12
ထိုအခါ တစ်ယောက်ကိုတစ်ယောက် နင်းမိသည့်တိုင်အောင် လူအထောင်အသောင်းစုရုံးကြသည့်ကာလ တပည့်တော်တို့အား အထူးမိန့်တော်မူသည်မှာ ဖာရိရှဲတို့၏သီလကြောင်တဆေးကို ကြဉ်ရှောင်ကြလော့။ မပေါ်နိုင်အောင် ဖုံးထားသောအရာ၊ မသိနိုင်အောင်ဝှက်ထားသောအရာမရှိသည်နှင့်အညီ၊ မှောင်မိုက်၌ သင်တို့ဆိုသမျှကို အလင်း၌ကြားရလိမ့်မည်။ အတွင်းခန်း၌ နားအပ်၍ပြောသမျှကိုလည်း အိမ်မိုးပေါ်က ကြော်ငြာရလိမ့်မည်။ ငါ့ချစ်ဆွေ၊ သင်တို့အားငါဆိုသည်ကား ကိုယ်ခန္ဓာကိုသတ်ပြီးနောက် မည်သို့မျှထပ်မံမပြုနိုင်သော သူတို့ကို မကြောက်ကြနှင့်။ မည်သူ့ကို ကြောက်ရမည့်အကြောင်း ငါဖော်ပြမည်။ သတ်ပြီးနောက် ငရဲသို့ချရန်တန်ခိုးရှိသောအရှင်ကို ကြောက်ကြလော့။ ထိုအရှင်ကိုသာ ကြောက်ကြလော့ ငါဆို၏။ စာကလေးငါးကောင်ကို ပိုက်ဆံနှစ်ပြားနှင့် ရောင်းကြသည်မဟုတ်လော။ တစ်ကောင်ကိုမျှ ဘုရားသခင် မေ့တော်မမူ။ သင်တို့၏ဦးဆံရှိသမျှကိုပင် ရေတွက်လျက်ထားတော်မူ၏။ မကြောက်ကြနှင့်။ စာကလေးအများထက် သင်တို့သည်မြတ်၏။ တစ်ဖန်ငါဆိုသည်ကား၊ မည်သူမဆို လူတို့ရှေ့ငါ့ကိုဝန်ခံလျှင် လူ့သားသည်ဘုရားသခင်၏ စေတမန်တော်တို့ရှေ့ ထိုသူ့ကိုဝန်ခံမည်။ လူတို့ရှေ့ ငါ့ကိုငြင်းဆိုသူမူကား ဘုရားသခင်၏ စေတမန်တော်တို့ရှေ့ အငြင်းအဆိုခံရလိမ့်မည်။ 10 လူ့သားကိုပြစ်မှားပြောဆိုမိသူတိုင်း ပြေလွတ်ခွင့်ရှိသော်လည်း သန့်ရှင်းသောဝိညာဉ်တော်ကို ပုတ်ခတ်မိသူကား ပြေလွတ်ခွင့်ရှိတော့မည်မဟုတ်။ 11 သို့ရာတွင် ဓမ္မာရုံအုပ်များ၊ အရာရှိများ၊ အာဏာပိုင်များရှေ့ဆွဲငင်ခံရကြသည့်ကာလ၊ မည်သည့်နည်းနှင့် မည်သည့်စကားကို ထုချေရမည့်၊ မည်သို့ဆင်ခြေတက်ရမည့်အကြောင်း မစိုးရိမ်ကြလင့်။ 12 ဆိုသင့်သည့်စကားကို ထိုအချိန်နာရီတွင်ပင် သန့်ရှင်းသောဝိညာဉ်တော်သွန်သင်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
13 ထိုနောက် ပရိသတ်ပါလူတစ်ယောက်က ဆရာ၊ အမွေခွဲဝေစေရန် အကျွန်ုပ်အစ်ကိုကို အမိန့်ရှိတော်မူပါဟု လျှောက်သော်၊ 14 ကိုယ်တော်က အချင်းလူ၊ သင်တို့အပေါ်တွင်တရားသူကြီးအဖြစ်၊ အမွေခွဲဝေသူအဖြစ်၊ ငါ့ကိုမည်သူခန့်ထားသနည်းဟု ပြန်၍မိန့်တော်မူပြီးနောက်၊ 15 လူပရိသတ်အားလည်း ခပ်သိမ်းသောတပ်မက်ခြင်းမှ ကိုယ်ကိုသတိနှင့်ကွယ်ကာကြလော့။ ပစ္စည်းများပြားခြင်း၌ လူ့အသက်တည်သည်မဟုတ်ဟု မိန့်တော်မူ၏။ 16 ၎င်းပြင် ဥပမာဆောင်၍မိန့်တော်မူသည်မှာ သူဌေးတစ်ဦးသည် မြေထွက်များပြားသဖြင့်၊ 17 ငါ့အသီးအနှံများကို စုသွင်းရန်မလုံလောက်သောကြောင့် မည်သို့ ပြုရမည်နည်းဟု စိတ်၌ဆင်ခြင်ရာ 18 ဤသို့ငါပြုမည်။ ငါ့စပါးကျီများကို ဖျက်ပြီးလျှင် သာ၍ကြီးကျယ်သော ကျီများကို ဆောက်လုပ်ပြီးနောက် ငါ့စပါးရှိသမျှ အသီးအနှံရှိသမျှကိုသွင်းထားလျက်၊ 19 အချင်းဝိညာဉ်၊ နှစ်များစွာအဖို့ သင့်ဝမ်းစာအသီးအနှံအများသွင်းထားပြီ။ သာယာစွာနေ၍ စားသောက်ပျော်မွေ့လော့ဟု ကိုယ့်ဝိညာဉ်အားဆိုမည်ဟူ၍ ပြဌာန်းသော်၊ 20 ဘုရားသခင်က အချင်းလူမိုက်၊ ယခုညဉ့်ပင်သင့်ဝိညာဉ်ကို သင့်မှနုတ်ယူကြမည်ဖြစ်၍ သင်ပြင်ဆင်ခဲ့ရာရာသည် မည်သူပိုင်ဖြစ်မည်နည်းဟု မေးတော်မူ၏။ 21 ဘုရားသခင့်ရှေ့တော်တွင်မကြွယ်ဝဘဲ ကိုယ့်အဖို့ဘဏ္ဍာကိုသိုမှီး၍ထားသောသူကား ထိုသို့တည်းဟု မိန့်တော်မူ၏။
22 ထိုနောက် တပည့်တော်တို့အားကိုယ်တော်က သို့ဖြစ်၍ငါဆိုသည်ကား မည်သည့်အရာကို စားရမည်ဟူ၍ ကိုယ့်အသက်အတွက်မစိုးရိမ်ကြနှင့်။ မည်သည့်အရာကိုဝတ်ရမည်ဟူ၍ ကိုယ်ခန္ဓာအတွက်လည်းမစိုးရိမ်ကြနှင့်။ 23 အသို့ဆိုသော် အသက်သည်အစာထက်၊ ကိုယ်ခန္ဓာသည်အဝတ်ထက် မြတ်၏။ 24 စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းကင်း၍ ကျီကျမရှိသောကျီးများကို ဘုရားသခင်ကျွေးမွေးတော်မူကြောင်း စဉ်းစားကြလော့။ သင်တို့သည် ငှက်များထက်သာ၍မြတ်သည်တကား။ 25 သင်တို့တွင် မည်သူသည်စိုးရိမ်ခြင်းအားဖြင့် ကိုယ့် 12.25 သို့မဟုတ်၊ အသက်တာ။အရပ်အမောင်းကို တစ်တောင်တိုးစေနိုင်သနည်း။ 26 ထိုသို့ အငယ်ဆုံးသောအရာကိုမျှသင်တို့မတတ်နိုင်လျှင် ကြွင်းသောအရာများအတွက် အဘယ်ကြောင့် စိုးရိမ်ကြသနည်း။ 27 နှင်းပန်းပင်များသည် မလုပ်မကိုင်၊ မငင်မဝင့်ကြဘဲ မည်သို့ကြီးပွားသည်ကိုစဉ်းစားကြလော့။ ရှောလမုန်မင်းသည် မင်းမြောက်တန်ဆာပြည့်စုံသော်လည်း ထိုအပင်တစ်ပင်ကဲ့သို့ မဝတ်ဆင်ရ ငါဆို၏။ 28 ယုံကြည်ခြင်းနည်းပါးသူတို့၊ ယနေ့တောတွင်ရှိ၍ နက်ဖြန်မီးထဲသို့ရောက်သောအပင်ကို ဘုရားသခင် ထိုသို့ဆင်ယင်တော်မူလျှင် သင်တို့ကိုသာ၍ ဆင်ယင်တော်မူလိမ့်တကား။ 29 သို့ဖြစ်၍ မည်သည့်အရာကိုစားရမည်၊ မည်သည့်အရာကိုသောက်ရမည်ဟု ရှာကြံ၍ ယောက်ယက်မခတ်ကြနှင့်။ 30 ထိုအရာအလုံးစုံကို ဤလောကရှိလူမျိုးခြားတို့ရှာကြံတတ်ကြ၏။ သင်တို့၌ကား လိုသောအရာများဖြစ်ကြောင်းကို သင်တို့အဘသိတော်မူသတည်း။ 31 ကိုယ်တော်၏နိုင်ငံတော်ကိုရှာကြလော့။ ထိုအရာများကို ထပ်မံသနားတော်မူလိမ့်မည်။ 32 အိုသိုးအုပ်ငယ်၊ မကြောက်နှင့်။ သင်တို့အဘသည် နိုင်ငံတော်ကိုပေးခြင်းငှာအလိုရှိတော်မူ၏။ 33 ကိုယ့်ပစ္စည်းများကိုရောင်းချ၍ စွန့်ကြဲပေးကမ်းကြလော့။ မဆွေးနိုင်သောငွေအိတ်များကို လုပ်၍ သူခိုးကပ်ခြင်း၊ ပိုးမွှားဖျက်ခြင်းကင်းရာကောင်းကင်ဘုံတွင် မကုန်မဆုံးနိုင်သောဘဏ္ဍာကို သိုမှီးကြလော့။ 34 အသို့ဆိုသော် သင်တို့ဘဏ္ဍာရှိရာအရပ်သို့ သင်တို့စိတ်စွဲရောက်လိမ့်မည်။ 35-36 သင်တို့သည် ခါးစည်းလျက်၊ မီးထွန်းလျက်၊ အရှင်ရောက်လာ၍ခေါက်လျှင်ခေါက်ချင်း ဖွင့်ပေးနိုင်ရန် မင်္ဂလာဆောင်ပွဲမှထွက်လာမည့်အရှင်ကို ေမျှာ်စောသူတို့ကဲ့သို့ရှိနေကြလော့။ 37 စောင့်လျက်နေသည်ကို အရှင်လာရောက်တွေ့မြင်သော် ထိုကျွန်တို့၌မင်္ဂလာရှိ၏။ ငါအမှန်ဆိုသည်ကား၊ ထိုကျွန်များကိုစားပွဲထိုင်စေပြီးလျှင် အရှင်သည်ခါးစည်း၍ ချဉ်းကပ်လုပ်ကျွေးလိမ့်မည်။ 38 သန်းခေါင်ယံ၌ဖြစ်စေ၊ သန်းလွဲယံ၌ဖြစ်စေရောက်လာ၍ ထိုသို့တွေ့သူတို့၌မင်္ဂလာရှိ၏။ 39 သူခိုးလာမည့်အချိန်နာရီကို အိမ့်ရှင်သိနှင့်လျှင် အိမ်ကိုဖောက်ထွင်းခွင့်မပြုကြောင်း သိမှတ်ရသည့်နည်းတူ၊ 40 မထင်သောအချိန်နာရီ၌ လူ့သားကြွလာမည်ဖြစ်၍ ကိုယ်တိုင်အသင့်ရှိနေကြလော့ဟု မိန့်တော်မူ၏။
41 ထိုအခါအရှင်ဘုရား၊ ဤဥပမာကို တပည့်တော်တို့အားမိန့်တော်မူသလော။ ရှိသမျှတို့အားမိန့်တော်မူသလောဟု ပေတရုမေးလျှောက်သော်၊ 42 အရှင်ဘုရားက လုပ်သားတို့အပေါ်တွင် ထိုက်သင့်ရာအခ စားနပ်ရိက္ခာကိုဝေပေးရန် အရှင်ခန့်ထား၍ သစ္စာနှင့်သတိပညာရှိသောဘဏ္ဍာစိုးကား မည်သူနည်း။ 43 ထိုသို့ပြုလျက်နေသည်ကို အရှင်လာရောက်တွေ့မြင်သော် ထိုကျွန်၌မင်္ဂလာရှိ၏။ 44 အရှင်သည်ပိုင်ထိုက်သမျှအပေါ်တွင် ထိုကျွန်ကိုခန့်ထားမည် ငါအမှန်ဆို၏။ 45 အကယ်၍ထို ထိုကျွန်က ငါ့အရှင်ကြန့်ကြာသည်ဟုအောက်မေ့လျက် ကျွန်ချင်းယောက်ျားမိန်းမတို့ကို ရိုက်ပုတ်၍ သောက်စားမူးယစ်ရှိနေလျှင်၊ 46 ထိုကျွန်မမျှော်သောနေ့ မသိသောအချိန်နာရီတွင် အရှင်ရောက်လာပြီးနောက် ပြင်းစွာရိုက်ဒဏ်ခတ်၍ သစ္စာမဲ့သူတို့နှင့်အတူ ဝေပုံချထားလိမ့်မည်။ 47 အရှင့်အလိုကိုသိလျက် မလိုက်နာမပြင်ဆင်သောကျွန်သည် များစွာရိုက်ဒဏ်ခံရမည်။ 48 မသိဘဲ ဒဏ်ခံထိုက်ရာကိုပြုမိသောကျွန်ကား အနည်းငယ်မျှရိုက်ဒဏ်ခံရမည်။ များစွာပေးခြင်းခံရသူ့ထံ များစွာရှာကြလိမ့်မည်။ များစွာအပ်ခြင်းခံရသူ့ထံ များစွာတောင်းကြလိမ့်မည်။
49 ငါသည် ဤမြေကြီးပေါ်တွင် မီးကိုပစ်ချရန်ရောက်လာသည်နှင့်အညီ စွဲလောင်ပြီးဖြစ်လိုသည်တကား။ ငါခံရမည့်ဗတ္တိဇံမင်္ဂလာမပြီးစီးမီ၊ 50 အလွန်ကျဉ်းကျပ်လေစွ။ 51 ဤမြေကြီးပေါ်တွင် ရန်ငြိမ်းစေရန်ငါရောက်လာသည်ဟု ထင်ကြသလော။ ထိုသို့မဟုတ်။ ကွဲပြားစေရန်ရောက်လာသည် ငါဆို၏။ 52-53 ယခုမှစ၍ တစ်အိမ်တည်း၌ ငါးယောက်သောသူတို့သည် သားနှင့်ဖခင်၊ ဖခင်နှင့်သား၊ သမီးနှင့်မိခင်၊ မိခင်နှင့်သမီး၊ ချွေးမနှင့်ယောက္ခမ၊ ယောက္ခမနှင့်ချွေးမ၊ သုံးယောက်နှင့်နှစ်ယောက်၊ နှစ်ယောက်နှင့်သုံးယောက် ကွဲပြားလျက်ရှိကြလိမ့်မည်ဟု မိန့်တော်မူ၏။
54 လူပရိသတ်အားလည်း ကိုယ်တော်က အနောက်မျက်နှာတွင်တိမ်တက်သည်ကိုမြင်လျှင်မြင်ချင်း မိုးရွာမည်ဟု သင်တို့ဆိုတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်တတ်၏။ 55 တောင်လေတိုက်သည်ကိုမြင်သော် ပူအိုက်လိမ့်မည်ဟုဆိုတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်တတ်၏။ 56 အချင်းသီလကြောင်တို့၊ မိုးမြေမျက်နှာပြင်လက္ခဏာကို ပိုင်းခြားတတ်သောသင်တို့သည် ယခုေခတ်ကာလနှင့် စပ်ဆိုင်သောနိမိတ်လက္ခဏာများကို မပိုင်းခြားကြသည်မှာ အသို့နည်း။ 57 အဘယ့်ကြောင့်ဖြောင့်မတ်ရာကို ကိုယ်တိုင်မဆုံးဖြတ်ကြသနည်း။ 58 တရားဘက်နှင့်အတူ အရာရှိထံလှမ်းသွားလျက်ရှိစဉ် ကြေချမ်းအောင်ကြိုးစားကြလော့။ သို့မဟုတ်ထိုသူသည် တရားသူကြီးထံဆွဲငင်၍ တရားသူကြီးကမင်းမှုထမ်းသို့အပ်နှံသဖြင့် မင်းမှုထမ်းကလည်း သင့်ကိုထောင်ချမည်စိုးရိမ်ရန်ရှိ၏။ 59 ကျန်သောကြေးတစ်ပြားကိုမျှမဆပ်မချင်း ထောင်ထဲမှသင်ထွက်ရမည်မဟုတ် ငါဆိုသည်ဟု မိန့်တော်မူ၏။