14
1 ဥပုသ်နေ့တွင်သုံးဆောင်ရန် ဖာရိရှဲဂိုဏ်းလူကြီးတစ်ဦးအိမ်သို့ ကြွဝင်တော်မူသော် ကိုယ်တော်ကိုစောင့်ကြည့်လျက်နေကြစဉ်၊
2 ရှေ့တော်တွင် ဖျဉ်းနာစွဲသူတစ်ယောက်ရှိရာ၊
3 ကျမ်းတတ်နှင့်ဖာရိရှဲတို့အား ကိုယ်တော်က ဥပုသ်နေ့တွင် လူနာကိုကျန်းမာစေအပ်သလော၊ မအပ်သလောဟု မေးတော်မူသော် ဆိတ်ဆိတ်နေကြ၏။
4 ထိုကာလ လူနာကိုခေါ်၍ ကျန်းမာစေလျက်လွှတ်လိုက်တော်မူပြီးနောက် ထိုသူတို့အားကိုယ်တော်က၊
5-6 သင်တို့တွင်ဥပုသ်နေ့၌ ရေတွင်းထဲသို့ သားဖြစ်စေ၊ နွားဖြစ်စေကျသွားလျှင် ချက်ခြင်းမဆွဲမတင်ဘဲနေမည့်သူ ရှိသလောဟုမေးတော်မူသော် သူတို့မဖြေမဆိုနိုင်ကြ။
7 အဖိတ်ခံရသူတို့သည် မြင့်မြတ်သောနေရာများကို ရွေးချယ်ကြကြောင်း ဂရုစိုက်လျက် ဥပမာဆောင်၍ မိန့်တော်မူသည်မှာ၊
8 သင်သည်မင်္ဂလာဆောင်ပွဲသို့အဖိတ်ခံရသည့်ကာလ၊ မြင့်မြတ်သောနေရာတွင်မထိုင်နှင့်။ ထိုင်လျှင် သင့်ထက်အသရေရှိသူ့ကိုလည်း ဖိတ်သဖြင့်၊
9 နှစ်ဦးလုံးကိုဖိတ်သူက ဤသူ့အားနေရာပေးပါဟု ဆိုလာသော် သင်သည်အရှက်ရလျက် အနိမ့်ဆုံးသောနေရာ၌ ထိုင်ကောင်းထိုင်ရလိမ့်မည်။
10 အဖိတ်ခံရသည့်အခါ အနိမ့်ဆုံးသောနေရာသို့သွား၍ထိုင်နေလော့။ ဖိတ်သူလာသော် အဆွေမြင့်မြတ်သောနေရာသို့တက်ပါဟုဆိုသဖြင့် အတူစားပွဲထိုင်ဘက်တို့ရှေ့ ဂုဏ်အသရေရလိမ့်မည်။
11 အသို့ဆိုသော် ကိုယ်ကိုချီးမြှောက်သူတိုင်းနှိမ့်ချခံရလိမ့်မည်။ နှိမ့်ချသူမူကားချီးမြှောက်ခံရလိမ့်မည် ဟုမိန့်တော်မူ၏။
12 ပင့်ခေါ်သူ့အားလည်း ကိုယ်တော်က သင်သည်နံနက်ဖြစ်စေ၊ ညဉ့်ဖြစ်စေ၊ စားသောက်ပွဲ ကျင်းပသည့်ကာလ ကိုယ့်အဆွေခင်ပွန်း ညီအစ်ကိုအမျိုးသားချင်းတို့နှင့် ကြွယ်ဝသူအိမ်နီးချင်းတို့ကို မဖိတ်နှင့်။ ဖိတ်လျှင် ထိုသူတို့သည် သင့်ကိုတုံ့ပြန်ဖိတ်ခေါ်လျက် ကျေးဇူးဆပ်ကောင်းဆပ်ကြလိမ့်မည်။
13 စားသောက်ပွဲကျင်းပသောအခါ ဆင်းရဲသူ၊ အင်္ဂါပျက်သူ၊ ခြေဆွံ့သူ၊ မျက်မမြင်သူတို့ကိုခေါ်လော့။
14 ထိုသူတို့ကျေးဇူးမဆပ်နိုင်သည့်အတွက် သူတော်ကောင်းတို့ရှင်ပြန်ထမြောက်ရာကာလတွင် ကျေးဇူးဆပ်ခြင်းကိုခံရမည့် သင်၌မင်္ဂလာရှိလတ္တံ့ဟု မိန့်တော်မူ၏။
15 ထိုစကားများကိုကြားသောစားပွဲတော်ထိုင်ဘက်တစ်ယောက်က ဘုရားသခင့်နိုင်ငံတော်တွင် သုံးဆောင်ရမည့်သူ၌ မင်္ဂလာရှိပေသည်ဟုဆိုသော်၊
16 ကိုယ်တော်က လူတစ်ဦးသည် ခမ်းနားသောစားသောက်ပွဲကျင်းပရာ လူများစွာဖိတ်ထားသဖြင့် အချိန်ရောက်သော် ကြွကြပါ။
17 အသင့်ရှိပါပြီဟု ဖိတ်ထားသူတို့အားပြောရန် ကျွန်ကိုလွှတ်သည့်ကာလ၊
18 ရှိသမျှတို့အညီအညွတ်ခွင့်ပန်ကြရာ တစ်ယောက်က ကျွန်တော်သည်ဝယ်ပြီးလယ်ကို အကြည့်သွားရမည် ဖြစ်သောကြောင့် ခွင့်လွှတ်ရန်တောင်းပန်ပါသည်ဟူ၍လည်းေကာင်း၊
19 တစ်ယောက်က ကျွန်တော်သည်ဝယ်ပြီးနွားငါးရှဉ်းကို အစမ်းအသပ်သွားမည်ဖြစ်သောကြောင့် ခွင့်လွှတ်ရန်တောင်းပန်ပါသည်ဟူ၍လည်းေကာင်း၊
20 တစ်ယောက်က ကျွန်တော်သည် အိမ်ထောင်ပြုသောကြောင့် မလာနိုင်ပါဟူ၍လည်းေကာင်း ငြင်းဆိုကြ၏။
21 ထိုစကားများကို ကျွန်ပြန်ရောက်၍ လျှောက်ထားသည့်ကာလ ပွဲရှင်သည်အမျက်ထွက်၍ ကျွန်အား မြို့တွင်းရှိလမ်းမ လမ်းမြှောင်များသို့ အမြန်သွားပြီလျှင် ဆင်းရဲသူ၊ အင်္ဂါပျက်သူ၊ မျက်မမြင်သူ၊ ခြေဆွံ့သူ တို့ကို ဆောင်ခဲ့ဟုဆိုသည့်အတိုင်း ကျွန်ကအရှင်၊
22 အမိန့်အရပြုရပါပြီ။ သို့ရာတွင်နေရာလပ်ရှိပါသေးသည်ဟု လျှောက်သော်၊
23 အရှင်က မြို့ပြင်လမ်းများသို့သွား၍ ငါ့မဏ္ဍပ်ပြည့်စေခြင်းငှာ အနိုင့်အထက်သွင်းလော့။
24 ငါဆိုသည်ကား ငါ့စားသောက်ပွဲကို အထက်ဖိတ်ထားသူတစ်ယောက်မျှဝင်မြည်းရမည်မဟုတ် ဟူ၍ပြန်ဆိုသည်ဟုမိန့်တော်မူ၏။
25 ထိုအခါလှည့်တော်မူလျက် လိုက်လာသောလူပရိသတ်ကြီးအား၊
26 ကိုယ်တော်က မည်သူမဆို ငါ့ထံရောက်လာ၍ မိဘ၊ သား၊ မယား၊ ညီအစ်ကိုမောင်နှမများနှင့်ကိုယ့်အသက်ကိုမမုန်းလျှင် ငါ့တပည့်မဖြစ်နိုင်။
27 မည်သူမဆို ကိုယ့်ကားတိုင်ကိုယ်ထမ်း၍ ငါ့နောက်မလိုက်လျှင် ငါ့တပည့်မဖြစ်နိုင်။
28 သင်တို့တွင် တစ်ယောက်ယောက်သည် မြော်စင်ကိုဆောက်လိုသော် ဦးစွာထိုင်၍ကုန်ဝင်ရန်တွက်လျက် အပြီးသတ်အောင် လောက်သည်မလောက်သည်ကိုမစစ်ဘဲ မည်သူဆောက်အံ့နည်း။
29 မလောက်လျှင် တိုက်မြစ်ချပြီးမှအပြီးမသတ်နိုင်သဖြင့်၊
30 ကြည့်မြင်သူတို့က ဤသူအစပြုသော်လည်း အပြီးသတ်အောင်မဆောက်နိုင်ဟုကဲ့ရဲ့ကြလိမ့်မည်။
31 တစ်နည်း ဘုရင်တစ်ပါးသည် နှစ်သောင်းတပ်နှင့်တက်လာသောဘုရင်တစ်ပါးကို စစ်ပြိုင်ရန်ချီထွက်သော် သောင်းတပ်နှင့်ဆီးဆို့နိုင်မည် မနိုင်မည်ကို ဦးစွာထိုင်၍မတိုင်ပင်ဘဲ မည်သည့်ဘုရင်ချီအံ့နည်း။
32 မဆီးဆို့နိုင်လျှင် ရန်သူတော်ဝေးသေးသည့်ကာလ ရာဇသံလွှတ်၍ ပြေငြိမ်းခွင့်တောင်းပန်လိမ့်မည်။
33 ထိုနည်းတူ သင်တို့တွင်မည်သူမဆို ရှိသမျှကိုမစွန့်လျှင် ငါ့တပည့်မဖြစ်နိုင်။
34 ဆားကား ကောင်းသည်မှန်သော်လည်း အငံကုန်လျှင်အဘယ်အရာဖြင့်ငံစေကြမည်နည်း။
35 ထိုဆားသည် မြေအဖို့မကောင်း၊ မြေသြဇာဖို့လည်းမကောင်း၊ ပြင်သို့ပစ်လိုက်တတ်ကြ၏။ ကြားနာရန်နားရှိသူ ကြားနာစေဟုမိန့်တော်မူ၏။