18
တပည့်တော်တို့သည် အခါခပ်သိမ်းစိတ်အားမလျော့ပဲ ပဋ္ဌနာပြုသင့်ကြောင်း ဥပမာဆောင်၍ မိန့်တော်မူသည်မှာ၊ မြို့တစ်မြို့တွင် ဘုရားသခင်ကိုမကြောက်၊ လူ့မျက်နှာကိုမထောက်သောတရားသူကြီးတစ်ဦးရှိရာ၊ ထိုမြို့နေမုဆိုးမတစ်ယောက်သည် အကြိမ်ကြိမ်လာ၍ ကျွန်မ၏တရားဘက်ပေါ်တွင် စီရင်ပါဟုလျှောက်ထားသော်၊ မစီရင်လိုဘဲ ကာလအတန်ရှိနေပြီးနောက် ငါသည်ဘုရားသခင်ကိုမကြောက်၊ လူ့မျက်နှာကိုမထောက် သော်လည်း ဤမုဆိုးမသည်ငါ့ကိုဒုက္ခရှာ၍၊ မပြတ်လာလျက် မနှောင့်ရှက်စေခြင်းငှာ သူ့အမှုကိုစီရင်မည်ပြဌာန်းသည်ဟု မိန့်တော်မူ၏။ ၎င်းပြင် အရှင်ဘုရားက၊ မဖြောင့်မတ်သောထိုတရားသူကြီး၏ပြဌာန်းချက်ကို နာယူကြလော့။ နှောင့်နှေးတော်မူသောကိုယ်တော့်ထံ နေ့ညဉ့်မပြတ်ဟစ်လျက်နေသော ရွေးကောက်တော်မူသူတို့ အမှုကိုဘုရားသခင်စီရင်တော်မူမည်မဟုတ်လော။ အလျင်အမြန်စီရင်တော်မူလိမ့်မည်ငါဆို၏။ သို့ရာတွင် လူ့သားကြွရောက်သည့်ကာလ ဤမြေကြီးပေါ်တွင် ယုံကြည်ခြင်းကိုတွေ့မြင်ရမည်လောဟု မိန့်တော်မူ၏။
ကိုယ်တိုင် ဖြောင့်မတ်သည်ဟုအားကိုး၍ သူတကာကိုမထီလေးစားပြုတတ်သောသူတို့အား ဥပမာဆောင်လျက်မိန့်တော်မူသည်မှာ၊ 10 လူနှစ်ဦးသည် ပဋ္ဌနာပြုရန်ဗိမာန်တော်သို့တက်ကြရာ တစ်ဦးဖာရိရှဲ၊ တစ်ဦးအခွန်ကောက်ဖြစ်၏။ 11 ဖာရိရှဲသည်ရပ်လျက် အိုဘုရားသခင်၊ ကျွန်ုပ်သည် သူတစ်ထူးတို့ကဲ့သို့ လုယက်သူ၊ မတရားသူ၊ သူ့သားအိမ်ရာကိုပြစ်မှားသူမဟုတ်ပါ။ ဤအခွန်ကောက်ကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ 12 ခုနစ်ရက်တွင် နှစ်ကြိမ်အစာရှောင်ခြင်း၊ ရသမျှအနက်ဆယ်ဖို့တစ်ဖို့လှူခြင်း ပြုတတ်ပါသည်ဟု အသီးအခြားပဋ္ဌနာပြု၏။ 13 အခွန်ကောက်မူကား အဝေးကရပ်လျက် ကောင်းကင်သို့မြော်၍မျှမကြည့်ဝံ့ဘဲ အိုဘုရားသခင်၊ အပြစ်သားဖြစ်သူအကျွန်ုပ်ကိုသနားတော်မူပါဟု ရင်တီးလျက်လျှောက်၏။ 14 ငါဆိုသည်ကား ထိုအခွန်ကောက်သည်အိမ်သို့ပြန်သော် ဖာရိရှဲထက်ဖြောင့်မတ်ရာရောက်လေပြီ။ အသို့ဆိုသော် ကိုယ်ကိုချီးမြှောက်သူတိုင်း နှိမ့်ချခံရလိမ့်မည်။ နှိမ့်ချသူမူကား ချီးမြှောက်ခံရလိမ့်မည်ဟု မိန့်တော်မူ၏။
15 ထိုနောက် တို့တော်မူစေခြင်းငှာ သူငယ်တို့ကို ကိုယ်တော့်ထံဆောင်ခဲ့ကြသော် တပည့်တော်တို့မြင်သော် ဆုံးမကြသည်နှင့်၊ 16 ယေရှုသည် သူငယ်တို့ကိုခေါ်၍ သူငယ်တို့ကို ငါ့ထံလာစေကြလော့။ မဆီးတားကြနှင့်။ ဘုရားသခင့်နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။ 17 မည်သူမဆို၊ ဘုရားသခင့်နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံယူလျှင်ဝင်ရမည်မဟုတ် ငါအမှန်ဆိုသည်ဟု မိန့်တော်မူ၏။
18 ထိုအခါ အရာရှိတစ်ဦးက၊ ကောင်းမွန်သောဆရာ၊ ထာဝရအသက်ကိုအပိုင်ရခြင်းငှာ မည်သို့ပြုရပါမည်နည်းဟု မေးသော်၊ 19 ယေရှုက ငါ့ကိုကောင်းမွန်သည်ဟု အဘယ့်ကြောင့်ဆိုသနည်း။ ဘုရားသခင်မှတစ်ပါးကောင်းမွန်သူမရှိ။ 20 သူ့သားအိမ်ရာကိုမပြစ်မှားနှင့်၊ သူ့အသက်ကိုမသတ်နှင့်၊ သူ့ဥစ္စာကိုမခိုးနှင့်၊ မုသာသက်သေမခံနှင့်၊ မိဘကိုရိုသေသမှုပြုလော့ဟူသော ပညတ်တော်များကို သင်သိပြီဟုမိန့်တော်မူသည့်ကာလ၊ 21 ထိုပညတ်တော်ရှိသမျှကို ငယ်စဉ်ကပင်စောင့်ရှောက်ပါပြီဟု လျှောက်ပြန်သော်၊ 22 ယေရှုကြားတော်မူ၍ စရိုက်တစ်ပါးလိုသေးသည်။ ပိုင်သမျှကိုရောင်းချပြီးလျှင် သူဆင်းရဲတို့အားဝေငှပေးကမ်းလော့။ သို့မှကောင်းကင်ဘုံတွင်ရရှိလိမ့်မည်။ ငါ့နောက်သို့လည်းလိုက်လာလော့ဟု မိန့်တော်မူ၏။ 23 ထိုစကားကိုကြားလျှင် များစွာကြွယ်ဝသူဖြစ်သောကြောင့် အလွန်နှလုံးမသာဖြစ်၏။ 24 ထိုသူ့ကိုရှုမြင်၍ ယေရှုက ဥစ္စာပစ္စည်းကြွယ်ဝသူတို့သည် ဘုရားသခင့်နိုင်ငံတော်သို့ဝင်ခဲလှစွတကား။ 25 သူ​ေဋ္ဌးသူကြွယ်သည် ဘုရားသခင့်နိုင်ငံတော်သို့ဝင်ရန်ထက် ကုလားအုပ်သည်အပ်နဖားကို လျှိုရန်လွယ်ကူသည်ဟု မိန့်တော်မူသော်၊ 26 ကြားသောသူတို့က သို့ဖြစ်လျှင် ကယ်တင်ခြင်းသို့မည်သူရောက်နိုင်အံ့နည်းဟု မေးလျှောက်ကြရာ၊ 27 လူမတတ်နိုင်သောအရာများကို ဘုရားသခင်တတ်နိုင်တော်မူသည်ဟု ဖြေဆိုတော်မူ၏။ 28 ထိုကာလ ပေတရုက၊ တပည့်တော်တို့သည် ပိုင်ဆိုင်ရာများကိုစွန့်ခဲ့ပြီးလျှင် နောက်တော်ကလိုက်ကြပါပြီဟုလျှောက်သော်၊ 29-30 ဘုရားသခင့်နိုင်ငံတော်အတွက်ကြောင့် အိမ်၊ မယား၊ ညီအစ်ကို၊ မိဘ၊ သားသမီးများကို စွန့်ခဲ့လျှင် ယခုကာလတွင် အဆများစွာကိုလည်းေကာင်း၊ နောင်ဘဝတွင်ထာဝရအသက်ကိုလည်းေကာင်း မရဘဲနေရသူမရှိ ငါအမှန်ဆိုသည်ဟု မိန့်တော်မူ၏။
31 ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးတို့ကို အထံတော်သို့ခေါ်၍ ယေရုရှလင်မြို့ရောက် ငါတို့သွားကြသည့်အလျောက် ပရောဖက်တို့ဖြင့်ရေးထားသမျှသည် လူသား၌ပြည့်စုံလိမ့်မည်။ 32 လူ့သားသည် လူမျိုးခြားတို့ထံပို့အပ်ခံ၍ သရော်ခြင်း၊ ဆဲရေးခြင်း၊ တံတွေးထွေးခြင်းများကိုခံရပြီးလျှင်၊ 33 ထိုသူတို့သည် ရိုက်နှက်၍ အသေသတ်ကြလိမ့်မည်။ သို့ရာတွင်သုံးရက်လည်သောနေ့၌ ရှင်ပြန်ထမြောက်လိမ့်မည်ဟု မိန့်တော်မူသော်လည်း၊ 34 မည်သည်ကိုမျှနားမလည်သည့်ပြင် ထိုသူတို့၌မိန့်တော်မူသည့်စကားဝှက်ထားလျက် နေသည့်အတိုင်း အဓိပ္ပါယ်မရကြချေ။
35 ယေရိခေါမြို့အနီး ရောက်တော်မူသော် လမ်းနံဘေးတွင်ထိုင်နေသော မျက်မမြင်သူတောင်းစားတစ်ယောက်သည်၊ 36 လူအမြောက်အမြားသီသွားကြသည်ကိုကြား၍ မည်သို့ဖြစ်ကြောင်း မေးမြန်းသော်၊ 37 နာဇရက်မြို့သားယေရှု လျှောက်ကြွသည်ကိုကြားပြောကြသဖြင့်၊ 38 ဒါဝိဒ်မင်းသားတော် ယေရှု၊ သနားတော်မူပါဟု အော်ဟစ်သည့်ကာလ၊ 39 ဆိတ်ဆိတ်နေစေရန် ရှေ့တော်ကသွားသူတို့ဆုံးမကြသော်လည်း ဒါဝိဒ်မင်းသားတော်၊ သနားတော်မူပါဟု တိုးတက်၍အော်ဟစ်၏။ 40 ထိုအခါယေရှုသည်ရပ်တန့်လျက် အထံတော်သို့ခေါ်ခဲ့စေရန် အမိန့်ရှိတော်မူသည့်အလျောက် ချဉ်းလာသော်၊ 41 ကိုယ်တော်ကမည်သို့ပြုစေလိုသနည်းဟု မေးတော်မူရာ အရှင်ဘုရား၊ စက္ခုအလင်းရလိုပါသည်ဟု ပြန်လျှောက်သည့်အတိုင်း လင်းစေ။ 42 သင်၏ ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီဟု မိန့်တော်မူသဖြင့် ချက်ခြင်းစက္ခုအလင်းရ၍၊ 43 ဘုရားသခင့်ဘုန်းတော်ကိုချီးမြှောက်လျက် နောက်တော်ကလိုက်လေ၏။ လူပရိသတ်မြင်သော် ဘုရားသခင်ကိုချီးမွမ်းထောမနာပြုကြကုန်၏။