21
မနာရှေမင်းသည် အိမ်နိမ့်ဆယ့်နှစ်နှစ်ရှိသော်၊ နန်းတက်၍ ယေရုရှလင်မြို့၌ငါးဆယ့်ငါးနှစ်စိုးစံလေ၏။ မယ်တော့်အမည်ကား ဟဇ္ဇိဘတည်း။ ထိုမင်းသည် ဣသရေလအမျိုးသားတို့ရှေ့ ထာဝရဘုရား နှင်ထုတ်တော်မူခဲ့သောလူမျိုးခြားတို့ ရွံရှာဖွယ်ဓလေ့အလိုက် မျက်မှောက်တော်တွင် ဆိုးသွမ်းမှုကို ပြုကျင့်လျက် ခမည်းတော်ဟေဇကိမင်းပယ်ဖျက်ခဲ့သောမြင့်ရာဌာနများကို တည်ပြန်ခြင်း၊ ဗာလနတ်အဖို့ ယဇ်ပလ္လင်များကို တည်လုပ်ခြင်း၊ ဣသရေလဘုရင်အာဟပ်မင်းအလိုက် တံခွန်တိုင်စိုက်ထူခြင်းများကိုပြုလျက် ကမ္ဘာ့တန်ဆာရှိသမျှအား ရှိခိုးဝတ်ပြုလေ၏။ ယေရုရှလင်မြို့၌ငါ့နာမတည်မည်ဟု ထာဝရဘုရားမိန့်မြွက်တော်မူရာ ဗိမာန်တော်အတွင်း ပူဇော်ရန်ပလ္လင်များကို တည်လုပ်သည့်ပြင် တံတိုင်းတော်နှစ်ထပ်တွင်လည်း ကမ္ဘာ့တန်ဆာရှိသမျှအား ပူဇော်ရန်ပလ္လင်များကိုတည်လုပ်လေ၏။ သားတော်ကိုမီးဖြင့်ဆက်ကပ်၍ ဗေဒင်အတတ်နှင့်ဇော်ဂနီအတတ်ကိုလေ့လာလျက် ကဝေနှင့် မှော်ဝင်တို့ကိုချီးမြှင့်လျက် ထာဝရဘုရားမျက်မှောက်တော်တွင် အမျက်တော်တိုက်ဆိုးသွမ်းမှုကို များစွာပြုလေ၏။ ဗိမာန်တော်တွင်လည်း အရှဲရာနတ်ရုပ်ကို ထုလုပ်တင်ထားလေ၏။ ထိုဗိမာန်ကိုရည်၍ ဒါဝိဒ်မင်းနှင့်သားတော်ရှောလမုန်မင်းတို့အား ထာဝရဘုရားမိန့်တော်မူခဲ့သည်မှာ ဣသရေလအနွယ်အပေါင်း တို့နေရာမြို့ရွာများအနက် ငါရွေးချယ်သောယေရုရှလင်မြို့ရှိ ဤဗိမာန်တော်၌ ငါ့နာမအစဉ်တည်၍ ငါမှာထားသည့်အတိုင်း ကျွန်တော်ရင်းမောရှေမိန့်မှာသော ပညတ်တရားအရ ဣသရေလလူမျိုး စောင့်ရှောက်ကျင့်ကြံလျှင် ဘိုးဘေးတို့အား ငါပေးခဲ့သောပြည်မှ သူတို့ခြေကို လေလွင့်စေမည်မဟုတ်ဟု မိန့်တော်မူလျက်ပင် မလိုက်နာဘဲ ဣသရေလအမျိုးသားတို့ရှေ့ ထာဝရဘုရားပယ်ရှားတော်မူခဲ့သော လူမျိုးခြားတို့ဆိုးသွမ်းမှုထက် မနာရှေသည်သာ၍လမ်းလွဲစေ၏။
10 သို့ဖြစ်၍ ကျွန်တော်ရင်းပရောဖက်တို့အားဖြင့် ထာဝရဘုရားက ယုဒဘုရင်မနာရှေသည် 11 တိုင်းရင်းသားအာမောရိလူမျိုးတို့ဆိုးသွမ်းမှုထက် ရွံရှာဖွယ်ပြုလျက် ကိုယ့်ရုပ်တုများဖြင့် ယုဒအမျိုးကိုပြစ်မှားစေသောကြောင့် 12 ဣသရေလလူမျိုး၏ဘုရားသခင်၊ ငါထာဝရဘုရားမိန့်တော်မူသည်ကား ကြားသူတိုင်း နားနှစ်ဖက်အူလောက်ဖွယ်ဘေးကို ယေရုရှလင်မြို့နှင့် ယုဒတစ်ပြည်လုံးငါသင့်စေ၍ 13 ရှမာရိမြို့ဆိုင်ရာတာကြိုး၊ အာဟပ်မင်းမျိုးဆိုင်ရာချိန်သီးဖြင့် ယေရုရှလင်မြို့ကို သတ်မှတ်ပြီးလျှင် ပုကန်သုတ်၍ မှောက်ထားတတ်သည့်နည်းတူ၊ ယေရုရှလင်မြို့ကို ငါသုတ်သင်မည်။ 14-15 ပိုင်ရာတော်သည် အိဂျစ်ပြည်မှဘိုးဘေးတို့ထွက်လာသောနေ့မှစ၍ ယနေ့တိုင်အောင် မျက်မှောက်တော်တွင် ဆိုးသွမ်းမှုကို အမျက်တော်တိုက်ပြုလေ့ရှိသောကြောင့် အကျန်အကြွင်းကိုပင်စွန့်၍ လုယက်သုံ့ဘမ်းအ့့ံသောရန်သူတို့လက်တွင်းသို့ အပ်နှင်းလိမ့်မည်ဟု မိန့်တော်မူ၏။
16 မနာရှေမင်းသည် ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်၍ ယုဒအမျိုးသား ပြစ်မှားစေသည့်ပြင် အပြစ်ကင်းသူအမြောက်အမြားတို့အသွေးကို ယေရုရှလင်မြို့အပြည်အလျှံသွန်းလေ၏။ 17 မနာရှေမင်းပြုမူစီရင်သမျှ အကြွင်းအကျန်နှင့် ပြစ်မှုများပါ ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ 18 မနာရှေမင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျက် နန်းတွင်းရှိသြဇခေါ် ဥယျာဉ်တော်တွင် စျာပနပြုခြင်းကိုခံရလျှင် သားတော်အာမုန်သည် အရိုက်အရာ၌နန်းစံလေ၏။
19 အာမုန်မင်းသည် အိမ်နိမ့်နှစ်ဆယ့်နှစ်ရှိသော်၊ နန်းတက်၍၊ ယေရုရှလင်မြို့၌ နှစ်နှစ်သာစိုးစံရ၏။ မယ်တော့်အမည်ကား ယုမ္ဘာမြို့သား ဟာရုပ်၏သမီး၊ မေရှုလမက်တည်း။ 20 ထိုမင်းသည် ခမည်းတော်မနာရှေမင်းအလိုက် ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်လျက် 21 ခမည်းတော်နည်းလမ်းအတိုင်းလိုက်ေလျှာက်သဖြင့် ဝတ်ပြုခဲ့သောရုပ်တုများကို ဝတ်ပြုရှိခိုးလျက် 22 ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကိုစွန့်၍ နည်းလမ်းတော်အတိုင်း မလိုက်မေလျှာက်ချေ။ 23 ကျေးကျွန်တို့သည် အတွင်းမီးထလျက်၊ နန်းတော်တွင်အာမုန်မင်းကို လုပ်ကြံကြရာ 24 ပြည်သူပြည်သားတို့သည် အတွင်းမီးထသူတို့ကို ကွပ်မျက်ပြီးလျှင် သားတော်ယောရှိကို အရိုက်အရာ၌မင်းမြှောက်ကြ၏။ 25 အာမုန်မင်းပြုမူစီရင်သောအကြွင်းအကျန်သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ 26 သြဇခေါ်ဥယျာဉ်ရှိသင်္ချၖိုင်းတော်တွင် စျာပနပြုခြင်းကိုခံရလျှင် သားတော်ယောရှိသည် အရိုက်အရာ၌နန်းစံလေ၏။