13
ထိုအချိန်ကာလ၌ပင် ဂါလိလဲနယ်သားအချို့တို့ အသွေးနှင့် ၎င်းတို့ပူဇော်သက္ကာများကို ပိလတ်မင်းရောထွေးကြောင်းလာရောက်ကြားလျှောက်ကြရာ၊ ကိုယ်တော်က ထိုသို့ခံရသောဂါလိလဲနယ်သားတို့သည် ဂါလိလဲနယ်သားခပ်သိမ်းထက် အပြစ်ကြီးသည် ထင်မှတ်ကြသလော။ ထိုသို့မဟုတ်။ နောင်တမရလျှင် သင်တို့ရှိသမျှသည် ထိုနည်းတူပျက်စီးရကြလိမ့်မည် ငါဆို၏။ ရှိလောင်မြို့ပြအိုးလဲ၍ ပိသေသူတစ်ဆယ့်ရှစ်ယောက်လည်းယေရုရှလင်မြို့နေ လူခပ်သိမ်းထက် အပြစ်မြီစားကြီးသည် ထင်မှတ်ကြသလော။ ထိုသိုမဟုတ်။ နောင်တမရလျှင် သင်တို့ရှိသမျှသည် ထိုနည်းတူပျက်စီးရကြလိမ့်မည် ငါဆိုသည် ဟုမိန့်တော်မူ၏။
၎င်းပြင် ဥပမာဆောင်၍မိန့်တော်မူသည်မှာ ဥယျာဉ်ရှင်တစ်ဦးသည် ကိုယ့်စပျစ်ဥယျာဉ်၌ စိုက်ထားသောသဖန်းပင်တွင် အသီးရှာလာရောက်သော် မတွေ့သဖြင့် ဥယျာဉ်စောင့်အား၊ ကြည့်လော့၊ ဤသဖန်းပင်တွင် ယခုသုံးနှစ်တိုင်တိုင်အသီးရှာ ငါလာသော်မတွေ့။ ခုတ်လှဲလော့။ အဘယ်ကြောင့်မြေကိုအသုံးမဲ့ဖြစ်စေသနည်းဟု ဆိုသောအခါ၊ ဥယျာဉ်စောင့်က အရှင်၊ ယခုနှစ်ရှိပါစေဦး။ အပင်ပတ်လည်တူးဆွလျက် မြေသြဇာလောင်းပါမည်။ နောင်အသီးကောင်းသီးပါလိမ့်မည်။ မသီးလျှင်ခုတ်လှဲပါတော့ဟူ၍ ပြန်ဆိုသည်ဟု မိန့်တော်မူ၏။
10 ဓမ္မာရုံတစ်ဆောင်တွင် ဥပုသ်နေ့၌ ဒေသနာပေးတော်မူစဉ်၊ 11 တစ်ဆယ့်ရှစ်နှစ်တိုင် အားလျော့စေသော နတ်ပူး၍ဖြောင့်ဖြောင့်မရပ်နိုင်ဘဲ ခါးကုန်းသူမိန်းမ တစ်ယောက်ရှိသဖြင့်၊ 12 ယေရှုမြင်သော်ခေါ်တော်မူ၍ အချင်းမိန်းမ၊ 13 အားလျော့ခြင်းမှ သင်လွတ်ကင်းပြီဟု ဆိုလျက် လက်တင်တော်မူလျှင်မူချင်း ထိုမိန်းမသည် ခါးဖြောင့်၍ ဘုရားသခင့်ဘုန်းတော်ကိုချီးမြှောက်လေ၏။ 14 ဥပုသ်နေ့တွင် လူနာကိုယေရှုကျန်းမာစေတော်မူသောကြောင့် ဓမ္မာရုံအုပ်သည် အမျက်ထွက်လျက် လူပရိသတ်အား လုပ်ဆောင်အပ်သောခြောက်ရက်ရှိသည်ဖြစ်၍ ဥပုသ်နေ့တွင်မဟုတ်။ ထိုခြောက်ရက်အတွင်း အကုအသခံရန်လာကြဟုဆိုသော်၊ 15 အရှင်ဘုရားက အချင်းသီလကြောင်တို့၊ ဥပုသ်နေ့တွင်သင်တို့အသီးသီးသည် ကိုယ်နွားမြည်းကို တင်းကုပ်မှဖြည်၍ ရေတိုက်ရန်ငင်သွားတတ်ကြသည်မဟုတ်လော။ 16 သို့နှင့်အညီတစ်ဆယ့်ရှစ်နှစ်တိုင် စာတန်ချည်နှောင်ထားသော အာဗြဟံ့သမီးဖြစ်သူ ဤမိန်းမကို ဥပုသ်နေ့တွင်ဖြည်၍ မလွှတ်သင့်လောဟု မိန့်တော်မူသော်၊ 17 တစ်ဘက်ရှိသူအပေါင်းတို့ အရှက်ကွဲကြ၏။ လူပရိသတ်ရှိသမျှမှာမူ ကိုယ်တော်ပြုတော်မူသောချီးမွမ်းထိုက်ရာခပ်သိမ်းကြောင့် ဝမ်းမြောက်ကြသတည်း။
18 ထိုကြောင့် ကိုယ်တော်က ဘုရားသခင့်နိုင်ငံတော်သည် မည်သည်နှင့်တူသနည်း။ မည်သို့ပုံနှိုင်းရအံ့နည်း။ 19 လူတစ်ယောက်ယူ၍ ကိုယ့်ခြံ၌ချသောမုံညင်းစေ့နှင့်တူ၏။ ပေါက်၍ရင့်သည့်ကာလ အပင်ကြီးဖြစ်သဖြင့် အခက်များတွင် လေသတ္တဝါတို့နားနေကြသည်ဟု မိန့်တော်မူ၏။ 20 တစ်ဖန်ကိုယ်တော်က ဘုရားသခင့်နိုင်ငံတော်ကို မည်သို့ပုံနှိုင်းရအံ့နည်း။ 21 မုန့်ညက်သုံးစိတ်အားလုံးပေါက်သည့်တိုင်အောင် မိန်းမယူ၍ ခတ်သောတဆေးနှင့်တူသည်ဟု မိန့်တော်မူ၏။
22 ထိုနောက် ကိုယ်တော်သည် တစ်မြို့နောက်တစ်မြို့၊ တစ်ရွာနောက်တစ်ရွာလျှောက်ကြွ၍ ဒေသနာပေးလျက် ယေရုရှလင်မြို့သို့ခရီးသွားတော်မူစဉ်၊ 23 လူတစ်ဦးက အရှင်ဘုရား၊ ကယ်တင်ခြင်းခံရသူနည်းပါးသလောဟု မေးလျှောက်သော်၊ 24 ကိုယ်တော်မိန့်တော်မူသည်မှာ ကျဉ်းမြောင်းသောတံခါးဖြင့် ဝင်သွားရန်အားထုတ်ကြလော့။ အများတို့သည် ဝင်ရန်ရှာကြံသော်လည်း မဝင်နိုင်ဘဲရှိနေကြမည် ငါဆို၏။ 25 အိမ့်ရှင်ထ၍ တံခါးပိတ်ထားပြီနောက် အရှင်ဘုရားဖွင့်တော်မူပါဟု ပြင်ပတွင်ရပ်နေသောသင်တို့တောင်းလျှောက်လျက် တံခါးကိုခေါက်ကြသော် သင်တို့အဘယ်ကဖြစ်ကြောင်း ငါမသိဟု ပြန်ဆိုသောအခါ၊ 26 ကိုယ်တော့်ရှေ့ အကျွန်ုပ်တို့စားသောက်၍ ကိုယ်တော်လည်းအကျွန်ုပ်တို့လမ်းများတွင် ဒေသနာပေးတော်မူဘူးပါသည်ဟု သင်တို့လျှောက်ကြလျှင်၊ 27 အဘယ်ကဖြစ်ကြောင်းကိုငါမသိ။ ဒုစရိုက်မှုပြုကျင့်သူအပေါင်းတို့၊ ငါ့ထံမှထွက်သွားကြဟူ၍ ပြန်ဆိုမည်။ 28 ဘုရားသခင့်နိုင်ငံတော်တွင် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ပရောဖက်ဟူသမျှတို့ပါရှိလျက် သင်တို့ကိုယ်တိုင်ပြင်ပသို့ ပစ်ချခံရသည်ကိုမြင်သဖြင့် ငိုကျွေးခြင်း၊ အံကြိတ်ခြင်းရှိရကြလတ္တံ့။ 29 အရှေ့၊ အနောက်၊ တောင်၊ မြောက်မှလာသောသူတို့ပင် ဘုရားသခင့်နိုင်ငံတော်တွင်ခံစားရကြလတ္တံ့။ 30 နောက်ဆုံးကျသော်လည်း အဦးဆုံးကျမည့်သူ၊ အဦးဆုံးကျသော်လည်း နောက်ဆုံးကျမည့်သူများရှိကြသည်တကားဟု မိန့်တော်မူ၏။
31 ထိုအချိန်နာရီတွင်ပင် ဖာရိရှဲအချို့တို့က ဤအရပ်မှထွက်သွားလော့။ ဟေရုဒ်မင်းသည် သင့်ကိုသတ်လိုသည်ဟု ချဉ်းကပ်ပြောဆိုကြသော်၊ 32 ကိုယ်တော်က ငါသည် ယနေ့နှင့်နက်ဖြန် နတ်များကိုနှင်ထုတ်၍ သူနာများကိုကျန်းမာစေပြီးလျှင် တတိယနေ့တွင်စုံလင်ခြင်းသို့ရောက်မည်ဟု ထိုမြေခွေးအားသွား၍ပြောကြလော့။ 33 သို့ရာတွင်ယေရုရှလင်မြို့မှတစ်ပါး ပရောဖက်ဖြစ်သူတို့ ပျက်စီးရိုးမဟုတ်သောကြောင့် ယနေ့နက်ဖြန် သန်ဖက်များတွင် ငါခရီးသွားရဦးမည်။ 34 ပရောဖက်တို့ကိုသတ်၍ စေတမန်တို့ကိုပစ်ခတ်လေ့ရှိသောအိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ကြက်မသည်ကိုယ့်သားငယ်များကို အတောင်အောက်တွင်စုသိမ်းထားသည့်နည်းတူ ငါသည်သင်၏သားသမီးများကို စုသိမ်းထားလိုသည်မှာ ကြိမ်ဖန်များလေစွ။ သင်ကမူအလိုမရှိချေ။ 35 သင့်နေရာကိုလက်လွှတ်တော်မူပြီတကား။ ထာဝရဘုရား၏ နာမတော်နှင့်ကြွလာသောအရှင်၌ မင်္ဂလာရှိပါစေသောဟူ၍ သင်တို့မကြွေးကြော်မီအတွင်း ငါ့ကိုအလျှင်းမြင်ရမည်မဟုတ် ငါဆိုသည်ဟုမိန့်တော်မူ၏။