9
ထိုကာလ၊ ပရောဖက်ဧလိရှဲသည် ပရောဖက်ဂိုဏ်းသားတစ်ပါးကိုခေါ်ပြီးလျှင် ခါးစည်းလျက် ဂိလဒ်နယ်၊ ရာမုတ်မြို့သို့၊ ဤဆီဘူးကိုယူဆောင်ထွက်သွားလော့။ ရောက်သော်၊ နိမ်ရှိမြေး၊ ယောရှဖတ်သားယေဟုကိုရှာ၍တွေ့သောအခါ၊ သူ့ထံဝင်လျက် သားချင်းတို့ထံမှ အတွင်းဆောင်သို့ခေါ်ငင်ပြီးလျှင် ဣသရေလလူမျိုးအပေါ်တွင် ဘုရင်အဖြစ်သင့်ကိုငါဘိသိက်သွန်းပြီဟူ၍ ထာဝရဘုရားမိန့်တော် မူကြောင်းဆင့်ဆိုလျက် ဤဆီဘူးကိုကိုင်၍ သူ့ဦးခေါင်းပေါ်၌သွန်းလောင်းပြီးမှ မဆိုင်းမလင့်၊ တံခါးဖွင့်၍ပြေးလော့ဟုမိန့်မှာသည့်အတိုင်း၊ ထိုပရောဖက်ငယ်သည် ဂိလဒ်နယ်၊ ရာမုတ်မြို့သို့သွားရောက်လေ၏။ ဗိုလ်မင်းတို့အတူနေထိုင်ကြသည်ကိုတွေ့ရာ အိုဗိုလ်မင်း၊ ဗိုလ်မင်းအားဆင့်ဆိုရန်ပါသည်ဟုဆိုလျှင်၊ ငါတို့အနက်မည်သူ့ကိုနည်းဟု ယေဟုမေးသော်၊ ဗိုလ်မင်းပင်တည်းဟု ပြန်ဆိုသည်နှင့် အိမ်တွင်းသို့ထဝင်သည့်ကာလ၊ ပရောဖက်ငယ်သည် သူ့ဦးခေါင်းပေါ်တွင် ဆီသွန်းလောင်းလျက်၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား ငါထာဝရဘုရား၏ လူမျိုးတော်ဣသရေလအပေါ်တွင် ဘုရင်အဖြစ် သင့်ကိုငါဘိသိက်သွန်းပြီ။ ငါ့ကျွန်ရင်း ပရောဖက်တို့မှစ၍ ငါထာဝရဘုရား၏ ကျွန်တော်အပေါင်းတို့အသွေးကို ယေဇဗေ လသွန်းသော ပြစ်မှုအတွက် ကိုယ့်သခင်အာဟပ်မင်းမျိုးကို သင်လုပ်ကြံခြင်းဖြင့်၊ ငါတုံ့ဆပ်တော်မူမည်။ ဣသရေလနိုင်ငံတွင် အာဟပ်နှင့်တော်စပ်သူ အကျဉ်းသား၊ အလွတ်သား၊ ယောက်ျားဟူသမျှ ကို ငါသုတ်သင်၍ တစ်ဆက်လုံးပျက်စီးစေလျက် နေဗတ်သား ယေရောဗောင်မင်းမျိုးနှင့် အဟိယသားဗာရှာမင်းမျိုးကဲ့သို့ဖြစ်စေမည်။ 10 ယေဇဗေလလည်း စျာပနပြုခြင်းကိုမခံရဘဲ ယေ​ဇရေလမြေကွက်၌ ခွေးစာဖြစ်ရမည်ဟု ဆင့်ဆိုပြီးလျှင် တံခါးဖွင့်၍ပြေးလေ၏။ 11 ထိုနောက် ဗိုလ်ချင်းတို့ရှိရာသို့ ယေဟုထွက်လာရာ တစ်ယောက်က၊ ထိုအရူးလာခြင်းကား ဘယ်အကြောင်းနည်း။ အကြံကောင်း၏လောဟုမေးလျှင် ထိုသူ့ကိုလည်းေကာင်း၊ သူ့စကားကိုလည်းေကာင်း၊ သင်တို့ သိကြသည်ဟုဆိုသော်၊ ငါမသိ။ 12 ဖွင့်ပြောလော့ဟုမေးကြသည်နှင့် ထိုသူပြောသည်ကား ဤသို့တည်း။ ဣသရေလလူမျိုးအပေါ်တွင် ဘုရင်အဖြစ်သင့်ကိုငါဘိသိက်သွန်းပြီဟူ၍ ထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုသည်ဟု ဖွင့်ပြောသောအခါ ရုတ်ခြင်းထ၍ 13 အသီးအသီးကိုယ့်ဝတ်လုံကို လှေခါးထစ်ပေါ်တွင် ယေဟုနင်းရန်ခင်းပြီးလျှင် ယေဟုသည် ဘုရင်မင်းဖြစ်သည်ဟု ကြွေးကြော်ခြင်း၊ တံပိုးမှုတ်ခြင်းပြုကြသည်နှင့် 14 နိမ်ရှိမြေး၊ ယေရှဖတ်သားယေဟုသည် ယောရံမင်းတစ်ဘက်အတွင်း မီးထလေ၏။ ထိုကာလ၊ ယောရံမင်းနှင့်ဣသရေလရဲမက်အပေါင်းတို့သည် ရှုရိဘုရင်ဟာဇေလမင်းတစ်ဘက်ဂိလဒ်နယ်၊ ရာမုတ်မြို့ကိုကွယ်ကာကြရာ 15 ပစ်ခတ်ခံရသောအနာကိုကုသရန် ယေဇရေလမြို့သို့ယောရံမင်းဆုတ်ပြန်နှင့်သတည်း။ သို့ဖြစ်၍ ယေဟုက၊ ငါ့ကိုကြိုက်ညီလျှင် ယေဇရေလမြို့သို့ မည်သူမျှသတင်းပေးမသွားစေနှင့်ဟု မိန့်ဆိုပြီးမှ 16 ယောရံမင်းစံနေရာ ယေဇရေလမြို့သို့ ယုဒဘုရင်အာခဇိမင်းအကြည့်အရှုလာရောက်နေထိုင် စဉ်၊ ယေဘုသည် ရထားစီး၍ချီသွားလေ၏။ 17 ယေဇရေလမြို့မြော်စင်ထက် စောင့်ကြည့်ရသူသည် ယေဟုနှင့်အလုံးအရင်းလာသည်ကို မြင်သဖြင့်၊ အလုံးအရင်းကိုမြင်ပါသည်ဟုဟစ်လျှင် ယောရံမင်းက သတင်းကောင်းသလောဟု မေးရန် မြင်းသည်တစ်ယောက်ကို စေလွှတ်လော့ဟူသော အမိန့်တော်အတိုင်း 18 မြင်းသည်တော်သွားရောက်လျက် သတင်းကောင်းသလောဟူသောအမိန့်တော်ကို ပြန်ကြား သည့်ကာလ ယေဟုက သင်သည်သတင်းကောင်းနှင့်မည်သို့ဆိုင်သနည်း။ ငါ့နောက်သို့လိုက်လော့ဟုမိန့်ဆို၏။ စောင့်ကြည့်သူကလည်း မြင်းသည်တော်ရောက်၍ မပြန်မလာကြောင်းပြောပြီးနောက် 19 သတင်းကောင်းသလောဟူသောအမိန့်တော်ကို ပြန်ကြားရန်ထပ်မံလွှတ်သောမြင်းသည်တော် တစ်ဦးရောက်သည့်ကာလ၊ ယေဟုက၊ သင်သည်သတင်းကောင်းနှင့်မည်သို့ဆိုင်သနည်း။ ငါ့နောက်သို့ လိုက်လော့ဟုမိန့်ဆို၏။ 20 ထိုသူလည်း ရောက်၍မပြန်မလာပါ။ မောင်းနှင်လာခြင်းကား၊ အရူးကဲ့သို့မောင်းနှင်လေ့ရှိသော နိမ်ရှိသားယေဟုမောင်းနှင်ခြင်းနှင့်တူပါသည်ဟု စောင့်ကြည့်သူပြန်ကြားလျှင် 21 ယောရံမင်းက၊ ရထားတော်ကလော့ဟုမိန့်ဆိုသည့်အတိုင်း ကပြီးမှ ဣသရေလဘုရင်ယောရံ မင်းနှင့်ယုဒဘုရင်အာခဇိမင်းတို့သည် ကိုယ်စီရထားတော်စီးလျက် ယေဟုကိုတွေ့ဆုံရန် ထွက်ကြရာ ယေဇရေလမြို့သား နာဗုတ်၏မြေကွက်တွင် တွေ့ကြလေ၏။ 22 ယေဟုကိုမြင်သောအခါ အိုယေဟု၊ သတင်းကောင်းသလောဟု ယောရံမင်းမေးလျှင် ယေဟုက၊ သင့်မယ်တော်ယေဇဗေလ၏မှားယွင်းမှု၊ ပြုစားမှုမြောက်ြမားသမျှအတွင်း၊ မည်သို့ကောင်းလိမ့်မည်နည်းဟုပြန်ဆိုသော်၊ 23 ယောရံမင်းက၊ အိုအာခဇိမင်း၊ တော်လှန်လေပြီဟုဆိုလျက် လှည့်မောင်း၍ပြေးလေ၏။ 24 ယေဟုစွဲကိုင်ပစ်ခတ်သောမြှားသည် ယောရံမင်း၏လက်ပြင်ကြားမှ နှလုံးထိခွင်းဖောက်သဖြင့် ရထားတော်ပေါ်တွင် ယောရံမင်းကျဆုံးသော် 25-26 ကိုယ့်စစ်ကဲဗိဒိကအား ယေဟုက၊ ယေဇရေလမြို့သားနာဗုတ်ပိုင်မြေကွက်တွင် အလောင်းကိုပစ်ချလော့။ သူ့ခမည်းတော်အာဟပ်မင်းနောက်ငါတို့နှစ်ဦး စီးနင်းလိုက်ပါစဉ်အခါ ထိုမင်းကိုရည်၍ နာဗုတ်နှင့်သားတို့၏အသွေးကို ယမန်တွင်ပင် ငါမြင်ပြီဟူ၍လည်းေကာင်း၊ ဤမြေကွက်၌ပင် သင့်ကိုငါတုံ့ဆပ်မည်ဟူ၍လည်းေကာင်း၊ ထာဝရဘုရားမိန့်တော်မူခဲ့သောအချက်ကို အောက်မေ့လျက် ထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း ထိုမြေကွက်တွင် ပစ်ချလော့ဟုမိန့်ဆိုလေ၏။ 27 ယုဒဘုရင်အာခဇိမင်းသည် ထိုအရေးကိုမြင်လျှင် ဗေသာဂနံလမ်းဖြင့်ပြေးရာ ယေဟုလိုက်လံ လျက် ထိုမင်းကိုလည်း ရထားပေါ်တွင် လုပ်ကြံလောဟုဆိုသည့်အတိုင်း ဣဗလံမြို့အနီး၊ ဂုရကုန်း လမ်းတွင် လုပ်ကြံကြသောကြောင့် မေဂိဒ္ဒေါမြို့ရောက်ပြေး၍ ကွယ်လွန်လေ၏။ 28 အလောင်းတော်ကို ယေရုရှလင်မြို့သို့ ကျေးကျွန်တို့တင်ဆောင်ပြီးလျှင် ဘေးတော်ဘိုးတော် တို့နှင့်အတူ ဒါဝိဒ်မြို့တော်ရှိကိုယ့်သင်္ချၖိုင်းတော်၌ စျာပနပြုကြလေ၏။
29 ထိုအာခဇိမင်းသည် အာဟပ်မင်းသားတော်ယောရံမင်း နန်းစံဆယ့်တနှစ်တွင် ယုဒနိုင်ငံ၌ နန်းတက်ခဲ့ပြီ။
30 ယေဇရေလမြို့သို့ယေဟုရောက်ကြောင်း ယေဇဗေလကြားလျှင် မျက်ခမ်း၌ဆေးသားခြင်း၊ ဦးခေါင်း၌ဆင်ယင်ခြင်းများကိုပြုလျက် လေသာပြူတင်းမှစီးကြည့်နေရာ 31 မြို့တံခါးဖြင့် ယေဟုဝင်လာသောအခါ၊ ယေဇဗေလက၊ ကိုယ့်သခင်ကိုသတ်သော အိုဇိမရိ၊ အကြံကောင်း၏လောဟုမေးသော်၊ 32 ယေဟုသည် မော်ကြည့်၍ ငါ့ဘက်ပါမည်နည်း။ မည်သူနည်းဟုမေးလျှင် လေသာပြူတင်းမှ မိန်းမစိုးတစ်ယောက်သုံးယောက်တို့စီးကြည့်သည့်ကာလ 33 သူ့ကိုတွန်းချလော့ဟုမိန့်ဆိုသည့်အတိုင်း တွန်းချလိုက်ကြသဖြင့်၊ နန်းမြို့ရိုးနှင့်မြင်းများအပေါ် တွင်သွေးစက်စဉ်၏။ မြင်းများလည်း အလောင်းကိုနင်းသွားလေ၏။ 34 ယေဟုသည်ဝင်၍သုံးဆောင်ပြီးနောက် အမင်္ဂလာခံရသောထိုမိန်းမအလောင်းကို မင်းသမီးဖြစ် သည့်အတွက် ရှုကြည့်သင်္ဂြိုဟ်ကြလော့ဟု မိန့်ဆိုချက်အရ 35 သွားရောက်ကြရာ ဦးခွံ၊ ခြေချောင်း၊ လက်ချောင်းမျှသာ တွေ့ကြသည်ဖြစ်၍ 36 ပြန်လာကြားလျှောက်ကြသော်၊ ယေဟုက ဤအမှုကား အခြားမဟုတ်။ 37 ယေဇဗေလသည်၊ ယေဇရေလမြေကွက်တွင် ခွေးစာဖြစ်လျက် ယေဇ​ဗေလတည်းဟုဆိုခွင့်မရှိစေရန်၊ သူ့အလောင်းသည် ယေဇရေလမြေကွက်ပေါ်တွင် မြေစာဖြစ်လိမ့်မည်ဟူ၍ တိရှဘိမြို့သားကျွန်တော်ရင်း ဧလိယအားဖြင့်၊ ထာဝရဘုရားထားတော်မူခဲ့သော ဗျာဒိတ်တော် တည်းဟုမိန့်ဆိုလေ၏။