15
အခွန်ကောက်နှင့်အပြစ်သားရှိသမျှသည် ကြားနာခြင်းငှာ ကိုယ်တော့်ထံချဉ်းကြရာ၊ ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့က ဤသူသည်အပြစ်သားတို့ကိုလက်ခံလျက် အတူစားသောက်ပါသည် တကားဟု ညည်းညူပြောဆိုကြသော်၊ ဥပမာ ဆောင်၍မိန့်တော်မူသည်မှာ၊ သင်တို့တွင် တစ်ယောက်ယောက်သည် သိုးတစ်ရာရှိ၍ တစ်ကောင်ပျောက်သွားလျှင် ကျန်ကိုးဆယ့်ကိုးကောင်ကိုတောတွင်ထားခဲ့ပြီးသော် ပျောက်သောသိုးကိုမတွေ့မချင်း မလိုက်ဘဲ မည်သူနေအံ့နည်း။ တွေ့သည့်ကာလ ဝမ်းမြောက်စွာထမ်းခဲ့၍၊ အိမ်သို့ရောက်သော် မိတ်ဆွေအိမ်နီးချင်းတို့ကိုခေါ်ပြီးလျှင် ကျွန်ုပ်နှင့်အတူဝမ်းမြောက်ကြပါ။ ပျောက်သောသိုးကိုတွေ့ပါပြီဟုဆိုလိမ့်မည်။ ထိုနည်းတူ နောင်တရရန်မလိုသော သူတော်ကောင်းကိုးဆယ်ကိုးယောက်အတွက်ထက် နောင်တရသူအပြစ်သားတစ်ယောက်အတွက် ကောင်းကင်ဘုံတွင် ဝမ်းမြောက်ခြင်းရှိလိမ့်မည် ငါဆို၏။
တစ်နည်း မိန်းမတစ်ယောက်သည် ငွေတစ်ဆယ်ရှိ၍တစ်ကျပ်ပျောက်လျှင် မီးထွန်းလျက်၊ အိမ်ကိုလှည်းကျင်းလျက် မတွေ့မချင်းကြိုးစား၍မရှာဘဲ မည်သူနေအံ့နည်း။ တွေ့သည့်ကာလ မိတ်ဆွေအိမ်နီးချင်းမိန်းမတို့ကိုခေါ်ပြီးလျှင် ကျွန်မနှင့်အတူဝမ်းမြောက်ကြပါ။ ပျောက်သောငွေကိုတွေ့ပါပြီဟု ဆိုလိမ့်မည်။ 10 ထိုနည်းတူ နောင်တရသောအပြစ်သားတစ်ယောက်အတွက် ဘုရားသခင်၏ စေတမန်တော်တို့ရှေ့ဝမ်းမြောက်ခြင်းရှိမည်ငါဆိုသည်ဟု မိန့်တော်မူ၏။
11 ထပ်မံမိန့်တော်မူသည်မှာ လူတစ်ဦး၌သားနှစ်ယောက်ရှိရာ သားငယ်က အဘ၊ 12 ဥစ္စာပစ္စည်းများအနက် ကျွန်တော်ရထိုက်သောအမွေစုကိုပေးပါဟု လျှောက်တောင်းသည့်အတိုင်း ပိုင်ဆိုင်သမျှကို အဘခွဲဝေလေ၏။ 13 ထိုနောက်ရက်များစွာမကြာမီသားငယ်သည် ဆိုင်သမျှကိုသိမ်းယူပြီးလျှင် ဝေးကွာရာပြည်သို့ထွက်သွား၍ ပျော်ပါးနေထိုင်လျက် ပစ္စည်းကိုဖြုန်းတီးသဖြင့်၊ 14 ကုန်ခန်းသည့်ကာလ ထိုပြည်တွင်အစာခေါင်းပါးခြင်းဘေးသင့်၍ ကိုယ်တည်းကျန်သည်နှင့်၊ 15 သွားရောက်ခိုကိုးရသောပြည်သားတစ်ဦးသည် လယ်တောသို့ဝက်ကျောင်းစေခိုင်းရာ၊ 16 ဝက်စာ တောပဲတောင့်များဖြင့်ဝမ်းဖြည့်လို၏။ မည်သူမျှလည်းမပေးချေ။ 17 သတိရသည့်ကာလ သူက ငါ့အဘထံဝစွာစားသောက်ရသော သူရင်းငှားများလှလေစွ။ ငါမူကား ဤတွင်မွတ်သိပ်လျက် ပျက်စီးရတော့မည်တကား။ 18 ငါထ၍ အဘထံသွားပြီးလျှင် အဘ၊ ကျွန်တော်သည်ကောင်းကင်ရှင်ကိုလည်းေကာင်း၊ အဘကိုလည်းေကာင်း၊ ပြစ်မှားမိပါပြီ။ 19 သားဟု အခေါ်ခံထိုက်တော့သည်မဟုတ်ပါ။ သူရင်းငှားတစ်ယောက်ကဲ့သို့ထားပါဟူ၍ လျှောက်မည်ဟုအကြံပြုသည့်အတိုင်း ထ၍အဘထံသွားသော်၊ 20 အဝေး၌ရှိသေးစဉ် အဘမြင်၍ ကရုဏာသက်သဖြင့် ပြေးကြိုလျက်လည်ကိုဖက်ပြီးလျှင် နမ်းရှုပ်လေ၏။ 21 ထိုအခါသားက အဘ၊ ကျွန်တော်သည် ကောင်းကင်ရှင်ကိုလည်းေကာင်း၊ အဘကိုလည်းေကာင်း၊ ပြစ်မှားမိပါပြီ။ သားဟု အခေါ်ခံထိုက်တော့သည်မဟုတ်ပါဟူ၍ လျှောက်သော်၊ 22 အဘက ကျွန်တို့အား အကောင်းဆုံးသောဝတ်လုံကို အမြန်ထုတ်ယူပေးကြလော့၊ လက်တွင် လက်စွပ်နှင့် ခြေတွင်ဖိနပ်ကိုဆင်ပေးကြလော့။ 23 ဆူဖြိုးသောနွားငယ်ကို ဆွဲယူစီရင်ကြလော့။ စားသောက်ပွဲလုပ်၍ ပျော်မွေ့ကြကုန်အံ့။ 24 ငါ့သားသည် သေရာမှရှင်ပြန်ပြီး။ ပျောက်ရာမှတွေ့ပြီဟုဆိုလျက်ပျော်မွေ့ကြ၏။ 25 သားကြီးမူကား လယ်မှပြန်လာ၍ အိမ်အနီးသို့ရောက်သော် တီးမှုတ်သံ၊ ကခုန်သံကိုကြားရသဖြင့်၊ 26 မည်သို့ဖြစ်ကြောင်း ငယ်သားတစ်ယောက်ကို ခေါ်ငင်မေးမြန်းရာ၊ 27 ထိုငယ်သားက သခင့်ညီရောက်လာပြီး။ ကျန်းမာစွာပြန်၍ရသောကြောင့် ဆူဖြိုးသောနွားငယ်ကို အဘစီရင်လေပြီဟု ဖြေဆို၏။ 28 သားကြီးသည် အမျက်ထွက်သဖြင့် မဝင်လိုဘဲရှိနေရာ ထွက်လာတိုက်တွန်းသောအဘအား၊ 29 ကျွန်တော်သည် အမိန့်တစ်ခွန်းကိုမှမဖီဆန်ဘဲ နှစ်လများစွာအဘဝတ်ကိုဆောင်ရွက်ပါလျက် အပေါင်းအဖော်တို့နှင့်ပျော်ပွဲလုပ်ရန် ဆိတ်ငယ်တစ်ကောင်ကိုမျှ ကျွန်တော်အားမပေးဘူးပါ။ 30 အဘဥစ္စာကို ပြည်တန်ဆာတို့နှင့်သုံးစားသူ ဤသားရောက်လာလျှင် ဆူဖြိုးသောနွားငယ်ကိုစီရင်ပါသည်တကားဟု ပြန်ဆိုရာ၊ 31 အဘကငါ့သား၊ သင်သည်ငါနှင့်အစဉ်ရှိ၍ ငါပိုင်သမျှကိုသင်ပိုင်ဖြစ်၏။ 32 သင့်ညီသည် သေရာမှရှင်ပြီ၊ ပျောက်ရာမှတွေ့ပြီဖြစ်သောကြောင့် ရွှင်လန်းစွာပျော်ပွဲလုပ်သင့်သည်ဟူ၍ဆိုသည်ဟုမိန့်တော်မူ၏။