ရှင်လုကာ
ဧဝံဂေလိကျမ်း
1
1-2 အိုသော်ဖိလုမင်းမြတ်၊ ငါတို့တွင်ဖြစ်ပျက်ခဲ့သောအကြောင်းအရာများကို မူလရင်းမျက်မြင် သက်သေအဖြစ်၊ သတင်းတော်မြတ်ဆိုင်ရာအမှုတော်ဆောင်တို့ ပြန်ကြားသည့်အလျောက် လူအများတို့သည် စီကုံးရေးသားရန် ကြိုးစားကြသည်ကိုထောက်၍၊ 3-4 အစကပင် သေချာစွာစီစစ်ဖူးသူအကျွန်ုပ်လည်း၊ ကိုယ်တော်သွန်သင်ခံရာများဟုတ်မှန် ခြင်းအကြောင်း သိစေအံ့သောငှါ။ ကိုယ်တော့်ထံအစီအစဉ်ရေးသားမည်ဟုသဘောရပါ၏။
ယုဒဘုရင်ဟေရုဒ်မင်းလက်ထက် အဘိယအနွယ်၏အလှည့်ပါဝင်သူ၊ ဇာခရိအမည်ရှိသော ပရောဟိတ်တစ်ပါးရှိ၏။ မယားမှာ၊ အာရုန့်အနွယ် အမည်ဧလိရှဗက်တည်း။ ထိုသူနှစ်ဦးလုံးသည် ထာဝရဘုရား၏မိန့်မှာချက်၊ စီရင်ချက်တော်ရှိသမျှအတိုင်း၊ အပြစ်မဲ့ လိုက်လျှောက်လျက် ဘုရားသခင့်ရှေ့တော်တွင် ဖြောင့်မတ်သူဖြစ်ကြ၏။ ဧလိရှဗက်သည်မြုံ၍၊ ထိုသူတို့တွင်သားမရှိ၊ နှစ်ဦးလုံးပင်အသက်ကြီးရင့်လှပြီ။
ဇာခရိသည် အလှည့်ကျအတိုင်း၊ ဘုရားသခင့်ရှေ့တော်တွင်၊ ပရောဟိတ်အမှုကိုဆောင်ရွက်စဉ်။ ပရောဟိတ်တို့ထုံးစံအလိုက် စာရေးတံကျသဖြင့် ထာဝရဘုရား၏ဗိမာန်တော့်အတွင်းဝင်၍ နံ့သာပေါင်းကိုတင်ရှို့ရ၏။ 10 တင်ရှို့သည့်အချိန်နာရီတွင် လူပရိသတ်ရှိသမျှသည် ပြင်ကဆုတောင်းလျက်ရှိနေကြ၏။ 11 ထိုအခါ နံ့သာပေါင်းတင်ရှို့ရာ ပလ္လင်တော့်ယာဘက်တွင် ထာဝရဘုရား၏စေတမန်တစ်ပါး ရပ်တန့်ထင်ရှားသည်ကို ဇာခရိမြင်၍၊ 12 နှလုံးမသာကြောက်ရွံ့သော်၊ 13 စေတမန်တော်က၊ အိုဇာခရိ၊ မကြောက်နှင့်။ သင့်အသနားတော်ခံချက်ကို နားညောင်းတော်မူပြီ။ မယားဧလိရှဗက်သည် သားယောက်ျားဖွားမြင်လိမ့်မည်။ ထိုသားကိုယောဟန်ဟုအမည်မှည့်လော့။ 14 သင်၌အားရဝမ်းမြောက်ခြင်းရှိသည့်ပြင် သူငယ်ဖွားမြင်ခြင်းကြောင့် လူအများတို့ဝမ်း မြောက်ရကြလိမ့်မည်။ 15 သူသည် ထာဝရဘုရားမျက်မှောက်တော်တွင်ကြီးမြတ်၍ စပျစ်ရည်နှင့်သေရည်သေရက်ကို မသောက်ရဘဲ အမိဝမ်းတွင်းကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လိမ့်မည်။ 16 ဣသရေလအမျိုးသားအများကို ကိုယ့်ဘုရားသခင်ထာဝရဘုရားထံပြန်စေသည့်ပြင်၊ 17 အဘတို့ကို သားတို့နှင့်သဘောတူစေလျက် နားမထောင်သူတို့ကို သူတော်ကောင်းတို့အသိ ပညာသို့ဝင်စေလျက် ထာဝရဘုရားအဖို့လူတစ်မျိုးကို အသင့်ပြင်ဆင်အံ့သောငှါ ဧလိယ၏ဝိညာဉ် နှင့်တန်ခိုးကိုဆောင်၍ ရှေ့တော်ကသွားရလိမ့်မည်ဟုဆိုရာ၊ 18 ဇာခရိက၊ အကျွန်ုပ်သည် လူအိုဖြစ်ပါသည်။ မယားလည်းအသက်ကြီးရင့်လှပြီဖြစ်လျက် ထိုသို့ဖြစ်မည်ကိုမည်သို့သိရပါအံ့နည်းဟု မေးလျှောက်လျှင်၊ 19 စေတမန်တော်က၊ ငါသည်ဘုရားသခင့်မျက်မှောက်တော်တွင်ခစားရသော ဂါ​ဗြေလဖြစ်သည်။ ဤဝမ်းမြောက်ဖွယ်သတင်းကို၊ သင့်အားကြားပြောကြော်ငြာစေရန် ငါ့ကိုစေလွှတ်တော်မူလိုက်သည်။ 20 နားထောင်လော့။ အချိန်တန်သည့်ကာလ ပြည့်စုံရမည့်ငါ့စကားကိုမယုံသောကြောင့် ထိုသို့ ဖြစ်ပျက်သည့်နေ့မတိုင်မချင်း သင်သည်စကားမပြောနိုင်ဘဲ အလျက်နေရမည်ဟုမြွက်ဆို၏။ 21 ဇာခရိကိုစောင့်လျက်၊ ဗိမာန်တော်တွင်ကြန့်ကြာသည်ကို အံ့သြကြသောလူပရိသတ်သည် ဇာခရိထွက်လာသောအခါ၊ 22 စကားမပြောနိုင်သည်ကိုထောက်၍ ဗိမာန်တော်တွင် ရူပါရုံမြင်ခဲ့ရကြောင်းသိမြင်ကြ၏။ 23 ဇာခရိလည်း အလျက်၊ လက်ရိပ်ပြလျက် အမှုတော်ဆောင်ရက်စေ့ကုန်မှ အိမ်သို့ပြန်လေ၏။
24-25 ထိုနောက် မယားဧလိရှဗက်သည် သ​န္ဓေယူ၍ ငါ၌လူတို့ကဲ့ရဲ့ရန်အကြောင်းကို ငါ့အားကြည့်ရှု၍ နုတ်ပယ်တော်မူသောနေ့ရက်ကာလတွင် ထာဝရဘုရားသည် ဤသို့ပြုစုတော်မူပြီဟုဆိုလျက် ငါးလပုန်းအောင်း၍နေ၏။
26-27 ဆဌမလတွင် ဂါလိလဲနယ် နာဇရက်မြို့နေ ဒါဝိဒ်မင်းအနွယ်ယောသပ်ဆိုသူနှင့် ထိမ်း မှန်းထားသောအပျိုကညာမာရိထံ ဘုရားသခင်လွှတ်တော်မူသည့်အတိုင်း စေတမန်တော်ဂါဗြေလ ရောက်လာသော်၊ 28 ကျေးဇူးတော်မြတ်ကိုခံရသောသင်၌ မင်္ဂလာရှိစေသော။ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူသည်ဟုမြွက်ဆိုလျှင်၊ 29 မာရိသည်ထိုစကားကြောင့် နှလုံးမသာဖြစ်၍ ထိုနှုတ်ဆက်ခြင်းအဓိပ္ပါယ်ကို ဆင်ခြင်လျက်နေစဉ်၊ 30 စေတမန်တော်က အိုမာရိ၊ မကြောက်နှင့်။ သင်သည်ဘုရားသခင့်ရှေ့တော်၌ မျက်နှာသာရပြီ။ 31 နားထောင်လော့။ သင်သည်သန္ဓေယူ၍ သားယောက်ျားကိုဖွားမြင်သဖြင့် ယေရှုဟုမှည့်ရမည်။ 32 ထိုသူသည် ကြီးမြတ်၍ မြင့်မြတ်သောအရှင်၏သားတော်ဟုအခေါ်ခံလျက် သူ့အဘဒါဝိဒ် မင်း၏နန်းမွေကို ထာဝရဘုရားသခင်ပေးတော်မူသဖြင့်၊ 33 ယာကုပ်အနွယ်ပေါ်တွင် ကာလအစဉ်အုပ်စိုး၍ အဆုံးမဲ့နိုင်ငံတော်ကိုပိုင်ရလိမ့်မည်ဟု မြွက်ဆို၏။ 34 မာရိကလည်း ထိုအတိုင်းမည်သို့ဖြစ်နိုင်ပါအံ့နည်း။ ကျွန်မသည် ယောက်ျားနှင့်မဆက်ဆံ ပါဟုလျှောက်ဆိုသော်၊ 35 စေတမန်တော်က၊ သန့်ရှင်းသောဝိညာဉ်တော်သည်၊ သင့်အပေါ်သို့ဆင်းသက်၍။ မြင့်မြတ် သောအရှင်၏တန်ခိုးတော်လည်း၊ လွှမ်းမိုးလိမ့်မည်။ ထိုကြောင့် ဖွားမည့်သူငယ်သည် သန့်ရှင်းသောအရှင်၊ ဘုရားသခင့်သားတော်ဟု အခေါ်ခံရလတ္တံ့။ 36 နားထောင်ဦးလော့။ သင့်ဆွေမျိုးဧလိရှဗက်လည်း အသက်ကြီးရင့်လျက်ပင် သားယောက်ျားသန္ဓေယူ၍ မြုံသောမိန်းမဟုခေါ်ကြသောသူ၌ ယခုခြောက်လရပြီ။ 37 ဘုရားသခင်မတတ်နိုင်သောအမှု တစ်စုံတစ်ရာမျှမရှိဟုပြန်ဆိုလျှင်၊ 38 မာရိက၊ ကျွန်မသည် ထာဝရဘုရား၏ကျွန်မဖြစ်ပါသည်။ အရှင့်စကားအတိုင်း ဖြစ်ပါစေတော့ဟု ဝန်ခံပြီးနောက် စေတမန်တော်ထွက်သွား၏။
39 ထိုကာလ မာရိသည်ထ၍ ယုဒခင်တန်းရှိမြို့တစ်မြို့သို့အလျင်အမြန်သွားလျက် 40 ဇာခရိအိမ်သို့ဝင်ပြီးလျှင် ဧလိရှဗက်ကိုနှုတ်ဆက်၏။ 41 မာရိနှုတ်ဆက်စကားကို ဧလိရှဗက်ကြားသော် ဝမ်းလွယ်ကလေးခုန်ရာ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်လာသောဧလိရှဗက်က၊ 42 မိန်းမတကာတို့ထက် သင်၌မင်္ဂလာရှိ၏။ သင်ဖွားအံ့သောသား၌လည်း မင်္ဂလာရှိ၏။ 43 ကျွန်မ အရှင်၏မယ်တော်သည် ကျွန်မထံရောက်လာသည်မှာ အသို့ပါနည်း။ သင့်နှုတ်ဆက်သံသည်၊ 44 ကျွန်မ၏နားသို့ရောက်မိလျှင် ဝမ်းလွယ်ကလေးရွှင်လန်းစွာခုန်ပါသည်တကား။ 45 ထာဝရဘုရားထံမှ ဆင့်ဆိုချက်ပြည့်စုံမည်ကိုယုံကြည်ပြီးဖြစ်သော သင်၌မင်္ဂလာရှိသည်ဟု အသံကျယ်စွာဟစ်လျက် မြွက်ဆို၏။
46-49 ထိုအခါမာရိက ကိုယ်တော့်ကျွန်မ၏နိမ့်ကျသောအခြေအနေကိုကြည့်ရှုတော်မူသောကြောင့် ငါသည်၊ ထာဝရဘုရားကို မနောဖြင့်ချီးမြှောက်လျက် ကယ်တင်ရှင်ဘုရားသခင်၌ စိတ်ရွှင်လန်းပါ၏။ တန်ခိုးရှင်သည်၊ ငါ၌အမှုကြီးများကိုစီရင်တော်မူသောကြောင့် ငါ့ကိုမင်္ဂလာရှိသောသူဟု ယခုကစ၍ လူမျိုးအဆက်ဆက်ခေါ်​ဝေါ်ကြလိမ့်မည်။ 50 နာမတော်သန့်ရှင်းသည့်အလျောက် ကိုယ်တော်ကိုခန့်ညားသူ လူမျိုးအဆက်ဆက်၌ ကရုဏာတော်တည်၏။ 51 တန်ခိုးကြီးသောအမှုကို လက်ရုံးတော်ဖြင့်စီရင်တော်မူလျက် စိတ်မာနထောင်လွှားသူတို့ကိုခွဲလွှင့်ခြင်း၊ 52 ဘုရင်မင်းတို့ကိုနန်းချ၍ နိမ့်ကျသူတို့ကိုချီးမြှောက်ခြင်း၊ 53 မွတ်သိပ်သူတို့ကို မြိန်ရှက်ဖွယ်နှင့်ဝစေ၍ ကြွယ်ဝသူတို့ကို လက်ချည်းလွှတ်ခြင်းပြုတော်မူပြီ။ 54-55 အာဗြဟံနှင့်သားစဉ်မြေးဆက်တို့၌ ကာလအစဉ်ကရုဏာပြမည်ဟု ဘိုးဘေးတို့အား ဗျာဒိတ်ပေးတော်မူခဲ့သည့်အတိုင်း ကရုဏာတော်ကိုသတိရလျက်၊ အစေတော်ခံဣသရေလကို မစတော်မူပြီဟူ၍ မြွက်ဆို၏။
56 ထိုနောက်မာရိသည် ဧလိရှဗက်နှင့်သုံးလခန့်အတူနေပြီးမှ အိမ်သို့ပြန်သွား၏။
57 ဧလိရှဗက်သည် ဖွားချိန်စေ့၍ သားယောက်ျားကိုဖွားမြင်သော်၊ 58 ကရုဏာအထူးကိုထာဝရဘုရားပြတော်မူကြောင်း အိမ်နီးချင်းနှင့်ဆွေမျိုးသားချင်းတို့ကြားသိသည့်ကာလ အတူဝမ်းမြောက်ကြ၏။ 59 ရှစ်ရက်မြောက်သောနေ့တွင် သူငယ်ကိုလှီးဖြတ်ခြင်းမင်္ဂလာပေးရန်ရောက်လာကြသော် အဘအမည်အလိုက်၊ ဇာခရိဟုမှည့်မည်ပြုကြရာ အမိက၊ ထိုသို့မဟုတ်။ 60 ယောဟန်ဟူ၍မှည့်ရမည်ဟု ပြန်ဆိုသောအခါ၊ 61 သင့်ဆွေမျိုးသားချင်းတို့တွင် ထိုအမည်တစ်ယောက်မျှမရှိဟုဆိုပြီးလျှင်၊ 62 မည်သို့မှည့်စေလိုကြောင်းအဘကိုလက်ရိပ်ပြကြသော်၊ 63 ပုရပိုက်တောင်း၍ အမည်မှာယောဟန်တည်းဟုရေးသဖြင့် ရှိသမျှတို့အံ့သြကြ၏။ 64 ထိုခဏခြင်းတွင် သူသည်နှုတ်ပွင့်လျက် လျှာပေါ့လျက် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းမြွက်ဆို၏။ 65 အိမ်နီးချင်းအပေါင်းတို့သည် ကြောက်ရွံ့လျက် ယုဒခင်တန်းတစ်ေလျှာက် ကြော်ငြာသော ထိုအကြောင်းအရာခပ်သိမ်းကို၊ 66 ကြားသောသူတိုင်းနှလုံးသွင်း၍ ထာဝရဘုရား၏လက်တော်သူနှင့်အတူရှိသည်ကို မှတ်ယူသဖြင့် ဤသူကား မည်သို့သောသူဖြစ်မည်နည်းဟု ဆွေးနွေးကြ၏။
67 ထိုအခါ အဘဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လျက်ဟောသည်မှာ၊ 68 လူမျိုးတော်ကိုအကြည့်အရှုကြွလာလျက် ရွေးနုတ်ခြင်းအမှုကိုစီရင်တော်မူသော ဣသရေလ ၏ဘုရားသခင်ထာဝရဘုရား၌ မင်္ဂလာရှိပါစေသော။ 69-75 ကြောက်မက်ဖွယ်ဘေးနှင့် ရန်သူတို့လက်မှ ငါတို့လွတ်မြောက်၍ အသက်ထက်ဆုံးမျက် မှောက်တော်တွင် သန့်ရှင်းဖြောင့်မတ်စွာဝတ်ပြုခွင့်ရရှိစေအံ့သောငှါ ကိုယ်တော်သည် ရန်သူတို့နှင့် မုန်းထားသူအပေါင်းတို့လက်မှ ငါတို့ကိုကယ်လွှတ်တော်မူလျက် ဘိုးဘေးတို့၌ကရုဏာပြတော်မူလျက် အဘအာဗြဟံအားသစ္စာထားသည့် သန့်ရှင်းသောပဋိညာဉ်တော်ကိုသတိရတော်မူလျက် သန့်ရှင်းသူရှေးပရောဖက်တို့နှုတ်ဖြင့် ကတိပေးတော်မူသည့်အတိုင်း အစေတော်ခံဒါဝိဒ်မင်းအနွယ်တွင် ငါတို့အဖို့ကယ်တင်ခြင်းဦးချိုကို ပေါက်ထွက်စေတော်မူပြီ။ 76-79 အိုသူငယ် သင်သည်မြင့်မြတ်သောအရှင်၏ ပရောဖက်ဘွဲ့ကိုခံ၍ မှောင်ကျရာသေမင်းအရိပ်တွင် ထိုင်နေသူတို့အပေါ်သို့ အရောင်တက်ခြင်း ငြိမ်သက်ရာလမ်းထဲသို့ငါတို့ခြေလှမ်းလှည့်ခြင်းပြုရန် ဘဝဂ်မှနေအရုဏ်သက်ရောက်စေတော်မူမည့် ငါတို့ဘုရားသခင်အသည်းစွဲ ကရုဏာကြောင့် အပြစ်ဖြေလွှတ်၍ကယ်တင်ခြင်းကျေးဇူးကို လူမျိုးတော်သိကျွမ်းခွင့်ရစေအံ့သောငှါ လမ်းတော်များကိုပြုပြင်မည့် ထာဝရဘုရားရှေ့တော်ပြေးဖြစ်လတ္တံ့ဟူ၍တည်း။ 80 သူငယ်သည်ကြီးပွား၍ စိတ်အားကြီးလျက် ဣသရေလလူမျိုးအား ထင်ရှားသည့်နေ့တိုင်အောင် တော၌ရှိနေ၏။