7
ဧလိရှဲက၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကို နာခံကြလော့။ နက်ဖြန်ယခုအချိန်၊ ဂျုံမုန့်ညက် တစ်စိတ်ကိုငွေတစ်ကျပ်၊ မုယောဆန်တစ်ခြွကိုငွေတစ်ကျပ်နှင့် ရှမာရိမြို့တံခါးဝတွင် ဝယ်ရလိမ့်မည်ဟူ၍ ထာဝရဘုရားမိန့်တော်မူကြောင်းဆင့်ဆိုလေ၏။ လက်ကိုဘုရင်မင်းတံကဲပြုလေ့ရှိသော စစ်ကဲက၊ ထာဝရဘုရားသည် မိုးကောင်းကင်ပြွန်ဝကို ဖွင့်တော်မူမှသာ ဤအမှုဖြစ်လိမ့်တကားဟု ဘုရားသခင့်လူယုံတော်အား ပြက်ရယ်ဆိုသော် သင်သည် မျက်စိနှင့်မြင်ရသော်လည်း စားရမည်မဟုတ်ဟု ပြန်ဆို၏။
ထိုကာလ၊ မြို့တံခါးဝတွင်ထိုင်နေသောလူနူလေးယောက်တို့က ငါတို့သည် ဤအရပ်၌ မသေမချင်း၊ အဘယ်ကြောင့် ထိုင်နေရမည်နည်း။ ဤအရပ်၌ထိုင်နေလျှင် သေတော့မည်။ မြို့တွင်းဝန်ပြန်က မွတ်သိပ်သည့်အတွက် သေရမည်။ ထိုကြောင့် ရှုရိတပ်တွင်းသို့ဝင်ကြကုန်အံ့။ ထားလျှင် ရှင်ရမည်။ သတ်လျှင်သေရမည်ဟု အချင်းချင်း တိုင်ပင်ပြီးလျှင် ဆည်းဆာအချိန်တွင်ထသွား၍ ရှုရိတပ်ဦးသို့ရောက်သော်အခါ တစ်စုံတစ်ယောက်ကိုမျှ မတွေ့ချေ။ အကြောင်းကား၊ ရထားတပ်၊ မြင်းတပ်၊ ကြီးစွာသောအလုံးအရင်း၏တခဲနက်သံကို ထာဝရ ဘုရားကြားစေတော်မူ၍ ရှုရိတပ်သားတို့က၊ ဣသရေလဘုရင်သည် ငါတို့ကိုတိုက်စေရန် ဟိတ္တိဘုရင်၊ အိဂျစ်ဘုရင်များထံ စစ်ကူတောင်းလေပြီဟု အချင်းချင်းပြောဆိုလျက် ဆည်းဆာအချိန်တွင်ပင်ထ၍ တဲရှင်၊ မြင်း၊ မြည်းမျးကို မသိမ်းမယူနိုင်ဘဲ၊ တစ်တပ်လုံးလက်လွတ်ထွက်ပြေးနှင့်ကြသတည်း။ လူနူတို့သည် တပ်ဦးသို့ရောက်သောအခါ တဲတစ်ဆောင်သို့ဝင်ရောက်စားသောက်၍ ရွှေ၊ ငွေ၊ အထည်အလိပ်များကို သယ်ယူဝှက်ထားပြီးမှ တစ်ဆောင်သို့ကူးဝင်လျက် သယ်ယူဝှက်ထားကြပြီးသော်၊ ငါတို့ပြုသောအမှုကား၊ မကောင်းလေစွ။ ယနေ့သည်မင်္ဂလာနေ့ဖြစ်လျက်၊ ဆိတ်ဆိတ်နေကြပြီ တကား။ မိုးသောက်တိုင်အောင် ဖင့်နွှဲလျှင် ငါတို့အပေါ်၌ပြစ်ဒဏ်သင့်မည်။ နန်းတော်သားတို့အား ကြားပြောရန်အသော့သွားကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်လျက် 10 ရှုရိပ်တပ်သို့ ကျွန်တော်တို့သွားရောက်ရာချည်လျက်၊ စိုက်လျက်ရှိသောမြင်း၊ မြည်း၊ တဲရှင်များ မှတစ်ပါး၊ လူတစ်စုံတစ်ယောက်ကိုမျှမတွေ့။ အသံကိုလည်း မကြားပါဟု မြို့တံခါးစောင့်တို့ထံသွားရောက် ဟစ်ဆိုဖော်ပြသော်၊ 11 တံခါးတော်စောင့်တို့ ကြွေးကြော်၍ အတွင်းတော်ရောက်လျှောက်ကြားစေ၏။ 12 ဘုရင်မင်းလည်း ညဉ့်အတွင်းတွင်ထပြီးလျှင်၊ ရှုရိလူမျိုးတို့၏ပရိယာယ်ကိုဖော်ပြမည်။ ငါတို့မွတ်သိပ်မှန်းကိုသိသဖြင့်၊ မြို့တွင်းမှထွက်လျှင် လက်ရဖမ်း၍ မြို့ကိုဝင်စီးရန်အကြံနှင့် ဆုတ်ခွာလျက် တပ်ပုန်းချလေပြီဟု ကျေးကျွန်သင်းပင်းတို့အား မိန့်ဆိုသည့်ကာလ၊ 13 ကျွန်တစ်ယောက်က၊ မြို့တော်တွင်ကျန်သူဣသရေလအလုံးအရင်းနှင့်ထပ်တူ၊ ပိန်ကြုံ၍ကြွင်း သေးသောမြင်းငါးစီးနှင့် သွားရောက်ရှုကြည့်ခွင့်ပေးတော်မူပါဟု တင်လျှောက်လျှင် 14 သွားရောက်ရှုကြည့်လော့ဟု ဘုရင်မင်းခွင့်ပြုသည့်အတိုင်း မြင်းကပြီး၊ ရထားနှစ်စီးဖြင့် မောင်းနှင်လေ၏။ 15 ယော်ဒန်မြစ်တိုင်အောင် လိုက်လံရာ အလန့်တကြားပြေးသောရှုရိတပ်သားတို့ပစ်ချသော အထည်အလိပ်နှင့် လက်နက်များကို လမ်းတစ်လျှောက်လုံးတွေ့ရကြောင်း၊ စေသူတို့ပြန်လည် တင်လျှောက်ကြလျှင် 16 မြို့သူမြို့သားတို့ထွက်ခွင့်ရ၍ ရှုရိတပ်စားခန်း၌ရှိသမျှကို သယ်ယူကြသဖြင့် ထာဝရဘုရား ဗျာဒိတ်တော်အရ ဂျုံမုန့်ညက်တစ်စိတ်ကိုငွေတစ်ကျပ်၊ မုယောဆန်တစ်ခြွကိုငွေတစ်ကျပ်နှင့် ဝယ်ရကြကုန်၏။ 17 လက်ကိုဘုရင်မင်းထံကဲပြုလေ့ရှိသော စစ်ကဲလည်း တံခါးဗိုလ်ရာထူးနှင့်စောင့်ရသည်ဖြစ်၍ ဘုရင်မင်းလာရောက်စဉ် ဘုရားသခင့်လူယုံတော်ဆင့်ဆိုခဲ့သည့်အတိုင်း မြို့သူမြို့သားတို့ နင်းမိကြသဖြင့် သေရလေ၏။ 18 ထိုသို့နက်ဖြန်ယခုအချိန်၊ ဂျုံမုန့်ညက်တစ်စိတ်ကို ငွေတစ်ကျပ်၊ မုယောဆန်တစ်ခွဲကိုငွေတစ်ကျပ်နှင့် ရှမာရိမြို့တံခါးဝတွင် ဝယ်ရလိမ့်မည်ဟု ဘုရင်မင်းအား ဘုရားသခင့်လူယုံတော်ဆင့်ဆိုသည့်ကာလ၊ 19 ထာဝရဘုရားသည် မိုးကောင်းကင်ပြွန်ဝကို ဖွင့်တော်မူမှသာ ဤသို့ဖြစ်လိမ့်တကားဟု ဘုရားသခင့်လူယုံတော်အား ပြက်ရယ်သည့်အတွက် သင်သည်မျက်စိနှင့်မြင်ရသော်လည်း စားရမည် မဟုတ်ဟုပြန်ဆိုသည့်အလျောက် 20 တံခါးစောင့်လျက်နေသော ထိုစစ်ကဲသည် မြို့သူမြို့သားတို့ နင်းမိကြသဖြင့် သေရသတည်း။