိတ်ကြီးတို့နှင့်အရာရှိတို့ပို့အပ်ပြီးလျှင် ကားတင်ကြသည့်အကြောင်းများတည်း။ 21 ကျွန်ုပ်တို့မူကား ဣသရေလလူမျိုးကိုရွေးနုတ်အံ့သောအရှင်ဖြစ်သည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ထိုသို့ဖြစ်ပျက်သည်မှာ ယနေ့သုံးရက်လည်ပြီ။ 22-23 ကျွန်ုပ်တို့အပေါင်းပါ မိန်းမအချို့မှာမူ နံနက်စောစောသင်္ချၖိုင်းဂူသို့သွား၍ အလောင်းကိုမတွေ့သော် ကိုယ်တော်သည် ရှင်ပြန်ထမြောက်တော်မူပြီဟု ဆင့်ဆိုသောစေတမန်တော်တို့ထင်ရှားရာ ရူပါရုံကိုမြင်ခဲ့ကြောင်းပြန်လာကြားပြော၍၊ 24 အကျွန်ုပ်တို့ကိုအံ့သြစေကြသည်နှင့် အပေါင်းပါယောက်ျားအချို့တို့သည် သင်္ချၖိုင်းဂူသို့သွား၍ မိန်းမတို့ကြားပြောသည့်အတိုင်းတွေ့ပါ၏။ ထိုသူ့ကိုကားမမြင်ရကြဟု ဖြေဆိုကြ၏။ 25 ထိုကာလ ကိုယ်တော်က ပရောဖက်တို့ဆင့်ဆိုသမျှကို ယုံခဲသောအိုလူမိုက်တို့၊ 26 ခရစ်တော်သည် ထိုဒုက္ခများကိုခံမှ ဘုန်းတော်ဝင်စားထိုက်သည်မဟုတ်လောဟု မိန့်တော်မူပြီးလျှင်၊ 27 မောရှေကျမ်းနှင့်ပရောဖက်တို့ကျမ်းခပ်သိမ်းမှစ၍ ကိုယ်တော်နှင့်စပ်လျဉ်းသောအချက်ချက်ကို ဖွင့်ပြတော်မူ၏။ 28 သွားသည့်ရွာအနီးသို့ရောက်ကြ၍၊ 29 လွန်သွားမည်ပြုတော်မူရာ ထိုသူတို့က ကျွန်ုပ်တို့နှင့်တည်းခိုပါ။ ညနေအချိန်ရောက်လျက် နေ့ကုန်လုပြီဟု တိုက်တွန်းပင့်ခေါ်ကြသဖြင့် အတူတည်းခိုရန်ကြွဝင်တော်မူ၏။ 30 ထိုသူတို့နှင့်အတူစားပွဲထိုင်တော်မူစဉ် မုန့်ကိုယူ၍ကောင်းကြီးပေးပြီးလျှင် ဖဲ့လျက်ပေးတော်မူရာ၊ 31 စက္ခုပြေသဖြင့် ကိုယ်တော်မှန်းသိကြ၏။ 32 ကိုယ်တော်မူကား ကွယ်ကြွတော်မူ၏။ ထိုသူတို့က ကိုယ်တော်သည်လမ်းခရီးတွင်ကျမ်းချက်များကို ဖွင့်ပြလျက်မိန့်မြွက်တော်မူစဉ် ငါတို့နှလုံးယိုဖိတ်မတတ်ရှိနေသည်မဟုတ်လောဟု အချင်းချင်းပြောဆိုလျက်၊ 33-34 ထိုအချိန်နာရီတွင်ပင်ထ၍ ယေရုရှလင်မြို့သို့ပြန်ရောက်လျှင် တစ်ဆယ့်တစ်ပါးနှင့်အပေါင်းပါတို့ စည်းဝေးကြသည်ကိုတွေ့ရာ အရှင်ဘုရားသည် မုချရှင်ပြန်ထမြောက်တော်မူပြီ။ ရှိမုန်အားလည်းထင်ရှားတော်မူပြီဟု ထိုသူတို့ပြောဆိုကြသော်၊ 35 လမ်းခရီးတွင် အဖြစ်အပျက်များကိုလည်းေကာင်း၊ မုန့်ဖဲ့တော်မူရာတွင်ကိုယ်တော်မှန်းသိကြောင်းကိုလည်းေကာင်း ပြန်ကြားကြ၏။
36 ထိုသို့ပြောဆိုနေကြစဉ် ကိုယ်တော်သည်အလယ်မှာရပ်၍ သင်တို့၌ငြိမ်သက်ခြင်းတည်စေသတည်းဟု မိန့်တော်မူသောအခါ၊ 37 တစ္ဆေမြင်သည်ဟုထင်မှတ်၍ ထိတ်လန့်ကြောက်ရွံ့ကြရာ၊ 38 ကိုယ်တော်က အဘယ့်ကြောင့်ချောက်ခြားကြသနည်း။ အဘယ့်ကြောင့်စိတ်ကြံဆကြသနည်း။ 39 ငါမှန်ကြောင်း ငါ့လက်ခြေများကိုကြည့်ကြ။ ငါ့ကိုစမ်းသပ်၍ကြည့်ကြ။ ငါ၌သင်တို့ကြည့်မြင်ရသကဲ့သို့ တစ္ဆေ၌အသားအရိုးမရှိဟု မိန့်တော်မူလျက်၊ 40 လက်တော်ခြေတော်များကို ပြတော်မူ၏။ 41 သူတို့သည် ဝမ်းမြောက်ခြင်းကြောင့်မယုံဘဲ အံ့သြလျက်ရှိနေကြသေးသည့်ကာလ ကိုယ်တော်က ခဲဖွယ်တစ်စုံတစ်ရာရှိသလောဟုမေးတော်မူသော်၊ 42-43 ငါးကင်တစ်ပိုင်းကိုဆက်ကြရာ ခံယူပြီးလျှင် သူတို့ရှေ့သုံးဆောင်တော်မူ၏။
44 ထိုနောက်ကိုယ်တော်က သင်တို့နှင့်အတူရှိနေသေးစဉ် ငါမိန့်ဆိုခဲ့သည်မှာ မောရှေ၏ပညတ္တိကျမ်း၊ ပရောဖက်ကျမ်း၊ ဆာလံကျမ်းများတွင် ငါနှင့်စပ်လျဉ်းသောအချက်ချက်သည် ပြည့်စုံရမည်ဟူ၍တည်းဟု မိန့်ဆိုလျက်၊ 45 ထိုကျမ်းချက်များကိုနားလည်ကြစေရန် သူတို့ဉာဏ်ကိုဖွင့်တော်မူရာ ထိုအတိုင်းခရစ်တော်သည်ဒုက္ခခံ၍ 46 သူသေတို့အထဲမှ သုံးရက်လည်သောနေ့တွင် ရှင်ပြန်ထမြောက်တော်မူရမည့်အကြောင်း၊ 47 ယေရုရှလင်မြို့မှစသော လူအမျိုးမျိုးတို့အား အပြစ်ပြေလွှတ်ခြင်းအလို့ငှာ နောင်တရခြင်းတရားကို ကိုယ်တော်၏နာမနှင့်ဟောပြောရမည့်အကြောင်း ရေးထားလျက်ရှိသည်။ 48 ထိုအဖြစ်အပျက်များနှင့်စပ်လျဉ်းသော သက်သေခံများကားသင်တို့တည်း။ 49 ၎င်းပြင် ငါ့ခမည်းတော်ကတိထားတော်မူရာကို သင်တို့ထံငါစေလွှတ်လိုက်မည်ဖြစ်၍ အထက်မှတန်ခိုးနှင့် အခြုံမခံရမီဤမြို့တွင်နေကြလော့ဟု မိန့်တော်မူ၏။
50 ထိုနောက်ကိုယ်တော်သည် တပည့်တော်တို့ကို ဗေသနိရွာအနီးရောက်ခေါ်သွားပြီးလျှင် လက်စုံချီ၍ ကောင်းကြီးပေးတော်မူ၏။ 51 ထိုသို့ပေးတော်မူစဉ် သူတို့နှင့်ခွာ၍ ကောင်းကင်ဘုံသို့ချီဆောင်ခြင်းခံတော်မူ၏။ 52 တပည့်တော်တို့သည် ကိုယ်တော်ကိုရှိခိုးပြီးလျှင် အားရဝမ်းမြောက်စွာ ယေရုရှလင်မြို့သို့ပြန်သွား၍၊ 53 ဗိမာန်တော်တွင် ဘုရားသခင်၏ဂုဏ်တော်ကို အစဉ်မပြတ်ချီးမွမ်းလျက်ရှိနေကြ၏။